Politics
မြန်မာနယ်စပ်တစ်လျှောက် အဆင့်မြင့်နည်းပညာသုံးစည်းရိုးများ တည်ဆောက်သွားမည့် အိန္ဒိယ
လွန်ခဲ့သော တစ်နှစ် က
လက်ရှိ စောင့်ကြည့်စစ်ဆေးရေးစနစ်ကို ပိုမိုအားကောင်းစေရန်အတွက်ဟုဆိုကာ အိန္ဒိယ-မြန်မာ နယ်စပ် ကီလိုမီတာ ၁၀၀ အထိ အဆင့်မြင့် နည်းပညာသုံး စည်းရိုးများ တည်ဆောက်သွားမည်ဟု အိန္ဒိယပြည်ထဲရေး ဝန်ကြီးဌာနမှ ကြေငြာလိုက်သည်။
မနိပူရ်ပြည်နယ်တွင် လူမျိုးရေးပဋိပက္ခများဖြစ်ပွားခြင်းအတွက် မြန်မာနိုင်ငံမှ ဝင်ရောက်လာသူများကို ပြစ်တင် စွပ်စွဲမှုများ ပြုလုပ်ခံနေရပြီးနောက်ပိုင်း ၎င်းကြေငြာချက်ထွက်ပေါ်လာခြင်းဖြစ်သည်။ မေလမှ စတင်ဖြစ်ပွား ခဲ့သော ၎င်းပဋိပက္ခဖြစ်စဉ်များတွင် လူပေါင်း ၁၈၀ ကျော် သေဆုံးခဲ့သည်ဟု သတင်းများတွင် ဖော်ပြထား ကြသည်။
စည်းရိုးတည်ဆောက်မည့်စီမံကိန်းမှာ ပြည်ထဲရေးဝန်ကြီးဌာန၏ ၂၀၂၂-၂၃ နှစ်ပတ်လည် အစီရင်ခံစာတွင် ဖော်ပြထားခြင်းဖြစ်သည်။ အိန္ဒိယ အရှေ့မြောက်ပြည်နယ်များတွင် ထကြွ သောင်းကျန်းမှုနှင့် ဆက်စပ်သည့် အဖြစ်အပျက် ၂၀၁ ခု ဖြစ်ပွားခဲ့ကာ ၁၃၇ ခုမှာ မနိပူရ်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည်ဟု အိန္ဒိယအစိုးရက ပြောကြားထားသည်။
အိန္ဒိယအစိုးရ၏ အင်ဒို-မြန်မာ နယ်စပ် စီမံကိန်းဖြစ်လာမလား။
အိန္ဒိယသည် မြန်မာနိုင်ငံနှင့် နယ်စပ်ထိစပ်မှု ၁၆၄၃ ကီလိုမီတာ ရှည်လျားပြီး အာယူနာချဲ ပရီဒက်ရှ် (၅၂၀ ကီလိုမီတာ)၊ နာဂလန်း (ကီလိုမီတာ)၊ မနီပူရ် (၃၉၈ ကီလိုမီတာ)၊ မီဇိုရမ် (၅၁၀ ကီလိုမီတာ) တို့အသီးသီး ထိစပ်ပါဝင်နေကြသည်ဟု အိန္ဒိယပြည်ထဲရေးဝန်ကြီးဌာန အစီရင်ခံစာတွင် ဖော်ပြထားသည်။
နယ်စပ် ၁၆၄၃ ကီလိုမီတာတွင် ၁၄၇၂ ကီလိုမီတာအထိ နယ်နိမိတ်သတ်မှတ်မှု ပြီးစီးသွားပြီဖြစ်ကြောင်း၊ မနီပူရ် ပြည်နယ် မိုရေးမြို့တွင် စည်းရိုးတည်ဆောက်မှု ၁၀ ကီလိုမီတာကို စတင်တည်ဆောက်နေပြီး ၆.၈ ကီလိုမီတာ ပြီးစီးပြီဖြစ်ကာ ယခုနှစ်ကုန်ပိုင်းတွင် အားလုံး ပြီးစီးမည်ဖြစ်ကြောင်း ၎င်းအစီရင်ခံစာတွင် ဖော်ပြထားသည်။
ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Amit Shah က မြန်မာနိုင်ငံမှ ဝင်ရောက်လာသော ကူကီးလူမျိုးစု များက မေထေးလူမျိုးစုများအတွင်း မလုံခြုံမှုများဖန်တီးနေသည်ဟု ဩဂုတ်လတွင် စွပ်စွဲပြောဆိုထားသည်။ မြန်မာနိုင်ငံမှ အခြေအနေများသည် စစ်တပ်အာဏာသိမ်းယူပြီးနောက်ပိုင်း စိန်ခေါ်မှုများ ဖြစ်လာသည်ဟုလည်း Shah က ပြောကြားခဲ့သည်။
အိန္ဒိယနှင့် မြန်မာတို့၏ လွတ်လပ်စွာ လှုပ်ရှားသွားလာခွင့်စနစ် Free Movement Regime (FMR) အရ အိန္ဒိယနိုင်ငံသားဖြစ်စေ၊ မြန်မာနိုင်ငံသားဖြစ်စေ အင်ဒို-မြန်မာနယ်စပ်တွင် တစ်ဖက်နိုင်ငံအတွင်း ၁၆ ကီလိုမီတာအထိ အာဏာပိုင်များထုတ်ပေးသည့် နယ်စပ်ဖြတ်သန်းခွင့်လက်မှတ်ဖြင့် ဖြတ်သန်းသွားလာနိုင်ပြီး နှစ်ပတ်အထိ နေထိုင်နိုင်ခွင့်ရှိသည်။
အဆင့်မြင့်နည်းပညာသုံးစည်းရိုးများ
အဆင့်မြင့်နည်းပညာသုံးစည်းရိုးများဆိုသည်မှာ အိန္ဒိယအစိုးရ၏ ဘက်စုံ ပါဝင်သည့် နယ်စပ်စီမံခန့်ခွဲရေးစနစ် Comprehensive Integrated Border Management System (CIBMS) ၏ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး စောင့်ကြည့်စစ်ဆေးရေးနှင့် သတိပေးစနစ်နှစ်ခုလုံးပါဝင်သည်။ ၎င်းတွင် ကင်မရာများ၊ အာရုံခံကိရိယာများ၊ လေဆာများ၊ ရေဒါစနစ်များအပါအဝင် ခေတ်မီကိရိယာများ ပါဝင်သည်။ အဆင့်မြင့် အာရုံခံကိရိယာများနှင့် စီစီတီဗီကင်မရာများသည် သေးငယ်သောလှုပ်ရှားမှုများကိုပင် သိရှိနိုင်ပြီး ဗဟိုထိန်းချုပ်ရေးသို့ သတိပေးချက် ပေးပို့နိုင်သည်။
အဆင့်မြင့်နည်းပညာသုံး စည်းရိုးများတွင် အခြေအနေအလိုက် သိရှိနိုင်သည့် အာရုံခံကိရိယာများ၊ ကွန်ရက်များ၊ အချက်အလက်သိုလှောင်ရေးကိရိယာများနှင့် အမိန့်ပေး၊ ထိန်းချုပ်မှု စနစ်များပါဝင်သည်။ နယ်စပ်တစ်လျှောက် အားနည်းသည့် ဟာကွက်နေရာများတွင် လေဆာအခြေခံသည့် ဝင်ရောက်ကျူးကျော်သူ သတိပေးစနစ်ကိုလည်း စောင့်ကြည့်စစ်ဆေးရေးနည်းပညာများနှင့် တပါတည်း တပ်ဆင်ထားသည်။
မျှော်စင်များ၊ တိုင်များ၊ ကြိုးဖြင့် ချိတ်ဆွဲလွှတ်တင်ထားသည့် လေပူဖောင်းများတွင် အင်ဖရာရက်ပုံရိပ်ဖမ်း ကိရိယာများ၊ မြေအောက်အာရုံခံကိရိယာများ၊ အလင်းဖန်သားမျှင် အာရုံခံကိရိယာများ၊ ရေဒါများ၊ အသံလှိုင်း ဖြင့် ရေအောက် စစ်ဆေးမှု ဆိုနာစနစ်များကို ဆိုးရွားသည့် ရာသီဥတုတွင်ပင် အချိန်ပြည့်စောင့်ကြည့်နိုင်ရန် တပ်ဆင်ထားသည်ဟု News18 တွင် ဖော်ပြထားသည်။
အဆင့်မြင့်နည်းပညာသုံး စည်းရိုးများ၏ မြေပြင်စောင့်ကြည့်သည့် ရေဒါစနစ်သည် နယ်စပ်မှ ၁၈၀ ဒီဂရီ အကျယ်ထိ စစ်ဆေးနိုင်ပြီး ယာဉ်များကို ၁၅ ကီလိုမီတာ၊ လူများကို ၅ ကီလိုမီတာ အကွာအဝေးမှ သိရှိနိုင်သည်။
ယခင်က ၂၀၀၀ ကီလိုမီတာကျော် ရှည်လျားသော အိန္ဒိယ-ပါကစ္စတန်နှင့် အိန္ဒိယ-ဘင်္ဂလားဒေ့ရှ်နယ်စပ်များသည် အားနည်းချက်များရှိခြင်း သို့မဟုတ် စည်းရိုးမရှိခြင်းတို့ကြောင့် တရားမဝင် ဝင်ရောက်မှုနှင့် ကျွဲနွားမှောင်ခိုမှုများ ဖြစ်ပေါ်ခဲ့သည်။
အိန္ဒိယနယ်စပ် ပိုမို လုံခြုံရေးအတွက် စည်းရိုး
၎င်းစီမံချက်သည် အိန္ဒိယ၏ နယ်စပ်များဖြစ်သော ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာတို့ကို လုံးဝကာဆီး ထားစေမည့် မိုဒီအစိုးရ၏ စီမံကိန်း တစ်စိတ်တစ်ပိုင်းဖြစ်သည်။
လုံခြုံရေးတပ်ဖွဲ့များက ထိန်းချုပ်ရေးခန်းမများတွင် ထိုင်၍ ဖန်သားပြင်မှတဆင့် စောင့်ကြည့်ရေးစနစ်များကို ထိန်းသိမ်းကိုင်တွယ်မည်ဖြစ်သည်။ ချိုးဖောက်ဝင်ရောက်ရန်ကြိုးပမ်းမှုတစုံတရာ ရှိသည်နှင့် အချက်ပေးမှုများ ထွက်ပေါ်လာမည်ဖြစ်သည်။
ယခုအချိန်တွင် မနိပူရ်ပြည်နယ်နှင့် မြန်မာနယ်စပ် အရှည် ၄၀၀ ကီလိုမီတာမှ ၁၀ % သာ စည်းရိုး ကာထား သည်ဟု သိရသည်။ ၎င်းဒေသ၏ မြေမျက်နှာသွင်ပြင်အပါအဝင် အခြားအခက်အခဲများကြောင့် နယ်စပ် တစ်ခုလုံး စည်းရိုးခတ်နိုင်ရေးမှာ စိန်ခေါ်မှုများ ရှိနေဆဲဖြစ်သည်။
အိန္ဒိယ၏ ပထမဦးဆုံး ရှေ့ပြေး အဆင့်မြင့်နည်းပညာသုံး စည်းရိုးစီမံချက်မှာ ယခင် ပြည်ထဲရေးဝန်ကြီး Rajnath Singh ၏ ၂၀၁၈ခုနှစ် အိန္ဒိယ-ပါကစ္စတန် နယ်စပ်တွင် တည်ဆောက်ခဲ့သောစည်းရိုး စီမံချက်ဖြစ်သည်။
ကိုးကား - News18
ပုံစာ - အိန္ဒိယ-ဘင်္ဂလားဒေ့ရှ်နယ်စပ်စည်းရိုးအနီး အိန္ဒိယနယ်စပ်လုံခြုံရေးတပ်ဖွဲ့ (Border Security Force – BSF) ကင်းလှည့်စစ်ဆေးနေစဉ်။ (Photo: PTI Photo)