Opinion
ပါတီမှတ်ပုံတင်ဥပဒေနဲ့ ကျောချဓားပြမှန်း မသိသူများ
လွန်ခဲ့သော ၂ နှစ် က
ပုံမှန်အားဖြင့်တော့ အာဏာသုံးရပ်ကို ပိုင်းခြားကျင့်သုံးတဲ့ ဒီမိုကရေစီစနစ်မှာ လွှတ်တော်တွေက ထုတ်ပြန်တဲ့ ဥပဒေတွေကို ပြည်သူတွေ၊ ပညာရှင်တွေနဲ့ သတင်းစာဆရာတွေက အကျိုးအကြောင်း ရှု့ထောင့်စုံကနေ ဖော်ပြလေ့ရှိပါတယ်။
အခုတော့ အာဏာ ၃ ရပ် ချုပ်ကိုင်ထားတဲ့ စစ်အုပ်စုခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က သူ့အမိန့်နဲ့ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ (၂၀၂၃) ကို အတည်ပြုလာပါတယ်။
ရွေးကောက်ပွဲကို သပိတ်မှောက်ကြမယ့် ပြည်သူများအတွက် အဲဒီဥပဒေဟာ ဘယ်လိုအနက် အဓိပ္ပါယ် ရှိပါသလဲ။ ဒီဥပဒေရဲ့သက်ရောက်မှုကရော ဘယ်သို့ဦးတည်ပါသလဲ။ ဒါကပဲ အခုဆောင်းပါး ရေးရခြင်း အကြောင်းရင်း ဖြစ်ပါတယ်။
နောက်တစ်ချက်ကတော့ ဒီဥပဒေဟာ လက်ရှိကာလ နိုင်ငံရေးပါတီတွေ အားလုံးနဲ့ သက်ဆိုင်ပါတယ်။ နိုင်ငံမှာ ပြည်သူ့ထောက်ခံမှု အများအပြားရထားတဲ့ NLD ပါတီအတွက်သာမဟုတ်ဘဲ ပါတီအားလုံးနဲ့လည်း သက်ဆိုင်တယ်လို့ ဆိုလိုချင်တာပါ။
စစ်အုပ်စုကတော့ သူတို့အလိုကျ အချက်တွေကို တိတိပပ ရှင်းရှင်းလင်းလင်းပင်ဖော်ပြထားပြီး သူတို့ရဲ့ ဒီမိုကရေစီအပေါ် ရှုမြင်ချဉ်းကပ်ပုံ၊ တိုင်းရင်းသားပါတီတွေအပေါ် သဘောထားနဲ့ သူတို့ပြောနေတဲ့ ရွှေရည်စိမ် ပါတီစုံဒီမိုကရေစီ စနစ်ကိုလည်း ဒီဥပဒေကနေ တို့ထိကြည့်နိုင်ပါတယ်။
ပါတီဝင်အင်အား
တစ်နိုင်ငံလုံးစည်းရုံးမယ့်ပါတီတွေဟာ သုံးလအတွင်း အနည်းဆုံးပါတီဝင်အင်အား တစ်သိန်းရှိရပါမယ်။ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်မှာပဲ စည်းရုံးမယ့်ပါတီဆိုရင်တော့ အနည်းဆုံးပါတီဝင်အား တစ်ထောင် ရှိရမယ်လို့ ပုဒ်မ ၅(စ) မှာ ဆိုပါတယ်။
စစ်ကောင်စီ လက်ဝေခံ ရွေးကော်ရဲ့သတင်းစာရှင်းလင်းပွဲမှာ ပြောကြားချက်အရဆို တည်ဆဲပါတီ ၉၂ ပါတီရှိတဲ့ အနက် ပါတီဝင်အင်အားတစ်သိန်းနဲ့အထက် စည်းရုံးနိုင်တဲ့ပါတီက ၄ ပါတီပဲရှိတာပါ။ ဒီအထဲမှာမှ NLD နဲ့ ကြံ့ခိုင်ရေးကို ဖယ်လိုက်ရင် ကျန်တာက နှစ်ပါတီဖြစ်ပါတယ်။
အခု NLD ပါတီလည်း မသေချာသေးတာမို့ ပါတီဝင်အင်အား တစ်သိန်းနဲ့အထက်က ၃ ပါတီပဲ ရှိပါတော့တယ်။ ဒီ ၃ ပါတီကပဲ အစိုးရဖြစ်ဖို့ ပြိုင်ရမယ်လို့ဆိုလိုရာရောက်ပါတယ်။
ကျန်တဲ့ ပြည်မမှာရှိတဲ့ ဘာပါတီ၊ ညာပါတီနဲ့ အာဏာသိမ်းဖို့ ဗိုလ်ချုပ်မှူးကြီးကို သွားတွေ့ကြတဲ့ ၃၄ ပါတီ ထဲက အများစုကတော့ ဖျက်သိမ်းရတော့မှာပါ။ ဒီတော့ ဗိုလ်ချုပ်မှူးကြီးဆီ အာဏာသိမ်းဖို့ သွားပြောကာမှ ပါတီ အဖျက်ခံရမယ့်အဖြစ်ကို ရောက်သွားပြီး နိုင်ငံရေးမှာ နောက်ကျော ဓါးနဲ့ အထိုးခံလိုက်ရသလိုပါပဲ။
ဒီလိုမဟုတ်လည်း အဲဒီပါတီတွေဟာ တိုင်း/ပြည်နယ်အလိုက် စည်းရုံးမယ့်ပါတီတွေအဖြစ် ပြောင်းလဲ မှတ်ပုံတင် ရတော့မှာဖြစ်ပါတယ်။
ပါတီရုံးခွဲဖွင့်လှစ်ခြင်း
ပုဒ်မ ၅(ဆ) မှာ ပါတီရန်ပုံငွေကိစ္စ ဖော်ပြထားပေမယ့် ဒီရန်ပုံငွေဟာ ပါတီအတွက် သိပ်မထူးခြားတဲ့ ကိစ္စဖြစ်လို့ မတင်ပြဘဲ ပါတီရုံးခွဲကိစ္စကို ဆက်ကြည့်ရအောင်ပါ။
တစ်နိုင်ငံလုံးစည်းရုံးမယ့်ပါတီတွေဟာ ခြောက်လအတွင်း တစ်နိုင်ငံလုံးက မြို့နယ်ထက်ဝက်မှာ ပါတီ ရုံးခွဲတွေ ဖွင့်နိုင်ရမယ်ဆိုပါတယ်။ ဒီတော့ အချက်အလက်နဲ့ကြည့်ရင် နိုင်ငံမှာ မြို့နယ်ပေါင်း ၃၃၀ လောက် ရှိတယ်။
ထက်ဝက်ဆိုတော့ မြို့နယ် ၁၆၅ မြို့နယ်လောက်မှာ ရုံးခွဲတွေဖွင့်ရတော့မှာပါ။ ဒီအတွက် မြေနေရာ၊ အဆောက်အဦး ဒါတွေလိုလာပါတယ်။ ကြံ့ခိုင်ရေးပါတီကလွဲရင်(NLD မပါ)ကျန်တဲ့ ပါတီကြီး ၂ ခုကရော ဒီလို တတ်နိုင်ပါ့မလားဆိုတာ စဉ်းစားစရာဖြစ်လာပါတယ်။
စစ်အုပ်စုလက်ဝေခံ ရွေးကော်ရဲ့ စိစစ်တွေ့ရှိချက်အရဆိုရင်တော့ ပါတီရုံးခွဲ ၁၀၀ ကျော် ဖွင့်နိုင်တဲ့ပါတီက ၄ ပါတီအထိ ရှိတယ်လို့ ဆိုပါတယ်။ ဒီတော့ မတတ်နိုင်ရင် မပြိုင်နဲ့၊ တတ်နိုင်လို့ ပြိုင်တဲ့ပါတီတွေကပဲ အမတ်လောင်းတွေ ရွေးမယ်လို့ မပြောရုံတမယ်ပါပဲ။
တိုင်း/ပြည်နယ်အလိုက် စည်းရုံးမယ့်ပါတီတွေကတော့ အနည်းဆုံးပါတီရုံးခွဲ ၅ ခုရှိရပါမယ်။ ဒါလည်းပဲ ပါတီငယ်တွေအတွက် တကယ်ကို ခက်ခဲမယ့်ကိစ္စဖြစ်လာပြီး အခုတောင် ငြီးငြူသံတွေ စထွက်လာနေပါပြီ။
တခြား ကန့်သတ်ချက်တွေ
ဒါကတော့ ခေတ်အဆက်ဆက် စစ်အစိုးရတွေက ပြည်သူထောက်ခံတဲ့ NLD ကို ဥပဒေပြင်ပက နှိပ်ကွပ်ရုံ တင်မက ဥပဒေဘောင်ထဲကလည်း နှိပ်ကွပ်ခဲ့သလို အခုလည်း ထပ်နှိပ်ကွပ်တဲ့သဘောပါပဲ။ အာဏာသိမ်းလို့ လက်နက်ကိုင်သူတွေကို ပါတီမှတ်ပုံတင်ဥပဒေမှာ ပုဒ်မ ၇ နဲ့ ပါတီနိုင်ငံရေး မလုပ်နိုင်အောင် ကန့်သတ် ထားပါတယ်။
ဒီပုဒ်မအရဆိုရင် မတရားအသင်းကြေညာခံထားရတာ၊ အကြမ်းဖက်အဖြစ် သတ်မှတ်ခံထားရသူတွေကို ပါတီ မှတ်ပုံတင်ခွင့်ပြုမှာ မဟုတ်ပါဘူး။ ဒီတော့ NUG၊ အကြမ်းဖက်အဖြစ် သတ်မှတ်ခံထားရတဲ့ NLD ပါတီထဲက လူတွေနဲ့ လက်နက်ကိုင်တော်လှန်ရေးအင်အားစုတွေ ကိုယ်တိုင်က ရွေးကောက်ပွဲ ဝင်မပြိုင်ပေမယ့် စစ်အုပ်စု ကိုယ်တိုင်ကလည်း အခုလိုမျိုး ဥပဒေနဲ့ ကန့်သတ်ထားတာကို တွေ့ရမှာ ဖြစ်ပါတယ်။
ဥပဒေအသစ်၊ ပါတီအသစ်
ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ နအဖ လက်ထက်ကတည်းက ပြဌာန်းထားတဲ့ ပါတီမှတ်ပုံတင်ခြင်းဥပဒေကို စစ်ခေါင်းဆောင်က သူ့အမိန့်နဲ့ ဖျက်ပစ်လိုက်ပါတယ်။ ဒါ့ကြောင့် လက်ရှိ တည်ဆဲပါတီတွေဟာ ပါတီဆက်လက် တည်မြဲလိုရင် သူရေးဆွဲတဲ့ ပါတီမှတ်ပုံတင်ခြင်းဥပဒေနဲ့အညီ ပြန်လည်မှတ်ပုံတင်ရမယ်လို့ ဆိုပါတယ်။
ဒါ့ကြောင့် ရှိရင်းစွဲပါတီ ၉၂ ပါတီစလုံး ပါတီမှတ်ပုံတင်လုပ်ရပါမယ်။ မလုပ်ရင် ပါတီအဖြစ်က အလိုအလျောက် ပျက်ပြယ်မယ်ဆိုပြီး စစ်အုပ်စုက စီမံထားတာပါ။ ပါတီမှတ်ပုံတင်တဲ့အခါမှာလည်း လက်ဝေခံပါတီတွေကတော့ ပြဿနာမရှိပေမယ့် သူတို့နဲ့ အင်အားချိန်ခွင်လျှာညှိမယ့် ပါတီကြီးတွေကိုတော့ လက်ဝေခံ ရွေးကော်က တရကြမ်း စိစစ်ဖို့ ရှိနေပါတယ်။
ဒီလိုစိစစ်ဖို့လည်း အခွင့်အာဏာအပြည့်အဝပေးထားပြီး ဒီလုပ်ငန်းစဉ်တွေရဲ့ နောက်ဆုံးအဆုံးအဖြတ်မှာ ရွေးကော်ရဲ့ဆုံးဖြတ်ချက်သာ အတည်ဆိုပြီး ပုဒ်မ ၂၀ မှာ အတိအလင်းဖော်ပြထားပါတယ်။ မကျေနပ်မှု တစ်စုံတစ်ရာရှိရင်လည်း ဘယ်တရားရုံးတွင်မှ တရားစွဲခွင့်မရှိဆိုပြီး ကိုယ့်ဘက်ကိုယ်ယက်ရုံမကပဲ ခေါင်းကိုပါ ဝှက်တဲ့လိပ်လိုမျိုး အကာအကွယ်လုပ်ထားပါသေးတယ်။
ဖြစ်နိုင်ခြေ (၃) ရပ်
လာမယ့် ပါတီနိုင်ငံရေးအခင်းအကျင်းမှာ ဒီဥပဒေအရဆိုရင် ဖြစ်နိုင်ခြေကတော့ ၃ ရပ်ရှိပါတယ်။
(၁) NLD က ရွေးကောက်ပွဲဝင်နိုင်ခြေမရှိသလောက်ဖြစ်ပြီး ပါတီပြန်ဖွဲ့နိုင်ဖို့ကလည်း ထိုနည်းတူပဲ ဖြစ်ပါတယ်။
(၂) ၉၂ ပါတီအထိဖောင်းပွပြီး ပြည်သူ့အကျိုးမယ်မယ်ရရ မလုပ်နိုင်တဲ့ ပါတီအရေအတွက်ဟာ ထက်ဝက် လောက် ကျဆင်းသွားဖို့ရှိပါတယ်။ ဒါပေမယ့် အဲဒီပါတီတွေကလည်း ပြည်သူ့အကျိုး လုပ်ပါမယ်လို့ ကံသေကံမ ပြောလို့မရပါဘူး။
(၃) ပါတီစုံဒီမိုကရေစီပြောပြီး တစ်ပါတီဟန်ပြဒီမိုကရေစီစနစ်ဆီ ဦးတည်မှာဖြစ်ပါတယ်။ ဘယ်သူမှ မလိုက်နာ နိုင်တဲ့ ဥပဒေကို ကိုယ်ကအသာရအောင် ရေးဆွဲပြီး နိုင်ငံကို အုပ်ချုပ်မယ့် အစီအစဉ် ဖြစ်ပါတယ်။
ဒီတော့ ပြောစရာက တစ်ခုပဲရှိပါတော့တယ်။ အာဏာသိမ်းမှုကို နိုင်ငံရေးလမ်းကြောင်းကနေ ညှိနှိုင်းဖို့၊ ပါတီ နိုင်ငံရေးလမ်းကြောင်းက ငြိမ်းချမ်းရေးတံတားထိုးဖို့ ကြိုးစားနေသူတွေကို စစ်အုပ်စုက ဒီဥပဒေ ထုတ်ပြပြီး ထီမထင်ပြုလိုက်တာပဲဖြစ်ပါတယ်။ အကျိုးလိုလို့ ညောင်ရေလောင်းကြတဲ့ ၃၄ ပါတီ ဟာလည်း အခုတော့ နောက်ကျောကိုဓားနဲ့အထိုးခံလိုက်ရပြီး ပျက်သုန်းတော့မယ့် အခြေအနေနဲ့ ရင်ဆိုင်နေရပါပြီ။
ဒါ့ကြောင့် စစ်အုပ်စုရဲ့စစ်မှန်တဲ့ သဘောထားကို ကျောချလို့မှ ဓားပြမှန်းမသိရင် ဘယ်သူ့အပြစ်မှ မဟုတ်ဘဲ ကိုယ်အပြစ်သာ ဖြစ်ပါကြောင်း…။
Top News
လွန်ခဲ့သော ၁၉ ရက် က
လွန်ခဲ့သော ၂၃ ရက် က
လွန်ခဲ့သော ၂၃ ရက် က