Politics
စစ်တပ်နှင့် ဆက်နွယ်သည့် အရာရှိများ၊ လက်နက်လုပ်ငန်းရှင်များနှင့် အဖွဲ့အစည်း ၇ ခုကို အီးယူက ထပ်မံပိတ်ဆို့
လွန်ခဲ့သော ၂ နှစ် က
ဖေဖော်ဝါရီ ၂၁
မြန်မာအာဏာသိမ်းစစ်တပ်မှ အဆင့်မြင့်အရာရှိများနှင့် စစ်အာဏာရှင်ကို လက်နက်ပံ့ပိုးပေးနေသည့် စီးပွားရေး လုပ်ငန်းရှင်များ ပါဝင်သည့် လူပုဂ္ဂိုလ် ၉ ဦးနှင့် အဖွဲ့အစည်း ၇ ခုအပေါ် ထပ်မံပိတ်ဆို့အရေးယူခဲ့ကြောင်း European Union in Myanmar ၏ ထုတ်ပြန်ချက်အရ သိရသည်။
ပြစ်ဒဏ်ခတ်ပိတ်ဆို့ခြင်းခံရသူများတွင် စွမ်းအင်ဝန်ကြီးနှင့် စစ်အာဏာရှင်စနစ်၏ ဖိနှိပ်မှုကို လက်နက်ကိရိယာ များနှင့် စစ်ဖက်-အရပ်ဖက် နှစ်သွယ်သုံးပစ္စည်းနှင့် နည်းပညာများ (dual-use goods) ပံ့ပိုးပေးသည့် ထင်ရှားသော စီးပွားရေးလုပ်ငန်းရှင်များ၊ စစ်အစိုးရနှင့် အနီးကပ်ဆက်စပ်နေသည့် မြန်မာစစ်တပ်မှ အဆင့်မြင့်အရာရှိများ ပါဝင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့အပြင်၂၀၂၂ ခုနှစ် ဇူလိုင်လတွင် ဒီမိုကရေစီရေးလှုပ်ရှားသူ လေးဦးအား သေဒဏ်ပေးကွပ်မျက်သည့် ဖြစ်စဉ်နှင့် ကချင်ပြည်နယ်တွင် လေကြောင်းတိုက်ခိုက်မှုများ၊ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများ၊ စီးနင်းတိုက်ခိုက်ခြင်း၊ မီးရှို့မှုနှင့် စစ်တပ်မှကျူးလွန်သည့် လူသားဒိုင်းများ အသုံးပြုခြင်းများကို ကြီးကြပ်ဆောင်ရွက်ခဲ့ကြသူများ ပါဝင် ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးသည့် ၂၀၂၁ ခုနှစ်မှစကာ ယနေ့အချိန်အထိ အကြမ်းဖက်မှုများ၊ ပြင်းထန် သော လူ့အခွင့်အရေးချိုးဖောက်မှုများ မြင့်တက်လာခြင်းနှင့် မြန်မာနိုင်ငံအတွင်း ငြိမ်းချမ်းရေး၊ လုံခြုံရေးနှင့် တည်ငြိမ်ရေးများကို ခြိမ်းခြောက်မှုများ ဆက်လက်ဖြစ်ပေါ်နေသည့်အတွက် အထက်ပါ လူပုဂ္ဂိုလ်များနှင့် အဖွဲ့ အစည်းများကို ပြစ်ဒဏ်ခတ် ပိတ်ဆို့မှုများ ချမှတ်ခဲ့ခြင်းဖြစ်သည်။
ပြစ်ဒဏ်ခတ်ပိတ်ဆို့ခြင်းခံရသည့် အဖွဲ့အစည်းများစာရင်းတွင် ကာကွယ်ရေးဝန်ကြီးဌာနမှ ဌာနများနှင့် ယင်း၏ တရားစီရင်ပိုင်ခွင့်အောက်တွင် ရှိသည့် နိုင်ငံပိုင်လုပ်ငန်းတစ်ခုအပြင် စစ်တပ်သို့ လောင်စာဆီ၊ လက်နက်နှင့် ရန်ပုံငွေများ ပံ့ပိုးပေးနေသည့် ပုဂ္ဂလိကကုမ္ပဏီများလည်း ပါဝင်ကြောင်း European Union in Myanmar က ဆိုသည်။
ပြစ်ဒဏ်ခတ်ပိတ်ဆို့မှုများသည် လူပုဂ္ဂိုလ် စုစုပေါင်း ၉၃ ဦးနှင့် အဖွဲ့အစည်း ၁၈ ခုအပေါ် အကျုံးဝင် သက်ရောက် ကာ၊ ပိုင်ဆိုင်မှုများကို ထိန်းချုပ်ခြင်း၊ ခရီးသွားလာခွင့်များ ပိတ်ပင်ခြင်း၊ ဥရောပသမဂ္ဂ နယ်မြေအတွင်း ဝင်ရောက်ခြင်း သို့မဟုတ် ဖြတ်သန်းခြင်းများကို တားဆီးထားခြင်း ဖြစ်သည်။
ဥရောပသမဂ္ဂမှ အခြားအရေးယူဆောင်ရွက်ချက်များဖြစ်သည့် လက်နက်နှင့်စက်ပစ္စည်းများ တင်ပို့ရောင်းချခြင်း၊ ပြည်တွင်းဖိနှိပ်မှုတွင် အသုံးပြုနိုင်သည့် ဆက်သွယ်ရေးဆိုင်ရာ ကိရိယာများတင်ပို့မှု၊ စစ်ဖက်-အရပ်ဖက် နှစ်သွယ် သုံးပစ္စည်းနှင့် နည်းပညာများ (dual-use goods) တင်ပို့မှု၊ တပ်မတော်နှင့် စစ်ရေးလေ့ကျင့်မှုနှင့် ပူးပေါင်း ဆောင်ရွက်မှုများကို တားမြစ်ခြင်းအစရှိသည့် ကန့်သတ်ချက်များက ဆက်လက်ရှိနေဦးမည်ဖြစ်သည်။
ဥရောပသမဂ္ဂသည် စစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှုများကို အထောက်အပံ့ဖြစ်စေသည့် စစ်လက်နက် ပစ္စည်း များ ရောင်းချခြင်းနှင့် လွှဲပြောင်းခြင်းတို့ကို ရပ်တန့်စေရန်အတွက် လက်နက်ပိတ်ဆို့မှု အပါအဝင် နိုင်ငံတကာ၏ ကြိုတင်ကာကွယ်မှု လုပ်ငန်းရပ်များကို တိုးမြှင့်လုပ်ဆောင်ရန် ထပ်မံတောင်းဆိုလိုက်ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားဖော်ပြထားသည်။
ဥရောပသမဂ္ဂအနေဖြင့် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလတွင် ကျင်းပခဲ့သည့် အာဆီယံထိပ်သီးအစည်းအဝေးများနှင့် ဒီဇင်ဘာလတွင် ကျင်းပခဲ့သည့် အီးယူ - အာဆီယံအထိမ်းအမှတ် ထိပ်သီးအစည်းအဝေးများတွင် ထပ်လောင်း ပြောကြားခဲ့သည့်အတိုင်း မြန်မာနိုင်ငံသည် အာဆီယံ၏ သဘောတူညီမှု ငါးရပ်ကို သစ္စာရှိရှိ မြန်မြန်ဆန်ဆန် အကောင်အထည်ဖော်သင့်ကြောင်းလည်း တိုက်တွန်းပြောကြားခဲ့သည်။
Photo _ AP
Related Articles
- ထိုင်းအလုပ်အကိုင်များရှိ မြန်မာအပါအဝင် ရွှေ့ပြောင်း လုပ်သားများ ပစ်မှတ်ထားခံနေရ
- စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ဆောထိမြို့နယ်ရှိ ကျေးရွာ ၃ ရွာမှ ပြည်သူများ စစ်ဘေး ရှောင်နေရ
- ဗကသများအဖွဲ့ချုပ် ဒုဥက္ကဌဟောင်း ကိုလင်းထက်နိုင် (ခ) ကိုဂျိမ်း ထောင်ဒဏ်ငါးနှစ် ထပ်မံချမှတ်
- ကျွန်းလှမြို့ပေါ်တွင် ကြွေးကျန်မီတာပုံးများ ဖြုတ်သိမ်းခံနေရ
Top News
လွန်ခဲ့သော တစ်ရက် က
လွန်ခဲ့သော ၂ ရက် က
လွန်ခဲ့သော ၇ ရက် က