bap-logo
Politics

မြန်မာသို့ လူသားချင်းစာနာမှုဆိုင်ရာအကူအညီများ မကြာမီ ပေးပို့နိုင်ရန် ထိုင်းမျှော်လင့်

6Vx9PoZZIGMya4UWd-EWJ-image

လွန်ခဲ့သော တစ်နှစ် က

စစ်ဒဏ်သင့်မြန်မာနိုင်ငံရှိ ထိခိုက်ခံစားနေရသော အရပ်သားများကို အထောက်အပံ့များပေးရန် လူသားချင်းစာနာမှုဆိုင်ရာစင်္ကြံတစ်ခု လာမည့်တစ်လအတွင်း ဖွင့်လှစ်နိုင်ရန် ထိုင်းနိုင်ငံက မျှော်လင့်ထားကြောင်း ထိုင်းနိုင်ငံ မြောက်ပိုင်းပြည်နယ် Tak ဒေသရှိ ပြင်ဆင်ထားရှိမှုများကို စစ်ဆေးပြီးနောက် ထိုင်းနိုင်ငံခြားရေးဝန်ကြီး Parnpree Bahiddha-Nukara က ကြာသပတေးနေ့တွင် ပြောသည်။

 

မြန်မာစစ်အုပ်ချုပ်ရေးနှင့် အခြား အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ အားပေးထောက်ခံမှုဖြင့် ထိုင်းနိုင်ငံက စီစဉ်ဆောင်ရွက်မှုသည် နည်းပါးသည့် ပမာဏသာ ဖြစ်ပြီး ကုလသမဂ္ဂက ခန့်မှန်းထားသော မြန်မာနိုင်ငံမှ နေရပ်စွန့်ခွာရသူ အရပ်သား ၂. သန်းအတွက် ကနဦးတွင် အနည်းငယ်ထံသို့သာ ရောက်ရှိနိုင်သည်။

 

၎င်းအစီအစဉ်အရ ကနဦးအဆင့်တွင် နေရပ်စွန့်ခွာသူ ၂၀၀၀၀ ခန့်အတွက် ထောက်ပံ့ပေးနိုင်မည်ဟု ထိုင်းအရာရှိများက ပြောသည်။ ထိုင်းနှင့် မြန်မာကြက်ခြေနီအဖွဲ့များက ဖြန့်ဝေမှုများ အကောင်အထည်ဖော်မည်ဖြစ်ကာ ဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ လူသားချင်းစာနာမှု အထောက်အကူအတွက် အာဆီယံ ပူးပေါင်းညှိနှိုင်းရေးစင်တာက စောင့်ကြည့်လေ့လာသွားမည်ဖြစ်သည်။

 

နယ်စပ်ဖြတ်ကျော်ရာ ထောက်ပံ့ကူညီမှုအစီအစဉ်အသေးစိတ်အချက်အလက်များကို ဖော်ပြခြင်းမပြုသော်လည်း ၎င်းအစီအစဉ်သည် အစိုးရချင်း သဘောတူညီမှုတစ်ခုအဖြစ် သတင်းစာရှင်းလင်းပွဲတွင် Parnpree က ရှင်းပြသည်။ ၎င်းက ဆိုလိုသည်မှာ နယ်စပ်မှ မြန်မာဘက်ခြမ်းတွင် လုပ်ဆောင်မှုများကို စစ်အုပ်ချုပ်ရေးကောင်စီမှ ကိုင်တွယ်သွားမည်ဟု ဆိုလိုခြင်းဖြစ်သည်။

 

ထိုင်းနိုင်ငံမှ နယ်စပ်မြစ်သာ ခြားသော သေးငယ်သည့် နယ်မြေတွင်သာ ရှေ့ပြေးစီမံကိန်းအဖြစ် ကန့်သတ်ထားပြီး ဆက်လက်ဖြစ်ပွားနေသော စစ်မက်ရန်လိုမှုများကြောင့် ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်နိုင်ဖွယ်မရှိပေ။

 

အမှန်တကယ် အကူအညီလိုအပ်နေတဲ့ ဒုက္ခသည်တွေနဲ့ အရပ်သားတွေအတွက် နယ်စပ်ဖြတ်ကျော် လူသားချင်းစာနာမှုအထောက်အကူတွေ တိုက်ရိုက်ပေးနိုင်တဲ့ အစီအစဉ်တစ်ခုကို ကျွန်တော်တို့ တောင်းဆိုနေတာ ကြာပါပြီ။” ဟု အမျိုးသားညီညွတ်ရေးအစိုးရ ပြောခွင့်ရ ဦးနေဘုန်းလတ်က ပြောသည်။

 

၎င်းက ထိုင်းနိုင်ငံ၏ အစီအစဉ်ကို ငြင်းပယ်ခဲ့သော်လည်း နယ်စပ်ဒေသအများစုကို ထိန်းချုပ်ထားသည့် တိုင်းရင်းသားလူနည်းစုများထံသို့ အထောက်အပံ့များ ရောက်ရှိစေရန် တိုက်တွန်းခဲ့ပြီး ယခင်က နေရပ်စွန့်ခွာသူများကို အထောက်အကူပြုရန် အားထုတ်မှုများသည် စစ်တပ်ကို ကူညီရာရောက်စေခဲ့သည်။

 

စင်ကာပူနိုင်ငံ ISEAS-Yusof Ishak အင်စတီကျုမှ ဧည့်အဖွဲ့ဝင် လက်ထောက်ပါမောက္ခ Surachanee Sriyai ကလည်း မြန်မာစစ်အုပ်ချုပ်ရေးဘက်က ဥပဒေနှင့်အညီ ထောက်ပံ့ကူညီရေးအစီအစဉ် ဆောင်ရွက်လိုစိတ် သို့မဟုတ် ဆောင်ရွက်နိုင်မှု မရှိဟု သံသယရှိသည်။ ထိုင်းနှင့် မြန်မာ ကြက်ခြေနီနှစ်ဖွဲ့လုံးသည် ဤမျှ ရှုပ်ထွေးသည့်အခြေအနေတွင် ထောက်ပံ့ကူညီမှုများ ပေးအပ်ရန် ဆောင်ရွက်နိုင်စွမ်း မရှိဟု သူမက ယုံကြည်သည်။

 

Parnpree က Tak ပြည်နယ်၊ မဲဆောက်မြို့ သတင်းစာရှင်းလင်းပွဲတွင် ထိုင်းနိုင်ငံ၏ ချဉ်းကပ်မှုကို "အစိုးရတွေနဲ့သာ ကျွန်တော်တို့ စတင်ခြင်းမပြုလုပ်ဘဲ အခြားသူတွေနဲ့သာ စတင်ခဲ့ရင်လည်း အစိုးရနဲ့ပဲ စတင်လုပ်ဆောင်ဖို့ဆီ ဘယ်လိုမဆို ပြန်ရောက်သွားမှာ ဖြစ်ပါတယ်။” ဟု ခုခံပြောကြားခဲ့သည်။

 

ကျွန်တော်တို့ သူတို့ရဲ့ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်မှာ မဟုတ်ပါဘူး။ ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်က လူသားချင်းစာနာမှုဆိုင်ရာအရေးကိစ္စကို ကူညီဖို့သက်သက်သာ ဖြစ်ပါတယ်။” ဟု ပြောပြီး ပြည်တွင်းပြဿနာများကို မြန်မာတို့ကိုယ်တိုင် ဖြေရှင်းရမည်ဟု ပြောခဲ့သည်။

 

ထိုင်းနိုင်ငံ၏ စီစဉ်ဆောင်ရွက်မှုသည် ဒေသတွင်း ပထဝီနိုင်ငံရေးတွင် နက်ရှိုင်းစွာ အမြစ်တွယ်နေကြောင်း အခြားသော ဆွေးနွေးပွဲတစ်ခုတွင် ၎င်းက အသိအမှတ်ပြုခဲ့သည်။ ပြီးခဲ့သည့်လက ဆွစ်ဇာလန်နိုင်ငံတွင် ပြုလုပ်သော ကမ္ဘာ့စီးပွားရေးဖိုရမ်မှ သံတမန်ရေးရား သီးခြားတွေ့ဆုံမှုတွင် မြန်မာ့ပဋိပက္ခ အဆုံးသတ်ရန် မတွေ့မြင်နိုင်သေးကြောင်း၊ "မြန်မာနိုင်ငံဟာ အစိတ်စိတ်အမွှာမွှာ ကွဲထွက်မှု တိုးပွားလာနေတယ်၊ အင်အားကြီးသူတွေရဲ့ ခတ်ကွင်းတစ်ခုဖြစ်လာနေတယ်လို့ ဒေသတွင်း နိုင်ငံများတွေအကြား စိုးရိမ်နေကြပါတယ်။ "၎င်းက ပြောသည်။

 

မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ ပြန်လည်ရောက်ရှိလာစေရေး ဆန္ဒရှိသော်လည်း မြန်မာနိုင်ငံမှ လူထု၏ လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်များကို ဖြေရှင်းပေးရန် အရေးတကြီးလိုအပ်နေသည်

 

မြန်မာနိုင်ငံ၏ အရှေ့ဘက်အိမ်နီးချင်းနိုင်ငံတစ်နိုင်ငံအနေဖြင့် ထိုင်းနိုင်ငံသည် အထူးသဖြင့် ဒုက္ခသည်များ စုပြုံဝင်ရောက်လာမည်ကို စိုးရိမ်နေသည်။

 

အာဆီယံအနေဖြင့် ဘုံသဘောတူညီချက် ငါးရပ်ကို အထောက်အထည်ဖော်ရန် တက်ကြွစွာ တွန်းအားရန် လိုအပ်သည်ဟု Parnpree က ပြောသည်။

 

မြန်မာဗိုလ်ချုပ်ကြီးများက သဘောတူညီချက်ကို ကနဦးတွင် သဘောတူခဲ့သော်လည်း အကောင်အထည်ဖော်ရန် ပျက်ကွက်ခဲ့သည်။

 

မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ ပြန်လည်ရောက်ရှိလာစေရေး ဆန္ဒရှိသော်လည်း မြန်မာနိုင်ငံမှ လူထု၏ လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်များကို ဖြေရှင်းပေးရန် အရေးတကြီးလိုအပ်နေသည်ဟု ကမ္ဘာ့စီးပွားရေးဖိုရမ်တွင် ၎င်းက ပြောသည်။

 

ထိုင်းနိုင်ငံ၏ ကူညီထောက်ပံ့ရေးအစီအစဉ်က "မြန်မာနိုင်ငံအတွင်းတွင်လည်းကောင်း၊ လုပ်ငန်းစဉ်များ ရှေ့ဆက်နိုင်သည်နှင့်အမျှ မြန်မာနှင့် နိုင်ငံတကာအသိုင်းအဝိုင်းအကြားတွင်လည်းကောင်း အပြုသဘောဆောင်သော ဆွေးနွေးပြောဆိုမှုများ တည်ဆောက်သွားနိုင်မည်” ဟု ထိုင်းနိုင်ငံက မျှော်လင့်ကြောင်း ၎င်းက ပြောသည်။

 

စီမံကိန်းအကောင်အထည်ဖော်မည့် မြန်မာနိုင်ငံ ကရင်ပြည်နယ်မှ နေရပ်စွန့်ခွာလာသူများကို လူသားချင်းစာနာမှုအထောက်အကူများ ဆယ်စုနှစ်တစ်ခုခန့် ကူညီလုပ်ဆောင်ပေးနေသည့် မဲဆောက်မြို့မှ ထောက်ပံ့ကူညီရေးလုပ်ဆောင်နေသူတစ်ဦးက ၎င်းသိရှိရသမျှ စီမံကိန်းသည် ကောင်းမွန်သော စီမံလုပ်ဆောင်မှုဖြစ်သော်လည်း မြန်မာနိုင်ငံတစ်ဝှမ်း နေရပ်စွန့်ခွာသူ အရေအတွက် အလွန်များပြားသည့်အတွက် အကန့်အသတ် အလွန်များပြားကြောင်း ပြောသည်။

 

၎င်းက လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းအတွက် မြန်မာစစ်တပ်ကို ၎င်းက ပြစ်တင်ပြောဆိုခဲ့ပြီး စစ်တပ်က ထောက်ပံ့ကူညီရေးစီမံကိန်းအားလုံးတွင် မပါဝင်သင့်ဟု ပြောသည်။ အာဏာပိုင်များက ၎င်း၏ အလုပ်များကို ဝင်ရောက်နှောက်ယှက်မည်ကို စိုးရိမ်ရ၍ ၎င်းက အမည်မဖော်ဘဲ ပြောသည်။ မြန်မာစစ်တပ်အာဏာပိုင်များသည် ၎င်းအစီအစဉ်ကို ဆောင်ရွက်နိုင်စွမ်းမရှိဟု ယုံကြည်ကြောင်း၊ ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေးကာလအတွင်းကပင် အထောက်အပံ့လိုအပ်နေသူ လူထုကို စစ်တပ်က ကူညီရန် ပျက်ကွက်ခဲ့ကြောင်း ၎င်းက စွပ်စွဲပြစ်တင်ခဲ့သည်။

 

ကိုးကား - AP

ပုံစာ - ဖေဖော်ဝါရီလ ၈ ရက် ၂၀၂၄ ခုနှစ် ထိုင်းနိုင်ငံ မဲဆောက်မြို့ မြန်မာနယ်စပ်အနီး အကောက်ခွန်စစ်ဆေးရေးဂိတ်တစ်ခုကို စစ်ဆေးနေသည့် ထိုင်းနိုင်ငံခြားရေးဝန်ကြီး Parpreee Bahiddha-Nukara (Photo:AP Photo/Jintamas Saksornchai)

 

မြန်မာ
ထိုင်း
လူသားချင်းစာနာမှုအထောက်အပံ့

Share With
bap-logo