Politics
ဂျပန်တွင်ကျင်းပခဲ့သော နွေဦးရုပ်ရှင်ပွဲတော်ကတစ်ဆင့် ရန်ပုံငွေ ကျပ်သိန်း၂,၀၀၀ကျော် ရရှိခဲ့
လွန်ခဲ့သော တစ်နှစ် က
ဇွန် ၁၇။
ဂျပန်နိုင်ငံတွင် ယခုနှစ်မေလ၆ရက်နေ့မှ ၂၈ရက်နေ့အတွင်း တိုကျို၊ ယိုကိုဟားမားနှင့် အိုဆာကာ အစရှိသည့် မြို့ကြီး ၇ မြို့တွင် ကျင်းပခဲ့သော နွေဦးရုပ်ရှင်ပွဲတော်ကတစ်ဆင့် ရန်ပုံငွေ ကျပ်သိန်း၂,၀၀၀ကျော် ရရှိခဲ့သည်ဟု ပွဲကျင်းပရေးအဖွဲ့ထံကတဆင့် သိရသည်။
အဆိုပါ နွေဦးရုပ်ရှင်ပွဲတော်တွင် တော်လှန်ရေးရုပ်ရှင်ကား ၇ ကားပါဝင်ပြီး မတူညီသော ရုပ်ရှင်ဖန်တီးသူ ၇ ဖွဲ့က လွတ်မြောက်နယ်မြေများတွင် ရိုက်ကူးဖန်တီးထားခြင်းဖြစ်သည်။ နွေဦးရုပ်ရှင်ပွဲတော်ကို ဂျပန်နိုင်ငံ နေရာ အနှံ့အပြားတွင် ပြသခဲ့ပြီး ရုပ်ရှင်ပွဲအပြင်၊ အမှတ်တရပစ္စည်းရောင်းချခြင်းလည်း ရှိခဲ့သည်။
ရရှိလာသော အမြတ် ကျပ်သိန်း ၂,၀၀၀ကျော်အား ရုပ်ရှင်ဖန်တီးသူ ၇ ဖွဲ့ထံသို့ ခွဲဝေပေးသွားမည်ဖြစ်ပြီး၊ အဆိုပါ ဖန်တီးသူများကတဆင့် စစ်အာဏာရှင်ဆန့်ကျင်ရေးအတွက် မြေပြင်တွင် လိုအပ်နေသော အဖွဲ့အစည်းများ၊ နေရာများသို့ ရောက်ရှိသွားမည်ဟုလည်းသိရသည်။
ဂျပန်နိုင်ငံတွင် ဒါရိုက်တာကိုပေါက်၏ မသောက်မိသောမိုးခါးရေကဲ့သို့သော ရုပ်ရှင်ပြပွဲများရှိခဲ့သော်လည်း နွေဦးရုပ်ရှင်ပွဲတော်အဖြစ် မတူညီသော ဇာတ်ကားများကို တစ်စုတစ်စည်းတည်းပြသခြင်းမှာ ယခုအကြိမ် ပထမဆုံးဟု ဆိုနိုင်သည်။
Photo/ Teru Kashiwagi