bap-logo
Politics

မြောက်ကိုရီးယား အဝေးရောက် အိုင်တီ အလုပ်သမားများ လုပ်ခလစာကို လက်နက်ထုတ်လုပ်ရေး အတွက် ပြန်ပို့နေ

6XiTAGhXZSA9vmVphge08-image

လွန်ခဲ့သော တစ်နှစ် က

အမေရိကန်ကုမ္ပဏီများနှင့် စာချုပ်ချုပ်ဆိုထားသည့် သတင်းအချက်အလက် နည်းပညာအလုပ်သမား ထောင်ပေါင်းများစွာက ဒေါ်လာသန်းပေါင်းများစွာသော ၎င်းတို့၏ လုပ်ခလစာများကို ပဲ့ထိန်းဒုံးကျည် အစီအစဉ်တွင် အသုံးပြုရန် မြောက်ကိုရီးယားသို့ နှစ်များစွာအတွင်း လျှို့ဝှက် ပေးပို့ခဲ့ကြောင်း FBI နှင့် တရားရေးဌာနအရာရှိများက ပြောကြားသည်။

 

မြောက်ကိုရီးယားမှ စေလွှတ်ခဲ့ပြီး စာချုပ်ချုပ်ဆိုထားသော သတင်းအချက်အလက် နည်းပညာ အလုပ်သမား များသည် အမေရိကန်နိုင်ငံရှိ St. Louis နှင့် အခြားဒေသများတွင် အလုပ်ရရှိရန် သက်သေခံအထောက်အထား အလွဲအမှားများ အသုံးပြုကာ အဝေးရောက်အလုပ်များ လုပ်ကိုင်ကြသည်ဟု တရားရေးဌာနက ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။ ၎င်းတို့ရရှိသည့် ငွေကြေးများကို မြောက်ကိုရီးယား လက်နက်အစီအစဉ်များအတွက် ပေးပို့ခဲ့ကြသည်ဟု FBI အကြီးအကဲက St. Louis တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

 

တရားရုံးမှ စာရွက်စာတမ်းများတွင် မြောက်ကိုရီးယားအစိုးရသည် ကျွမ်းကျင် အိုင်တီအလုပ်သမား ထောင်ပေါင်းများစွာကို အမေရိကန်နှင့် အခြားနေရာများမှ စီးပွားရေးလုပ်ငန်များကို လှည့်ဖြား၍ အလွတ်တန်း အဝေးရောက် ဝန်ထမ်းများအဖြစ် အလုပ်အကိုင်ရရှိရေး တရုတ်နှင့် ရုရှားတွင် နေထိုင်ရန် စေလွှတ်ခဲ့ကြောင်း စွပ်စွဲဖော်ပြထားသည်။ အလုပ်သမားများသည် နည်းလမ်းပေါင်းစုံသုံး၍ အမေရိကန်တွင် အလုပ်လုပ်ကိုင် နေသည့်ပုံစံ ဖန်တီးခဲ့သည်ဟု St. Louis FBI ရုံးမှ အထူးအေးဂျင့်အကြီးအကဲ Jay Greenberg က ပြောကြားသည်။

 

အလွတ်တန်း အိုင်တီအလုပ်သမားများကို ငှားရမ်းထားသည့် မည်သည့်ကုမ္ပဏီမဆို လျှို့ဝှက်အကြံအစည်တွင် ပါဝင်နေသူတစ်ဦးကို ငှားရမ်းမိထားခြင်း ဖြစ်နိုင်ချေ အလွန်များပြားသည်ဟု Greenberg က ပြောကြားခဲ့သည်။ မြောက်ကိုရီးယားနိုင်ငံသားများသည် အမေရိကန်တစ်ဝှမ်းနှင့် အခြားနိုင်ငံများမှ ကုမ္ပဏီများနှင့် စာချုပ်ချုပ်ဆို ထားသည်ဟု FBI ပြောခွင့်ရသူက ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။

 

ကျွန်မတို့ ပြောနိုင်တာကတော့ ဒီလုပ်ရပ်တွေထဲမှာ မြောက်ကိုရီးယား အိုင်တီအလုပ်သမား ထောင်ပေါင်းများစွာ ပါဝင်နေကြပါတယ်။ဟု ပြောခွင့်ရ Rebecca Wu က ပြောကြားခဲ့သည်။

 

ဖက်ဒရယ်အာဏာပိုင်များက အမေရိကန်ဒေါ်လာ ၁. မီလီယံနှင့် ဒိုမိန်းအမည် ၁၇ ခုကို ဆက်လက် စုံစမ်းနေစဉ်မှာပင် စုံစမ်းစစ်ဆေးရေး၏ တစ်စိတ်တစ်ပိုင်းအဖြစ် သိမ်းဆည်းထိန်းချုပ်လိုက်သည်ဟု ကြေညာခဲ့သည်။

 

၎င်းလျှို့ဝှက်အကြံအစည်မှာ အလွန်ပျံ့နှံ့နေသည့်အတွက် ကုမ္ပဏီများအနေဖြင့် ၎င်းတို့ မည်သူ့ကို ငှားရမ်းသည် ဆိုသည်ကို အတည်ပြုစစ်ဆေးရာတွင် အလွန်သတိထားရမည်ဖြစ်ကြောင်း အင်တာဗျူးဖြေဆိုသူများကို အနည်းဆုံး ဗီဒီယိုမှတဆင့် ကြည့်ရှုရန် လိုအပ်မည်ဖြစ်ကြောင်း FBI အရာရှိများက ပြောကြားခဲ့သည်။

 

အနိမ့်ဆုံးအားဖြင့် အလုပ်ရှင်များသည် အဝေးရောက် အိုင်တီအလုပ်သမားများအတွက် အပိုဆောင်း ကြိုတင် ပြင်ဆင်မှုများ ပြုလုပ်ပြီး မကောင်းမှုလုပ်မည့်သူများ ၎င်းတို့၏ သက်သေခံအထောက်အထားများ ဖုံးကွယ်ရ ခက်ခဲစေရေး လုပ်ဆောင်ရန် တိုက်တွန်းပါကြောင်း။ဟု Greenberg က သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

အိုင်တီအလုပ်သမားများသည် တစ်နှစ်လျှင် ဒေါ်လာသန်းချီ၍ ဝင်ငွေရရှိကြပြီး မြောက်ကိုရီးယား၏ လက်နက်အစီအစဉ်များအတွက် အကျိုးအမြတ် ရရှိစေခဲ့သည်။ ဥပမာအားဖြင့် မြောက်ကိုရီးယား အလုပ်သမား များသည် ၎င်းတို့ကို ငှားရမ်းသည့် ကုမ္ပဏီများ၏ ကွန်ပျူတာကွန်ရက်အတွင်း ထွင်းဖောက်ဝင်ရောက်ပြီး သတင်းအချက်အလက်များလည်း ခိုးယူခဲ့ကြသည်ဟု တရားရေးဌာနက ပြောဆိုသည်။ ၎င်းတို့သည် အနာဂတ် တွင် ဖောက်ထွင်းတိုက်ခိုက်ခွင့်ရစေရေးနှင့် ငွေညှစ်နိုင်ရန်လည်း ဆက်လက်လုပ်ဆောင်ထားကြသည်ဟု အေဂျင်စီမှ ပြောကြားခဲ့ကြသည်။

 

မြောက်ကိုရီးယားအလုပ်သမားများကို မသိရှိဘဲ ငှားရမ်းခဲ့သည့် ကုမ္ပဏီများကို အရာရှိများက ဖော်ပြခြင်းမပြုခဲ့ပေ။

 

မေလ ၂၀၂၂ ခုနှစ်တွင် နိုင်ငံခြားရေးဌာန၊ ဘဏ္ဍာရေးဌာနနှင့် FBI တို့က "မြောက်ကိုရီးယားများသည် အလုပ်အကိုင်ရရှိရန် မြောက်ကိုရီးယားမဟုတ်သည့် နိုင်ငံသားများ ဟန်ဆောင်" ကြိုးပမ်းမှုများအကြောင်း သတိပေးသည့် အကြံပေးချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။ မကြာသေးခင်နှစ်များအတွင်းတွင် အာဏာရှင် ကင်ဂျုံအန်သည် အိုင်တီဆက်စပ် ဘာသာရပ်များ၏ "ပညာရေးနှင့် လေ့ကျင့်ရေးအပေါ် အာရုံစိုက်မှု မြှင့်တင် လာခဲ့ကြောင်း” အကြံပေးချက်တွင် ဖော်ပြထားသည်။

 

မြောက်ကိုရီးယား၏ အလွတ်တန်း အိုင်တီသမားများကို အသုံးပြု၍ လက်နက်အစီအစဉ်အတွက် ငွေကြေး အထောက်အကူ ရှာဖွေနေသည်မှာ ဆယ်စုနှစ် တစ်ခု မကတော့ကြောင်း၊ သို့သော် ကိုဗစ်-၁၉ ရောဂါကပ်ဆိုး ကြောင့် အားထုတ်မှု တိုးမြင့်လာခဲ့ကြောင်း Mandiant ဆိုင်ဘာလုံခြုံရေးအဖွဲ့၏ ခြိမ်းခြောက်မှုအန္တရာယ် သတင်းအချက်အလက် အကြီးအကဲ John Hultquist က ပြောကြားသည်။

 

ကိုဗစ်အလွန် ကမ္ဘာကြီးက သူတို့အတွက် အခွင့်အလမ်းတွေ အများကြီး ပိုပြီး ဖန်တီးပေးလိုက်တယ်လို့ ကျွန်တော် ထင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အလွတ်တန်းလုပ်ကိုင်ခြင်းနဲ့ အဝေးရောက် အလုပ်တွေက စီးပွားရေးလုပ်ငန်းတွေရဲ့ အစိတ်အပိုင်းတွေမှာ အရင်တုန်းကထက် ပိုမို ပါဝင်နေသားကျလာတာကြောင့် ဖြစ်ပါတယ်။ဟု Hultquist က ပြောကြားသည်။

 

မြောက်ကိုရီးယားသည် အခြားနယ်ပယ်များမှ အလုပ်သမားများကို အသုံးပြု၍လည်း လက်နက်အစီအစဉ် များတွက် ငွေကြေးပြန်လည်လွှဲပြောင်းမှု လုပ်ဆောင်ကြောင်း သို့သော် နည်းပညာအလုပ်သမားများ၏ ပိုမို များပြားသည့် ဝင်ငွေကြောင့် အကျိုးအမြတ် ပိုမိုရရှိကြောင်း Hultquist က ပြောကြားသည်။

 

မြောက်ကိုရီးယားက ၂၀၂၂ ခုနှစ် အစပိုင်းမှ စတင်၍ ဒုံးကျည် ၁၀၀ ကျော် စမ်းသပ်ပစ်လွှတ်ခဲ့ပြီး အမေရိကန်နိုင်ငံကလည်း ၎င်း၏ အာရှမဟာမိတ်များနှင့် စစ်ရေးလေ့ကျင့်မှုများ သူတပြန် ကိုယ်တစ်ပြန် ပြုလုပ်ခဲ့သည့်အတွက် ကိုရီးယားကျွန်းဆွယ်တွင် တင်းမာမှုများ မြင့်တက်လာသည်။

 

ရုရှား၊ တရုတ်နှင့် အီရန်နိုင်ငံတို့သည် သူလျှိုလုပ်ရန်၊ ဉာဏပစ္စည်းခိုးယူရန်နှင့် ဒီမိုကရေစီစနစ်ကို အနှောင့် အယှက်ပေးရန် ပိုမိုစိတ်ဝင်စားကြသော်လည်း မြောက်ကိုရီးယား၏ ရာဇဝတ်မှုမြောက် ဖောက်ထွင်း နှောက်ယှက်မှု များသည် အကျိုးအမြတ်ရရေး ရည်ရွယ်သည်ဟု ဥပဒေစိုးမိုးရေးအရာရှိများက ပြောကြားသည်။

ကိုးကား - AP

ပုံစာ - အောက်တိုဘာ ၁၈ ရက် ၂၀၂၃ ခုနှစ် St. Louis မြို့ သတင်းစာရှင်းလင်းပွဲတွင် ရှင်းလင်းပြောကြားနေသည့် FBI အထူးအေးဂျင့်အကြီးအကဲ Jay Greenberg (Photo: Christine Tannous/St. Louis Post-Dispatch via AP)

 

Burma Associated Press

 

မြောက်ကိုရီးယား
ကင်ဂျုံအန်
တရုတ်
ရုရှား
အိုင်တီအလုပ်သမား

Share With
bap-logo