Opinion
မင်းအောင်လှိုင်နဲ့ ပြည်သူ အနိုင်အရှုံး စစ်တမ်း
လွန်ခဲ့သော ၂ နှစ် က
မကြာခင်ရောက်ရှိလာတော့မယ့် စစ်ကောင်စီရဲ့ အာဏာသိမ်းမှု ကာလ ၂ နှစ်ပြည့်မြောက်သွားခြင်းဟာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ရှုံးနိမ့်မှုကို ပထမဆုံး တရားဝင် ကြေညာလိုက်ခြင်းလည်းပဲ ဖြစ်ပါတယ်။
အများဆုံး အချိန် ၂ နှစ် ပေးထားတဲ့ အရေးပေါ် ကာလပြ ဌာန်းချက်ကို ရည်ရွယ်ကိုးကားပြီး အဲဒီ ကာလအတွင်းမှာ ရွေးကောက်ပွဲ ကျင်းပပေးမယ် ၊ နိုင်တဲ့ပါတီကို အာဏာလွှဲမယ်ဆိုတဲ့ စကားကို လွယ်လွယ်ပြောပြီး အာဏာကို လုယူခဲ့ပေမယ့် ပြည်သူလူထုက အားရှိသရွေ့ တော်လှန်ခုခံနေခဲ့တဲ့ အကျိုးရလဒ်ကြောင့် ၂ နှစ် ဆိုတဲ့ ကာလကို ရောက်ရှိလာခဲ့ကာ သူပြောထားတဲ့ ပြဌာန်းချက်နဲ့အညီ အောင်မြင်အောင် မဆောင်ရွက်နိုင်ခဲ့တာဟာ ပြည်သူတွေ ရဲ့ ပထမအောင်ပွဲ လို့ဆိုနိုင်ပါတယ်။
စစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာ ပထမအချီမှာပဲ ရည်မှန်းချက် အလဲထိုး ခံလိုက်ရတာပါပဲ။ အခုဆိုရင် လာမယ့် ဖေဖော်ဝါရီ လ ၁ ရက်ကစပြီး အာဏာသိမ်းပွဲ ကို ၁ ကနေ ပြန်ပြီး စရတော့မှာ ဖြစ်ပါတယ်။ သို့သော် အရှုံးနဲ့ စရမယ့် ပွဲလည်းဖြစ်နေပြန်ပါတယ်။
ပြီးခဲ့တဲ့ ၂နှစ်တာ ကာလကို ပြန်ကြည့်မယ်ဆိုရင် အာဏာသိမ်း စစ်ခေါင်းဆောင် အနေနဲ့ သူ့ရဲ့ မူလရည် မှန်းချက်ကို အောင်မြင်အောင် ဆောင်ရွက်နိုင်ခြင်း မရှိခဲ့ရုံမက သူ့ရဲ့ အာဏာရယူမှုကို တနည်းအားဖြင့် ပြောရရင် တိုင်းပြည်ရဲ့တရားဝင် အာဏာပိုင်အစိုးရအဖြစ် လက်ခံအသိအမှတ်ပြုခြင်းကို နိုင်ငံအတွင်းမှာတင်မက နိုင်ငံတကာဆီကပါ မရရှိခဲ့တဲ့အပြင် ဘက်ပေါင်းစုံကနေ ဖိအားပေးခံရပြီး ရုန်းကန် နေခဲ့ရပါတယ်။
သူ့ရဲ့မိတ်ဆွေနိုင်ငံတွေအဖြစ်မျှော်မှန်းထားတဲ့ အိမ်နီးချင်းနိုင်ငံတွေကိုယ်တိုင်ကအစ သူ့အစိုးရအပေါ် ပေါ်ပေါ် ထင်ထင်ပြတ်ပြတ်သားသား အသိအမှတ်ပြု ရပ်တည်ပြတာမျိုးတောင် လုပ်မပြခဲ့တဲ့အတွက် ပြီးခဲ့တဲ့ ၂ နှစ်တာ ကာလဟာ အာဏာသိမ်းစစ်ခေါင်းဆောင်နဲ့ သူ့ရဲ့နောက်လိုက် နောက်ပါများအတွက် အမြတ်မထွက်ခဲ့တဲ့ အပြင်အရင်း ပါရှုံးခဲ့တဲ့ နှစ်တွေလို့ပြောနိုင်ပါတယ်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ အဓိကကျတဲ့အရှုံးတွေကို ကြည့်မယ် ဆိုရင် ကုလသမဂ္ဂမှာ NUG အစိုးရကို ကိုယ်စားပြုပြီး ရပ်တည်နေတဲ့ ဦးကျော်မိုးထွန်း ဖယ်ရှားပြီး သူ့ရဲ့ ကိုယ်စား လှယ်နဲ့ အစားထိုးဖို့ အစဉ်တစိုက် ကြိုးစားခဲ့သော်လည်း အောင်မြင်မှု မရခဲ့တာပဲဖြစ်ပါတယ်။
ဒီကျဆုံးမှုဟာ ကုလသမဂ္ဂကို ကိုယ့်လူတစ်ယောက် ပို့မထားနိုင်ရုံ သာမန်ထိခိုက်ဆုံးရှုံးမှုလေး မဟုတ်ပါဘူး။ ဒီဆုံးရှုံးမှုဟာ နိုင်ငံတကာက အာဏာသိမ်းထားတဲ့ မင်းအောင်လှိုင်ရဲ့ အစိုးရကို အသိအမှတ်မပြုဘူး ဆိုတဲ့အချက်ကို ငြင်းမရနိုင်အောင် ထင်ရှားစေပါတယ် ။ ဒါဟာ စစ်ကောင်စီကို တရားဝင်အစိုးရလို့ မှတ်ယူပြီး ပူးပေါင်းဆောင်ရွက်နေတဲ့ နောက်လိုက် အဆင့်ဆင့်နဲ့ သူ့ဆီမှာ ဆက်လက်အမှုထမ်းနေတဲ့ စစ်တပ်အပါအဝင် ဝန်ထမ်း အသီးသီးရဲ့ ယုံကြည်မှုကို ထိခိုက်စေပါတယ်။ ဒီထက်နက်နဲတဲ့ သဘောတရားတစ်ရပ်ကတော့ အိမ်နီးချင်း တရုတ်နိုင်ငံက မင်းအောင်လှိုင်ရဲ့ နိုင်ငံတကာအရေး ကြိုးပမ်းမှုတွေအပေါ် ခပ်ခွာခွာရပ်တည်နေတဲ့ ရပ်တည်ချက်ကို မြင်ရတာပါပဲ ။
မင်းအောင်လှိုင်ဘက်မှာ ရပ်တည်နေတဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအပါအဝင် အတွေ့အကြုံရှိတဲ့ နိုင်ငံရေး သမားတွေ ၊ ကဏ္ဍအသီးသီးက ခေါင်းဆောင်ပိုင်းတွေ ခံစားမိကြပါတယ်။ ဒီအတွက် ကြိုပြီး ပြင်ဆင်ထားခဲ့တဲ့ အာဆီယံ ထွက်ပေါက်ကလည်း ပွင့်မလာခဲ့ပါဘူး။
ပိုပြီး ဆိုးရွားစေခဲ့တာက မင်းအောင်လှိုင်အနေနဲ့ ကိုယ်နဲ့ စရိုက်တူ ကမ္ဘောဒီးယား အာဏာရှင် ဟွန်ဆန်ကိုတောင် စိတ်ပျက် အောင်လုပ်ခဲ့တာကြောင့် အာဆီယံမှာ သူ့ဘက်ကနေ ပြတ်ပြတ်သားသား ရပ်တည်စောင်မမယ့်သူ မရှိတော့တဲ့ အခြေအနေကို ဆိုက်ခဲ့ရတာပါပဲ။ စစ်ကောင်စီကို မြန်မာနိုင်ငံ အစိုးရအဖြစ် ကမ္ဘာကတင်မက အာရှကပါ အသိအမှတ်ပြုဖို့ ငြင်းဆန်ခံရတဲ့အထိ ဘောင်ကျဉ်း လာခဲ့ပါပြီ။
အရင်နဝတ ခေတ်လိုမျိုး ခုလိုအနေအထားတွေကို ကာလတစ်ခုမှာ ဖြတ်ကျော်နိုင်လိမ့် မယ်လို့ မျှော်မှန်းထားတဲ့ အာဏာသိမ်း စစ်ခေါင်းဆောင်မင်းအောင်လှိုင်နဲ့ အပေါင်းအပါ တစ်သိုက်ဟာ ပွဲကစားချိန် ကုန်ခါနီးလာတဲ့ တိုင်အောင် ရလဒ်ဆိုးတွေနဲ့သာ ဆက်တိုက်ဆိုသလို ကြုံခဲ့ရတာမို့ အတော်လေးပြာယာခတ်ခဲ့ရတာပါ၊
အဲ့ဒီလို အခြေအနေမှာပဲ အဓိက ပြိုင်ဘက်တွေဖြစ်တဲ့ NUG , PDF နဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေကို တရားဝင် ကူညီထောက်ပံ့မယ့် အမေရိကန်ရဲ့ အမျိုးသားကာကွယ်ရေးဥပဒေ ပေါ်ထွက်တဲ့အတွက် နိုင်ငံတကာ စစ်မျက်နှာမှာ နလံမထူနိုင်အောင် ကျရှုံးခဲ့ရပြီး စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှု ပြင်းထန်စေခဲ့ပါတယ်။ နောက်ထပ် အဓိကကျတဲ့ ရှုံးနိမ့်မှု ကတော့ ပြည်တွင်း နိုင်ငံရေးစစ် မျက်နှာ တစ်ခုဖြစ်တဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ ငြိမ်းချမ်းရေး ကြိုးပမ်းမှုဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂ နှစ်လုံးလုံး မြေပြင် အခင်းအကျင်းဝေဝေဆာဆာနဲ့ တိုင်းရင်းသား လက်နက်ကိုင်ကိုယ် စားလှယ် အဖွဲ့ တွေကို ချော့မြှူခေါ်ဆောင်ခဲ့ပြီး အခြေခံဥပဒေ ပြင်ပေးမယ်ဆိုတဲ့ ငါးစာကြီးကြီးနဲ့ မျှားခဲ့ပါတယ်။ ဒါပေမဲ့ NLD အစိုးရလက်ထက် ပြုလုပ်ခဲ့တဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေမှာ ငြိမ်းချမ်းရေး မရစေလိုတဲ့ မလိုတမာစိတ်နဲ့ တိုင်းရင်းသား ကိုယ်စားလှယ်အဖွဲ့တွေအပေါ် ရင့်သီးရိုင်းစိုင်းစွာ ဆက်ဆံခဲ့ပြီး ကာကွယ်ရေး ဦးစီးချုပ်မူ ၆ ချက် ဆိုတဲ့ အစွယ်ကို ခဏခဏ ထုတ်ပြခဲ့တဲ့ အကျိုးရလဒ်ကြောင့် အဓိကကျတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေရဲ့ ယုံကြည်ပါဝင်မှု မရခဲ့ပြန်ပါဘူး။
နိုင်ငံရေး စစ်ရေး အားနည်းတဲ့ အဖွဲ့ငယ်တွေနဲ့သာ ဟန်ပြငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ လုပ်နိုင်ခဲ့ပါတယ်။ အကျိုး ရလဒ်ကတော့ တိုင်းပြည်အနှံအပြားက စစ်မြေပြင် အသီးသီးမှာ လူသတ်၊ မီးရှို့ ဖျက်ဆီးရုံ သက်သက် ပြည်သူလူထုအပေါ် စစ်ခင်းနေရပြီး စစ်ပန်းနေတဲ့ စစ်မှုထမ်းတွေရဲ့ စိတ်မှာစစ်ပွဲတွေ မကြာခင် ပြီးဆုံးသွား လိမ့်မယ်ဆိုတဲ့ မျှော်လင့်ချက်မဲ့သွားစေပါတယ်။
နဂိုမူလကတည်းက လူစိတ်ပျောက်ပြီး တိကျခိုင်မာတဲ့ ယုံကြည်ချက်အောင်စိတ်မပါဘဲ ရေတို အနိုင်ရဖို့ သက်သက် တိုက်နေရတဲ့ စစ်ဖြစ်တာကြောင့် အခုလို စစ်ပွဲပြီးဆုံးဖို့ မျှော်လင့်မထားနိုင်ခြင်း၊ စစ်ပွဲဟာ တာရှည်လာတော့မယ့် အကြောင်းတရား ထင်ရှားလာခြင်းတွေဟာ စစ်မြေပြင်က စစ်သားတွေ အတွက် စိတ်ခွန်အား ကျဆင်းစေပါတယ်။ မိမိတို့ကျူးလွန်ထားသမျှ တန်ပြန် ဆိုးကျိုးတွေ ခံစားရတော့မလားဆိုတဲ့ စိုးရိမ်စိတ်တွေ ဝင်လာပြီး စိတ်ဓါတ်ပျက်ပြားမှုပါ ရင်ဆိုင်နေရပြီဖြစ်ပါတယ်။\
တတိယအရှုံးကတော့ NLD မဟုတ်တဲ့ နိုင်ငံရေး အင်အားစုတွေကို နိုင်ငံရေးအရ ယုံကြည်မှု တည်ဆောက်ပြီး ဟန်ပြဒီမိုကရေစီစနစ်ဖော်ဆောင်ရေးအတွက် နိုင်ငံရေးရလဒ်တစ်ခု ဖန်တီးပြသနိုင် ကြိုးပမ်းမှုကို လက်လွှတ် လိုက်ရတာပဲ ဖြစ်ပါတယ်။
ပြည်သူ့ ခုခံစစ်အားကောင်းလာခြင်းကြောင့် အုပ်ချုပ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး စတဲ့ နယ်ပယ် အသီးသီးမှာ မယုံကြည်ရတဲ့ အခြေအနေတွေ တိုးပွားလာတာဟာ အာဏာသိမ်း စစ်ခေါင်းဆောင်အဖို့ နိုင်ငံရေးကိုဖွင့် ကစားဖို့ ယုံကြည်ချက်နည်းလာပုံရပါတယ်။၂၀၁၀ ရွေးကောက်ပွဲကာလတုန်းကလိုပဲ လုပ်ပိုင်ခွင့်အာဏာတွေ ခွဲဝေ ကျင့်သုံးရေးထက် ကနဦး အလုံးစုံထိန်းချုပ်နိုင်ရေးကို ဦးတည် လိုက်ပါတယ်။
စစ်ကောင်စီ သက်တမ်း ၂ နှစ် ပြည့်ခါနီး အချိန်အတွင်းမှာပဲ နိုင်ငံရေး ပါတီငယ်တွေ ဆက်လက် ရပ်တည်နိုင်ဖို့ ခက်ခဲကျပ်တည်းသွားစေပြီး တိုင်းရင်းသား ပါတီတွေ အနေနဲ့ ပြည်နယ်ဒေသ တစ်ခုထက်ပိုပြီး ပါဝင် ယှဉ်ပြိုင်ဖို့ မလွယ်ကူနိုင်တော့တဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေသစ် တစ်ရပ်ကိုပြဌာန်း လိုက်ပါတယ်။
လက်တွေ့ စဉ်းစား ကြည့်တဲ့အခါ ရွေးကောက်ပွဲလွန် ဥပဒေပြုရေးနဲ့ အုပ်ချုပ်ရေးကဏ္ဍတွေမှာ လက်ရှိ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီ ဝင် တွေကို ချည်းပဲ နေရာယူခွင့်ပေးအပ်ထားတာထက် မင်းအောင်လှိုင်အနေနဲ့ လက်ရှိ သူ့လက်အောက်က အရာရှိကြီး အတော်များများကို ဆွဲခေါ်သွားပြီး တွဲကစားပါမှ သူ့အတွက် အဆင်ပြေနိုင်တာမို့ တွေးကြည့်ရင် ရှေ့အခင်းအကျင်းမှာ အခြားပါတီအင်အားစုတွေ အတွက် ထည့်မစဉ်းစား နိုင်တဲ့ အခြေအနေတစ်ရပ် လည်းရှိနေပါတယ်။
ဒါကြောင့် လာမယ့်အခင်းအကျင်းမှာ ပါတီငယ်တွေ အားလုံး ပါဝင်နိုင်မယ်ဆိုတဲ့ PR စနစ်မက်လုံးနဲ့ ချော့မြူထား တဲ့ အနေအထားကနေ တစ်သင်းတည်း အနိုင်ရဖို့နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကို ပြင်ဆင်လိုက်ရတဲ့ သဘောဖြစ်တယ်လို့ ကောက်ချက်ချနိုင်ပါတယ်။
အဲ့ဒီ အကျိုးဆက်ကတော့ သူ့ရဲ့ အဓိကနိုင်ငံရေး ထွက် ပေါက်ဖြစ်တဲ့ ရွေးကောက်ပွဲ ဖြစ်မြောက်ရေးကို ဝန်းရံနေတဲ့ နိုင်ငံရေးအင်အားစုတွေကပါ စိတ်ပါဝင်စားမှု ပျက်သုဉ်းသွားစေ တာပဲဖြစ်ပါတယ်။ ဒီ ရိုက်ခတ်မှုဟာ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲအပေါ် မယုံကြည်ရေး လှုံ့ဆော်မှုကို ပိုပြီး အားကောင်း စေပါတယ်။
စစ်ကောင်စီရဲ့ ရွေးကောက်ပွဲဟာ တိုင်းပြည်အာဏာကို အဓမ္မသိမ်းယူထားတဲ့ မင်းအောင်လှိုင်အတွက် အာဏာအသက်ဆက်နိုင်ရေး လိုအပ်ချက်သက်သက်ဖြစ်တယ်ဆိုတာ ပိုပြီး ထင်ရှားသွားစေခဲ့သလို ရွေးကောက်ပွဲကို ယုံကြည်သင့်ကြောင်း ကာကွယ်ပြောဆိုမယ့် သူတွေကိုလည်း နောက်ဆုတ်သွား စေတာဖြစ်ပါတယ်။ အကြီးမားဆုံး အကျိုးဆက်ကတော့ စစ်ကောင်စီဟာ နိုင်ငံရေးအရ ဖြေရှင်းနိုင်တဲ့ နည်းလမ်းမှန်သမျှကို သူကိုယ်တိုင်က ပိတ်ဆို့ထားတာဖြစ်လို့ လက်နက်ကိုင်တော်လှန်ရေးသည်သာ တစ်ခုတည်းသော ရွေးစရာနည်းလမ်းဖြစ်ကြောင်း နိုင်ငံရေးအသိုင်းအဝိုင်းတစ်ခုလုံးနဲ့ နိုင်ငံတကာ အသိုင်း အဝိုင်းကပါ ငြင်းချက် မထုတ်နိုင်လောက်အောင် နားလည်လက်ခံ သွားစေတာပဲဖြစ်ပါတယ်။
အခုဆိုရင် ပထမပွဲစဉ်ကို အရှုံးရလဒ်တွေနဲ့ ရင်ဆိုင်လိုက်ရတဲ့ စစ်ကောင်စီဟာ ခြေမဲ့လက်မဲ့ အနေအထားနဲ့ နောက်တစ်ပွဲ အတွက်ပြင်ဆင်နေရပါပြီ။ အရင်လို ၂၀၀၈ အခြေခံ ဥပဒေပါ အကိုးအကား အတိအကျနဲ့ ပွဲထွက်လာနိုင်တော့မှာ မဟုတ်ဘဲ အတင်းချိတ်ဆက်ယူထားတဲ့ ယူဆချက်တွေ၊ ဝေဝါးများပြားတဲ့ ဆင်ခြေ ဆင်လက်တွေနဲ့ အာဏာကို ဆက်လက် ဆုတ်ကိုင်ထားနိုင်ဖို့ ကြိုးစား နေရပြီဖြစ်ပါတယ်။
အာဏာစသိမ်းကတည်းက ပျက်စီးသွားပြီဖြစ်တဲ့ ၂၀၀၈ အခြေခံဥပဒေဟာ အခုလို ၂ နှစ်တာ အရေးပေါ် ကာလကို ကျော်လွန်လာတဲ့ အခါမှာတော့ ဟန်မဆောင်နိုင်လောက်အောင် လက်ရှိ တိုင်းပြည် အခြေအနေတွေနဲ့ ဝေးကွာသွားပြီဖြစ်ပါတယ်။
လူတစ်ဦးတစ်ယောက်က လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုကို အသုံးချပြီး တိုင်းပြည်အပေါ် ထင်ရာ မြင်ရာ လုပ်နေတဲ့ အခြေအနေကို ဘယ်ဥပဒေ ပြဌာန်းချက်နဲ့မှ ဖုံးဖိကာကွယ် ပေးထားနိုင်ခြင်း မရှိတော့ ပါဘူး။ ဒါဟာ လွန်ခဲ့သော ၂ နှစ်က စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ အာဏာသိမ်းယူမှုကြောင့် ပေါ်ပေါက်လာခဲ့တဲ့ ပြည်သူ့ခုခံစစ်ဟာ အောင်မြင်မှုတွေ နဲ့ ဆက်လက် ရှင်သန်နေဆဲ၊ အားကောင်းနေဆဲ ဖြစ်တယ်ဆိုတာ သက်သေခံနေခြင်းလည်း ဖြစ်ပါတယ်။ စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ စစ်ကောင်စီ နောက်လိုက် အင်အားစုတွေရဲ့ အရှုံးတိုင်းဟာ တစ်ဘက်မှာ မြန်မာ့နွေဦးတော်လှန်ရေးခေါ် ပြည်သူ့ခုခံစစ်ရဲ့ အောင်ပွဲတွေလည်း ဖြစ်နေပြန်ပါတယ်။
တော်လှန်ရေး အဖွဲ့တွေဟာ ပြည် သူတွေရဲ့ ထောက်ခံမှု ၊ ထောက်ပံ့မှု သက်သက်နဲ့ပဲ ပြည်သူ့အစိုးရ တစ်ရပ်ကို ဖွဲ့စည်းရပ်တည်နိုင်ခဲ့ပြီး ၂ နှစ် ဆိုတဲ့ ကာလအတွင်း နိုင်ငံတကာအသိုင်းအဝိုင်းထဲကို ထိုးဖောက်ဝင်ဆံ့နိုင်ခဲ့သလို စစ်ကောင်စီရဲ့ တည်ရှိမှု ၊ လှုပ်ရှားမှုတွေကိုပါ နိုင်ငံတကာအကူအညီနဲ့ ထိုးနှက်တားဆီးနေနိုင်တဲ့ အခြေအနေကို ရရှိနေပြီဖြစ်ပါတယ်။
ဒီမိုကရေစီရေးကို အားပေးထောက်ခံတဲ့ အနောက်နိုင်ငံ အသိုင်းအဝိုင်းကြားထဲမှာတင်မက အာဆီယံ အသိုင်း အဝိုင်းအထိပါ ထိုးဖောက် လှုပ်ရှားလာနိုင်ခဲ့တာပါ၊ မူလအစမှာ စစ်ကောင်စီအနေနဲ့ သူ့ ဘက်က အပိုင်တွက်ထား ခဲ့တဲ့ အာဆီယံအဖွဲ့ထဲက နိုင်ငံတွေကို အခုအချိန်မှာ အ မျိုးသားညီညွတ်ရေး အစိုးရ NUG နဲ့ မဆက်ဆံဖို့ လိုက် လံ တားဆီးနေရတဲ့ အခြေအနေ ကိုတောင်ရောက်ရှိခဲ့တာပါ။
တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ငြိမ်းချမ်းရေး ဆိုရင်လည်း စစ်ကောင်စီနဲ့ ရင်ဆိုင်တိုက်ခိုက်နေတဲ့ တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့တွေသာ ရှိပြီး NUG နဲ့ ရင် ဆိုင် တိုက်ခိုက်နေရတဲ့ တိုင်းရင်းသားအဖွဲ့ ဆိုတာမရှိပါဘူး။ NUG နဲ့ ပြည်သူ့ကာကွယ်ရေးတပ် PDF တွေကိုသာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေက တိုးတိုးတစ်မျိုး ကျယ်ကျယ်တစ်မျိုး ကူညီပံ့ပိုးနေကြတာ ဖြစ်ပါတယ်။ အမျိုးသားညီညွတ်ရေး အစိုးရရယ်လို့ ဖွဲ့စည်းရပ်တည် နိုင်ခဲ့တာကိုက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ ရည်မှန်းချက်ကြီးကြီးနဲ့ ဝန်းရံပံ့ပိုးခဲ့ကြလို့ အောင်မြင်စွာ ဆက်ပြီး ချီတက် နေနိုင်တာဖြစ်ပါတယ်။
ဒါကြောင့် ပြည် သူ့တော်လှန်ရေး အစိုးရ NUG နဲ့ တိုင်း ရင်းသား လက်နက်ကိုင်တွေရဲ့ ဆက်ဆံရေးဟာ စစ်ကောင်စီ ရရှိထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ဆက်ဆံရေးထက် အများကြီးသာလွန် တယ်ဆိုတာ အထင်အရှားပါပဲ။ နိုင်ငံရေးစစ်မျက်နှာကို ကြည့်မယ်ဆိုရင်လည်း မင်းအောင်လှိုင်ရဲ့ ရွေးကောက်ပွဲနိုင်ငံရေးဟာ ကျရှုံးလာနေပြီး အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ ပြည်သူ့ ကာကွယ်ရေး PDF တို့ရဲ့ စစ်အာဏာရှင် အပြီးတိုင် သုတ်သင်ဖယ်ရှားရေးဟာ ပိုမိုအားကောင်း လာနေတာ တွေ့ရပါတယ်။
စိတ်ဓာတ် သေးသိမ်ပြီး ဉာဏ်ပညာ ညံ့ဖျင်းလှတဲ့ စစ်ခေါင်း ဆောင်မင်းအောင်လှိုင်ဟာ ပြည်သူတွေကို အခြားရွေးချယ်စရာဆိုတဲ့ နည်းလမ်းတွေနဲ့ နိုင်ငံရေးထွက်ပေါက်တွေ ဖန်တီးပေးထားရမယ့်အစား ပြည်သူတွေ အနေနဲ့ လွတ်မြောက်ဖို့ အရေးဟာ လက်နက်ကိုင်တော်လှန်ရေးကလွဲပြီး အခြားမရှိဘူးဆိုတဲ့ အတွေးခိုင်မြဲ နေစေအောင် သူကိုယ်တိုင်က စေ့ဆော်ပေးနေတာဖြစ်ပါတယ်။
အစမှာ ပူပူလောလော ရွေးကောက်ပွဲ ရလဒ်တစ်ခုကို ဖျက်သိမ်းခဲ့ပြီး အနိုင်ရတဲ့ ပါတီ ခေါင်းဆောင်တွေကို ဖမ်းတယ်။ နောက်ထပ် ရွေးကောက်ပွဲ တစ်ခု လုပ်ပေးမယ့် ဆိုပြီး ချက်ချင်း ကမ်းလှမ်းတယ်။ ခပ်တည်တည်နဲ့ နိုင်တဲ့ပါတီကို အာဏာလွှဲပေးမယ်လို့ပြောပါတယ်။ အဲဒီအချိန် ကတည်းက ပြည်သူလူထုက အယုံအကြည် မရှိခဲ့တာဖြစ်ပါတယ်။
အဲဒီလို အနေအထားကနေ အခုလို ၂ နှစ်ပြည့်ခါနီးမှာတော့ အဓိက အစိုးရဖွဲ့ နိုင်အားရှိ တဲ့ NLD ပါတီကို ဖျက် သိမ်းပစ်နိုင်သလို ပါတီအသေးလေးတွေကိုလည်း ရပ် တည်နိုင်စွမ်းမရှိအောင် ပြဌာန်းထားတဲ့ ဥပဒေကိုထုတ် ပြန်ပြီး ရွေးကောက်ပွဲ လုပ်ပေးမယ် ဆိုရာက နေ "ငါတို့ကိုရွေးမယ့် ရွေးကောက်ပွဲ လုပ်ပေးမယ်" ဆိုတဲ့ အနေ အ ထားထိ ဇတ်ရဲလက်ရဲ လုပ်လာခဲ့ပါတယ်။
ဒါကြောင့် ရွေးကောက်ပွဲနိုင်ငံရေးဟာ တိုင်းပြည်မှာ ကြုံတွေ့ နေရတဲ့ နိုင်ငံရေးအကျပ်အတည်းနဲ့ ပဋိပက္ခတွေကို ဖြေရှင်းပေးမှာ မဟုတ်ဘူးဆိုတာ အဖြေထွက်ပြီးဖြစ်တာကြောင့် ပြည်သူတွေအားလုံးဟာ စစ်အာဏာရှင် အမြစ်ပြတ်သုတ်သင်ရေးကိုသာ လုံးဝဥဿုံ ဦးစိုက်ပြီး ကြိုးပမ်းကြဖို့ သေချာသွား စေခဲ့ပါတယ်။
ဒါကြောင့် အခုလာမယ့် စစ်ကောင်စီနဲ့ ဒုတိယအကျော့ ပွဲစဉ်မှာ ပြည်သူတစ်ရပ်လုံး ပြိုင်တူရုန်း လိုက်ကြမယ် ဆိုရင်ဖြင့် စစ်အာဏာရှင် ပျက်သုဉ်းမယ့် ၂၀၂၃ ဆိုတာ မြေကြီးလက်ခတ်မလွဲ အရေးတော်ပုံ အောင်မယ့်ပွဲ အသေအချာပါပဲ။
Top News
လွန်ခဲ့သော ၁၈ ရက် က
လွန်ခဲ့သော ၂၃ ရက် က
လွန်ခဲ့သော ၂၃ ရက် က