bap-logo
Local News

ကရင်နီဒေသ စစ်ရှောင်များအတွက် ဆန်ရိက္ခာအထူးလိုအပ်နေ

B_xlcn2CzfURz5gqzDesL-image

လွန်ခဲ့သော ၂ နှစ် က

ကရင်နီ၊ ‌မတ် ၁။

 

ကရင်နီဒေသ စစ်ဘေးရှောင် ၂၀,၀၀၀ ကျော်အတွက် လက်ရှိတွင် အဓိကစားသောက်ကုန်ဖြစ်သည့် ဆန်ရိက္ခာ အထူး လိုအပ်နေကြောင်း ဒေသအခြေစိုက် စစ်ဘေးရှောင်ကူညီပေးနေသည့် အဖွဲ့အစည်း အချို့က ဆိုသည်။

 

ကရင်နီဒေသ ဒီမော့ဆိုအနောက်ဘက်ခြမ်းတွင် စစ်ဘေးရှောင်စခန်းပေါင်း ၉၈ ခုရှိပြီး စစ်ဘေး ရှောင်လူဦးရေ ၂၁,၆၆၈ ဦးရှိနေကာ ယင်းတို့အတွက် စားနပ်ရိက္ခာအခက်အခဲရှိနေခြင်းဖြစ်ကြောင်း သိရသည်။

 

"တစ်ဦးကို ဆန် ၁ ပြည်ပဲဝေပေးတာတောင် တစ်ခေါက်ဝေရင် ဆန်အိတ် ၁,၀၃၈ အိတ်ကုန်မယ်။ ဒါတောင် ကွန်ရက်ကနေ လက်လှမ်းမီသလောက်ပါ။ စစ်ရှောင်ပြည်သူအတွက် ကွန်ရက်ကနေ တတ်နိုင်သလောက် ကြိုးစား ကူညီပေးနေတယ်ဆိုပေမယ့် အလှူရှင်မရှိရင် ဘာမှ လုပ်ပေးနိုင်တော့မှာ မဟုတ်ပါဘူး"ဟု ကရင်နီပြည် စစ်ဘေးရှောင် ကူညီ‌စောင့်ရှောက်ရေးကွန်ယက် ကဆိုသည်။

 

လက်ရှိတွင် အဆိုပါ စစ်ဘေးရှောင်များအတွက် ဆန်အိတ် ၂၃,၀၀၀ ကျော်လိုအပ်နေပြီး ဆန်တစ်အိတ် လျှင် ကျပ် ၆၀,၀၀၀ ထိ ဈေးနှုန်းပေးဝယ်ယူနေရကြောင်း ယင်းကွန်ယက်ကပြောသည်။

 

လက်ရှိတွင် ကရင်နီပြည်နယ်တစ်ခုလုံး စစ်ဘေးရှောင်ဦးရေ ၂ သိန်းကျော်ရှိနေပြီဖြစ်ကြောင်းသိရသည်။

 

အာဏာသိမ်းသည့် ၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလ  ၁ ရက်မှ ယခုနှစ် ဖေဖော်ဝါရီလကုန်အထိ ကရင်နီပြည် တွင် တိုက်ပွဲ ( ၅၈၆ ) ကြိမ်၊ အရပ်သားပြည်သူ သတ်ဖြတ်ခံရသူ ( ၃၀၉ ) ဦး၊ စစ်ရှောင်သေဆုံးသူ ( ၁၃၀ )ဦး၊ KNDF/PDF/KA ကျဆုံးသူ (၂၂၄) ဦး၊ လေကြောင်းတိုက်ခိုက်မှု (၁၉၇)ကြိမ်၊ ဘာသာရေး အဆောက်အအုံပျက်စီးမှု (၃၀)လုံး၊ ပျက်စီးသွားသည့်အိမ် (၁၃၅၂) လုံး၊ စကစသေဆုံးသူ (၁၆၃၅) ဦး၊ စကစယာဥ်ပျက်စီးမှု (၅၈) စီး၊ မတရားဖမ်းဆီးခံရသူ (၂၇၉) ဦး ရှိသည်ဟု တိုးတက်သော ကရင်နီ ပြည်သူ့အင်အားစု (PKPF) မှတ်တမ်းများအရသိရသည်။

 

 

 

 

ပုံစာ ။ ကရင်နီဒေသစစ်ဘေးရှောင်ကလေးငယ်တစ်ဦးကို တွေ့ရစဉ်။

ဓာတ်ပုံ။ ကရင်နီပြည်စစ်ဘေးရှောင်ကူညီစောင့်ရှောက်ရေးကွန်ယက်

 

Burma Associated Press

ကရင်နီ
ဒုက္ခသည်
လူသားချင်းစာနာမှုဆိုင်ရာ အကူအညီ

Share With
bap-logo