bap-logo
Article

ရွှေတိုက်စိုးသည့် သူခိုးများကြောင့် လုံးပါးပါးနေရသည့် နိုင်ငံပိုင် မြန်မာ့လေကြောင်း

4vadeW0rv1_6Zy6xlU_ip-image

လွန်ခဲ့သော ၃ နှစ် က

နိုင်ငံပိုင် မြန်မာအမျိုးသားလေကြောင်းလိုင်း (Myanmar National Airline_MNA) သည် ကြီးကြီးမားမား အရှုံးပေါ်နေခြင်းကြောင့် ဆက်လက်ရပ်တည်နိုင်ရန် နိုင်ငံတော်ထံမှ ချေးငွေရယူဖို့ ဆောင်ရွက်နေသလို အစု ရှယ်ယာများ ထုတ်ရောင်းရန် စီမံနေကြောင်း ၂၀၂၁ စက်တင်ဘာလတွင် စစ်ကောင်စီ အာဘော် ကြေးမုံသတင်းစာပါ ဆောင်းပါးတစ်ခု၌ ဖော်ပြခဲ့သည်။

 

မြန်မာအမျိုးသားလေကြောင်းလိုင်းသည် ကိုဗစ်ကာလအတွင်း ဝင်ငွေ ၈၅ ရာခိုင်နှုန်းထိ ကျဆင်းသွားခဲ့သည်ဟု ယင်းဆောင်းပါးတွင် ဖော်ပြခဲ့သည်။

 

ကိုဗစ်ကြောင့် အရှုံးပေါ်နေရသည်ဟုဆိုသော်လည်း တကယ်တမ်း၌ MNA အရှုံးပေါ်နေရခြင်းသည် စစ်တပ်မှ လာသော မိုးကျရွှေကိုများ ဦးဆောင်ထားမှုနှင့် ကြီးမားသည့် အဂတိလိုက်စားမှုများ ရှိနေခြင်းကြောင့်ဟု အမည် မဖော်လိုသည့် သတင်းရင်းမြစ်တစ်ဦးက BAP ကို ပြောသည်။

 

လေကြောင်းစီးပွားရေးလုပ်ငန်း နှစ်စဉ်ငွေကြေးဆုံးရှုံးမှုဖြစ်ပေါ်နေရခြင်း၏ အဓိကအကြောင်းရင်းသည် စီမံ ခန့်ခွဲမှုနှင့် အုပ်ချုပ်မှုရာထူးနေရာများ၌ စစ်ဗိုလ်ချုပ်ဟောင်းများက အုပ်စီးရယူထားခြင်း၊ အဂတိ လိုက်စားမှုနှင့် လာဘ်ပေး လာဘ်ယူမှုများရှိနေခြင်း၊ နိုင်ငံတော်ပိုင်ပစ္စည်းနှင့် ငွေကြေးများနှင့် ရာထူးလုပ်ပိုင်ခွင့်များကို အလွဲ သုံးစားပြုခြင်း၊ ဘဏ္ဍာရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းနှင့် စည်းမျဉ်းစည်းကမ်းများကို မလိုက်နာခြင်း၊ ဘဏ္ဍာရေး နှစ်အလိုက် ငွေစာရင်းရှင်းတမ်းများအား မှန်မှန်ကန်ကန် စိစစ်ဖော်ထုတ်မှုမရှိခြင်း၊ စီးပွားရေးလုပ်ငန်းရှင် ခရိုနီများနှင့် ပူးပေါင်း၍ အဂတိလိုက်စားမှုများပြုလုပ်ခြင်း၊ စသည့်အကြောင်းအရာများကြောင့် အဓိကဖြစ်သည် ဟု MNA အား အုပ်စိုးချယ်လှယ်သူများနှင့် နီးစပ်သည့် အသိုင်းအဝိုင်းထံမှ BAP က သိရသည်။

 

၂၀၁၇-၁၈ ဘဏ္ဍာရေးရှင်းတမ်းတွင် လေယာဉ်ပေါ် စားသောက်ကုန်တင်ပေးသည့်ဌာန(Catering Invento ries) နှင့် ယင်း၏အခြားအသုံးစားရိတ်များအဖြစ် မြန်မာကျပ်ငွေ သန်း ၅၀ ခန့် သုံးစွဲထားခြင်းနှင့် လေယာဉ်စီး ခရီးသည်များအား ကျွေးသည့်မုန့်များအတွက် (Inflight Catering Cost) မြန်မာကျပ်ငွေ သန်း ၅၀ ခန့် သုံးစွဲထားမှု ရှိခဲ့သည်။ ယင်းပမာဏသည် အဆမတန်သုံးစွဲထားသည့် ငွေကြေးပမာဏဖြစ်သည်။

 

၂၀၁၉ ခုနှစ် ဇွန်လတွင် မြန်မာအမျိုးသားလေကြောင်းလိုင်း မြေပြင်ဝန်ဆောင်မှုလုပ်ငန်းဌာနသို့ နိုင်ငံတကာ လေကြောင်းလိုင်းအသီးသီးမှ ပေးသွင်းသော Non-Schedule flight ground service charges အတွက် အမေရိကန် ဒေါ်လာ ၄၀,၀၀၀ခန့်အား ဘဏ္ဍာငွေစာရင်းသို့ ပေးသွင်းရန် ပျက်ကွက်ခဲ့သည်ကို BAP က ရရှိထားသည့် မှတ်တမ်းများအရသိရသည်။

 

ထို့အတူ M.Jet Aviation နှင့် MAC ကုမ္ပဏီများမှ နိုင်ငံတကာလေယာဉ်များ Ground Handling လုပ်ငန်း အတွက် အမေရိကန်ဒေါ်လာ ၁၆,၀၀၀ ခန့်အား တရားမဝင်ပိုမိုကောက်ခံသည့် အဂတိလိုက်စားမှုဖြစ်စဉ်အား လေကြောင်း ဌာနဝန်ထမ်းများဖြစ်သည့် ဦးဇွဲရဲအောင်၊ ဦးအောင်ကိုတိုး၊ ဦးအောင်ကျော်သူတို့ ပူးပေါင်း၍ ကျူးလွန်ခဲ့မှုဖြစ်စဉ်လည်းရှိခဲ့ကြောင်းဆိုသည်။ အထက်ဖော်ပြပါ ကောက်ခံငွေ နှစ်ရပ်ပေါင်း အမေရိကန်ဒေါ်လာ ၅၆,၀၀၀ ခန့်သည် ၂၀၁၉ ခုနှစ် ဇန်နဝါရီမှ ဇွန်လထိ လတာ ကာလအတွင်း အလွဲသုံးစားပြုခဲ့သော ငွေကြေး ပမာဏသာဖြစ်သည်။

 

အဆိုပါ ကိစ္စနှစ်ရပ်စလုံးတွင် မြန်မာအမျိုးသားလေကြောင်းလိုင်း တာဝန်ရှိသူများ ပါဝင်ပတ်သက်မှု ရှိနေခြင်း ကြောင့်လည်းကောင်း၊ ကျူးလွန်သူများမှ အဂတိလိုက်စားမှုများအား ဖော်ထုတ်လာမည်ကို စိုးရိမ်သည့်အတွက် လည်းကောင်း အရေးယူဆောင်ရွက်ခြင်းမရှိဘဲ ယနေ့တိုင် ဖုံးကွယ်ထားသည်ဟု BAP က သိရသည်။

 

အထက်ဖော်ပြပါ ဖြစ်စဉ်နှင့်ပတ်သက်၍ အဓိကတာဝန်အရှိဆုံးပုဂ္ဂိုလ်သည် မြန်မာ့အမျိုးသားလေကြောင်း မြေပြင်ဝန်ဆောင်မှုဌာန၊ ဒါရိုက်တာ ဦးကျော်ဇေယျ (ဗိုလ်ကြီး/ငြိမ်း) ဖြစ်ပြီး ၎င်းကိုယ်တိုင် အဂတိ လိုက်စားမှုများဖြင့် လွန်စွာကြွယ်ဝချမ်းသာလာသူဖြစ်သည်ဟု BAP သတင်းရင်းမြစ်များက ဆိုသည်။

 

၎င်းသည် MNA လက်ရှိဒါရိုက်တာအဖွဲ့ဝင် ဦးသန်းထွန်းမှ ရွေးချယ်တာဝန်ပေး ခန့်အပ်ထားသူဖြစ်ပြီး မြေပြင် ဝန်ဆောင်မှုလုပ်ငန်းဌာနတစ်ခုလုံး၏ စက်သုံးဆီများ၊ လုပ်ငန်းသုံးယာဉ်များ၊ လေယာဉ်တင် အစားအသောက် လုပ်ငန်းများ၊ ကုန်စည်သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ၊ လေယာဉ်ဝန်ဆောင်မှုလုပ်ငန်းများ အားလုံးကို ချုပ်ကိုင်ထားပြီး နိုင်ငံတော်သမ္မတရုံး၏ ညွန်ကြားချက်အမှတ် (/၂၀၁၇) ဖြင့် ထုတ်ပြန်ထားသော ပစ္စည်းများ ဝယ်ယူခြင်း၊ ဝန်ဆောင်မှုရယူခြင်း၊ ငှားရမ်းခြင်းနှင့် ရောင်းချခြင်းများ ဆောင်ရွက်ရာတွင် လိုက်နာရမည့် တင်ဒါလုပ်ထုံး လုပ်နည်းများနှင့် ကိုက်ညီမှုမရှိဘဲ ဆောင်ရွက်ခြင်း၊ အဂတိလိုက်စားခြင်း၊ ငွေစာရင်းဇယား လိမ်လည်ခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့သည်ဟုဆိုသည်။

 

ထို့အပြင် ဦးသိန်းစိန်အစိုးရလက်ထက် ပို့ဆောင်ရေးဝန်ကြီးဌာန ဝန်ကြီးဟောင်း ဦးဉာဏ်ထွန်းအောင်သည် ၎င်း၏ သက်တမ်းမကုန်ဆုံးမီ တပည့်ဖြစ်သူ စိုးမြင့်အောင်(ဗိုလ်ကြီး/ငြိမ်း)အား မြန်မာအမျိုးသား လေကြောင်း လေယာဉ်တင်စားသောက်ကုန်လုပ်ငန်း မန်နေဂျာအဖြစ် ပြောင်းရွေ့ပေးခဲ့သည်။

 

ဦးသိန်းစိန်အစိုးရ ပို့ဆောင်ရေးဝန်ကြီးဟောင်း၏ လက်ရင်းတပည့်ဖြစ်သည့် ဦးစိုးမြင့်အောင်သည် ပြင်ပ စီးပွားရေးသမားများနှင့်ပူးပေါင်း၍ လေယာဉ်တင်စားသောက်ကုန်လုပ်ငန်းအား ဆောင်ရွက်ရာ၌ မမှန်ကန်သော ဈေးနှုန်းနှင့် အရည်သွေးနိမ့်ကျသည့် ပစ္စည်းများအား ကိုယ်တိုင်ဝယ်ယူခြင်း၊ စာရင်းဇယားများ လိမ်လည် တင်ပြခြင်း ရှိခဲ့ကြောင်း သိရသည်။

 

MNA အဆိုပါဌာနအားလုံးကို ကြီးကြပ်တာဝန်ယူရသည့် လက်ရှိ ဦးဆောင်ညွန်ကြားရေးမှူး ခုပ်ခန့်မုံ ကိုယ်တိုင်သည်လည်း မသိကျိုးကျွံပြုမှုများ ရှိနေကြောင်းသိရသည်။

 

ထို့အပြင် NLD အစိုးရလက်ထက် နိုင်ငံတော်ကချမှတ်ထားသည့် တင်ဒါ စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံး လုပ်နည်း များအား လိုက်နာခြင်းမရှိခဲ့ဘဲ မြေပြင်အထောက်အကူပြု ဌာနသုံးယာဉ်များ၊ ယန္တရားများ၊ အပိုပစ္စည်းများ၊ စက်သုံးဆီ၊ စက်ဆီ၊ ချောဆီများအား လက်သင့်ရာ ဝယ်ယူခြင်း၊ နိုင်ငံတော်ပိုင် လေယာဉ်များအား ထုခွဲ ရောင်းချခြင်း၊ လေယာဉ်အပို ပစ္စည်းများဝယ်ယူခြင်း၊ ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်းများကို ချိုးဖောက်ခြင်း ကိစ္စများ ဖြစ်ပေါ်ခဲ့သည်။

 

ထို့ပြင် နိုင်ငံတော်အစိုးရနှင့် ဝန်ကြီးဌာန၏ တရားဝင်ခွင့်ပြုချက်မရှိဘဲ နိုင်ငံတကာ လေကြောင်း အဖွဲ့ချုပ်မှ သတ်မှတ် ထားသော စံချိန်စံညွန်းများကို ချိုးဖောက်မှုများလည်း MNA အုပ်ချုပ်ရေးပိုင်းတွင် ရှိနေကြောင်း သိရသည်။

 

မြေပြင်ဝန်ဆောင်မှု ဒါရိုက်တာ ဦးကျော်ဇေယျ(ဗက-ငြိမ်း) က ၂၀၁၇ ခုနှစ်မှ စတင်၍ Cargo Airway Bill တစ်စောင်လျှင် အမေရိကန်ဒေါ်လာ ၁၀ သို့မဟုတ် မြန်မာငွေ တစ်သောင်းကျပ်အား ကောက်ခံရန် တရားမဝင် ညွှန်ကြားခဲ့ကြောင်းနှင့် မြန်မာအမျိုးသားလေကြောင်းလိုင်း ကုန်စည်ဌာနဝန်ထမ်း ဦးမျိုးလွင်သည် လစဉ် ဝန်ဆောင်မှုငွေ တန်ဖိုး ကျပ်သိန်း ၆၀၀ ခန့်အား နိုင်ငံတော် ဘဏ္ဍာအဖြစ် ပေးသွင်းခြင်း မရှိဘဲ အဂတိ လိုက်စားခဲ့ကြောင်း ထိုဝန်ထမ်း ကိုယ်တိုင် ဝန်ခံထားခဲ့သည်။

 

ဒါရိုက်တာ ဦးကျော်ဇေယျနှင့်အဖွဲ့သည် အထက်ဖော်ပြပါဖြစ်စဉ်နှင့်ပတ်သက်သော စာရင်းဇယားများ၊ စာရွက် စာတမ်းများအား ဖျောက်ဖျက်ပြီး အခြားအဂတိဖြစ်စဉ်များ ပေါ်ပေါက်လာမည်ကို စိုးရိမ်မှုဖြင့် ဝန်ခံဖော်ထုတ် ခဲ့သည့် ဦးမျိုးလွင်အား အရေးယူခြင်းမရှိဘဲ ဝန်ထမ်းအဖြစ်မှ နုတ်ထွက်စေခဲ့ခြင်းဖြင့် ယင်းအမှုအား ပြီးဆုံး စေခဲ့သည်။

 

MNA ဝန်ထမ်းများ၏ လစာနှင့်ပတ်သတ်၍ နိုင်ငံ့ဝန်ထမ်းလစာနှင့် စားရိတ်မူဝါဒများကို ဆန့်ကျင်၍ နှစ်စဉ် ဝန်ထမ်းလစာနှုန်းထားများအား မူဝါဒမရှိဘဲ လွန်စွာကွာဟပေးချေနေသည်ဟု BAP သတင်းရင်းမြစ်က ဆိုသည်။ MNA တွင် နိုင်ငံ့ဝန်ထမ်းမဟုတ်သော ပြင်ပမှ ခန့်အပ်ထားသော Chief Internal Audit ဆိုသူ၏ လစာသည် အမေရိကန်ဒေါ်လာ ၃,၀၀၀ ခန့် ရှိနေခဲ့သည်။ ထို့ပြင် ဝန်ထမ်းများထံမှ ပြည်ထောင်စု အခွန် အကောက်ဥပဒေအရ လစဉ်ဖြတ်တောက်သည့် တစ်ဦးချင်းဝင်ငွေများကိုလည်း ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်း များ အတိုင်း နိုင်ငံတော်ဘဏ္ဍာသို့ လစဉ်ပုံမှန်ပေးသွင်းခြင်းမရှိကြောင်း သိရသည်။

ထို့ပြင် ပြည်တွင်း၊ ပြည်ပ လေယာဉ်လက်မှတ်အရောင်းကိုယ်စားလှယ်များနှင့် လေယာဉ်လက်မှတ် ဈေးနှုန်းများ သတ်မှတ်ရာတွင်လည်း အဂတိလိုက်စားမှုများရှိနေခဲ့သည်။ Sun Far Travel and Tour နှင့် Maing Fong Travel and tour ကုမ္ပဏီတို့သည် မြန်မာအမျိုးသားလေကြောင်းလိုင်း၏ အရောင်းကိုယ်စားလှယ်အဖြစ် လုပ်ကိုင်ဆောင်ရွက်ခွင့်ရထားသော အရောင်းကိုယ်စားလှယ်များဖြစ်သည်။

 

Sun Far Travel and Tour မှ ဦးသန်းဦးနှင့် Maing Fong Travel and tour မှ ဦးကျော်ဒွန်းတို့သည် ညီအစ်အကိုအရင်းများဖြစ်ပြီး မြန်မာအမျိုးသားလေကြောင်းစီးပွားရေးဌာန၏ ပြည်တွင်းပြည်ပ လေယာဉ် လက်မှတ်ရောင်းချခြင်းလုပ်ငန်း အမှုဆောင်အရာရှိချုပ် (လက်ရှိ ဒါရိုက်တာအဖွဲ့ဝင်) ဦးသန်းထွန်းနှင့် ပူးပေါင်း၍ လွှမ်းမိုးချုပ်ကိုင်ထားပြီး လေယာဉ်လက်မှတ်အရောင်းကိုယ်စားလှယ်များ လိုက်နာရမည့် မူဝါဒစည်းကမ်းများကို ကင်းလွတ်ခွင့်ရထားပြီး လေယာဉ်လက်မှတ် အရောင်းကိုယ်စားလှယ် အထူးအခွင့်အရေးများရယူ၍ ကိုယ်ကျိုး စီးပွား ရှာနေသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီ ဖြစ်ကြောင်းဆိုသည်။

 

Sun Far Travel and Tour သည် ယခင် ဝန်ကြီးဦးဉာဏ်ထွန်းအောင် လက်ထက်မှစ၍ အာဏာပိုင်များနှင့် ပူးပေါင်းပြီး မြန်မာအမျိုးသားလေကြောင်းရှိ လေယာဉ်များအား သတ်မှတ်ငှားရမ်းခ ဈေးနှုန်းများထက် အဆ ပေါင်းများစွာ နိမ့်ကျပြီး Charter ငှားရမ်းအသုံးပြုခြင်း၊ လေယာဉ်လက်မှတ်ဈေးနှုန်းများအား သတ်မှတ် ဈေးနှုန်းထက် ဈေးနှိမ်ပေးချေ ရယူပြီး လေယာဉ်လက်မှတ်ရောင်းဝယ်ခြင်း လောကအား ချုပ်ကိုင်ဆောင်ရွက် နေခြင်း ဖြစ်ကြောင်း သိရသည်။

 

ကြုံတောင့်ကြုံခဲအနေဖြင့် NLD အစိုးရလက်ထက်တွင် MNA လေကြောင်းဌာနထိပ်တန်းအရာရှိတစ်ဦး ပြည်ပမှ လာဘ်ငွေ အမေရိကန် ဒေါ်လာ ၇၂,၀၆၆ ယူခဲ့သည်ကို စစ်ဆေးတွေ့ရှိရသည်ဟု အဂတိ ကော်မရှင်က စွပ်စွဲ၍ တရားစွဲခဲ့သည်။ စစ်အာဏာသိမ်းမှုမတိုင်မီ ၂၀၂၁ ခုနှစ် ဇန်နဝါရီလအစောပိုင်းတွင် လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန အထွေထွေမန်နေဂျာအဖြစ် တာဝန်ထမ်းဆောင်လျက် ရှိသည့် ဦးစိုးပိုင်ကို အဂတိ လိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၆ အရ တရားစွဲခဲ့ခြင်း ဖြစ်သည်။

 

ဦးစိုးပိုင်သည် တာဝန်ထမ်းဆောင်နေစဉ် လုပ်ပိုင်ခွင့်အာဏာကို အသုံးပြု၍ ကိုယ်ပိုင်စီးပွားရေးအသွင် ဆောင်ရွက်ကာ ပြည်ပလေကြောင်းအော်ပရေတာ ကိုယ်စားလှယ်များထံမှ လေကြောင်းဖြတ်ကျော် ပျံသန်းခွင့် အမြန်ရရှိစေရန် ပြည်ပလေကြောင်း အော်ပရေတာ ကိုယ်စားလှယ် (Agent) ၁၂ ခုထံမှ ဆောင်ရွက်ခများ ရယူခဲ့သည်ဟု ကော်မရှင်၏ အဆိုပါကာလထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

ဦးစိုးပိုင်သည် ဖြတ်သန်းခွင့် ပါမစ်နံပါတ်တစ်ခုလျှင် အမေရိကန် ဒေါ်လာ ၁၀၀၊ ၆၀၊ ၄၀ စသဖြင့် ပေးချေရန်ဦးစိုးပိုင်အမည်ဖြင့် ဖွင့်လှစ်ထားသည့် အီးမေးလ်လိပ်စာတစ်ခုကို အသုံးပြု၍ ပြည်ပလေကြောင်း အော်ပရေတာ ကိုယ်စားလှယ်များထံ အကြောင်းကြားခဲ့ခြင်းအား ကော်မရှင်က စစ်ဆေးတွေ့ရှိခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

 

မြန်မာအမျိုးသားလေကြောင်းလိုင်း (MNA) သည် ၁၉၄၈ ခုနှစ်ကတည်းက စတင်တည်ထောင်ခဲ့သည့် သက်တမ်း ၇၄ နှစ်ရှိပြီဖြစ်တဲ့ နိုင်ငံပိုင်လေကြောင်းလိုင်းတစ်ခုဖြစ်သည်။

 

မြန်မာပြည်လွတ်လပ်ရေးရပြီးနောက် ၁၉၄၈ ခုနှစ် စက်တင်ဘာ ၁၅ ရက်တွင် Union of Burma Airways (UBA) အဖြစ် စတင်တည်ထောင်ခဲ့ပြီး ၁၉၇၂ ခုနှစ်မှာ Burma Airways အဖြစ် အမည်ပြောင်းခဲ့ကာ ၁၉၈၉ ဧပြီ ရက်တွင် Myanma Airways အမည်ထပ်မံ ပြောင်းလဲခဲ့သည်။

 

ထို့နောက် ၁၉၉၃ ခုနှစ်တွင် Myanmar Airways International (MAI) အမည်ဖြင့် ဖက်စပ်လုပ်ကိုင်ခဲ့ကာ ၂၀၁၄ ဒီဇင်ဘာလတွင် မြန်မာအမျိုးသားလေကြောင်းလိုင်း (MNA) အဖြစ် နာမည်သစ်ဖြင့် ပြေးဆွဲခဲ့ခြင်းဖြစ်သည်။

 

လတ်တလောတွင် ကိုဗစ်ကြောင့် ဝင်ငွေကျဆင်းသည်ဟုဆိုကာ လေကြောင်းလိုင်း ဆက်ရပ်တည်နိုင်ရန် လေကြောင်းလိုင်း၏ အကြီးမားဆုံးအသုံးစရိတ်ဖြစ်သည့် လေယာဉ်ငှားရမ်းခ ပေးချေစရိတ်နှင့် ဝန်ထမ်း လစာစရိတ်များ လျော့ချရန် စီစဉ်ဆောင်ရွက်နေပြီး လေကြောင်းလိုင်းပြေးဆွဲနေသည့် လေယာဉ် ၁၀ စင်းအထိ လျှော့ချပြီး မူလဝန်ထမ်းအင်အား ၂,၀၀၀ ကျော်ကိုလည်း အချိုးကျလျှော့ချရန် စီစဉ် လျက်ရှိသည်။ ထိုအခက်အခဲကို ဖြေရှင်းနိုင်ရန် နိုင်ငံတော်ထံမှ အမေရိကန် ဒေါ်လာ ၂၄ သန်း ထုတ်ချေးပေးဖို့ တောင်းခံထားကြောင်းသိရသည်။

 

အာဏာပဲသိမ်းသိမ်း ဘာပဲဖြစ်ဖြစ် သူတို့ကအဆင်ပြေတယ်။ လက်ရှိမှာ တင်အောင်ဆန်း (စစ်ကောင်စီ လက်ထက်တွင် ရေချုပ်မှ ပို့ဆောင်ရေးဝန်ကြီးဖြစ်လာသူ) လိုလူကို ပို့လိုက်တာ ဒီလိုနိုင်ငံခြားဝင်ငွေ ရတဲ့နေရာကို ထိန်းချုပ်လို့ရအောင် ပို့လိုက်တာလို့တွက်လို့ရတယ်။ လက်ရှိမှာလည်း စကစအတွက်ကို ဒီကနေ ဝင်ငွေစီးဆင်းမှုက ရှိနေမှာပဲလေ။ ဒါကြောင့် ပြည်သူတွေအနေနဲ့ MNA လေယာဉ်တွေကို အသုံးမပြုဘဲ boycott လုပ်သင့်တယ်ဟု BAP ၏သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

 

လေယာဉ်မှူးများမှအစ စစ်တပ်မှပြောင်းလာသည့် ဗိုလ်မှူးကြီး၊ ဗိုလ်ကြီးစသည့် ပုဂ္ဂိုလ်များ ကြီးစိုး ခြယ်လှယ်နေသည့် MNA သည် ၂၀၂၁ ဖေဖေါ်ဝါရီ အာဏာသိမ်းမှုအပြီး အာဏာဖီဆန်ရေးလှုပ်ရှားမှုတွင် တက်ကြွစွာပါဝင်ခဲ့သည့် ၎င်း၏ ဝန်ထမ်းများအား အမှုဖွင့် တရားစွဲဆိုစေခြင်း၊ ဖမ်းဝရမ်းထုတ်ခြင်း များကို ဆောင်ရွက်မှုများရှိခဲ့သည်။

 

ပုံစာ - မြန်မာအမျိုးသားလေကြောင်းလိုင်းမှ လေယာဉ်တစ်စင်းအားတွေ့ရစဉ်

 

Burma Associated Press

မြန်မာအမျိုးသားလေကြောင်းလိုင်း
စစ်တပ်
စစ်အာဏာရှင်
အကျင့်ပျက်ခြစားမှု
မြန်မာ

Share With
bap-logo