bap-logo
Article

ညီညွတ်သော ကျယ်လောင်သံ

ZdGjZ7oermNqp6eq7mBdr-image

လွန်ခဲ့သော ၂ နှစ် က

ဖေဖော်ဝါရီ ၁ ရက် ၂၀၂၃ အသံတိတ်သပိတ်ကို ကျွန်တော် အလွန် ရင်ခုန်ခဲ့ရသည်။

 

 

သပိတ်ဆင်နွှဲကြရန် တိုက်တွန်းနှိုးဆော်ကြတော့ ဖြစ်မှဖြစ်ပါ့မလား၊ အောင်မှအောင်မြင်ပါ့မလား၊ ရှေ့က အောင်မြင်ခဲ့သော အသံတိတ် သပိတ်များကို ကျော်လွန်ပါ့မလားလို့ စိုးရိမ်မိခဲ့သည်။

 

 

တော်လှန်ရေးရေချိန်ကို အားစမ်းရတာပေါ့ဟု သူငယ်ချင်းဖြစ်သူကို ထုတ်ပြောဖြစ်သည်။

 

 

ဆိုခဲ့သလို စိုးရိမ်ခဲ့ရသည်မှာလည်း အများပြည်သူအပေါ် အထင်အမြင်သေး၍ မဟုတ်ပါ။ စစ်ကောင်စီ၏ ဖိနှိပ်မှု၊ ကောက်ကျစ်ညစ်ပတ်မှု အသွယ်သွယ်ကြား၊ စားဝတ်နေရေးကျပ်တည်းမှု အထွေထွေကြား၊ မသေရုံတမယ် ရုန်း ကန်လှုပ်ရှားရသူများအကြား အသံတိတ်သပိတ်ပါဝင်ဆင်နွှဲရန် အားမှဖြစ်ပါ့မလားဟု တွေးမိခြင်းဖြစ်သည်။

 

 

တကယ့် မြေပြင်အခြေအနေမှာ အထင်နှင့် အမြင်သည် တက်တက်စင်အောင်လွဲသွားရသည်။ အသံတိတ်သပိတ် ဆင်နွှဲရန် တိုက်တွန်းချက် စတင်လိုက်သည်နှင့် အများပြည်သူသည် ပါဝင်ဆင်နွှဲနိုင် ကြရန် စတင်ပြင်ဆင် ကြသည်။

 

 

အချင်းချင်း အသိပေးနှိုးဆော်ကြသည်။ ဆောင်ရွက်စီမံရန် ပြင်ဆင်ထားသည့် လုပ်ငန်းဆောင်တာ ကိစ္စများကို ရွေ့ဆိုင်းကြသည်။ ရုံးတက် အလုပ်တက်ရန် မဖြစ်မနေရှိသူများသည် နံနက် ၁၀ နာရီ မတိုင်မီ ရုံးတက်ရန် ပြင်ဆင်ကြ သည်။

 

 

သည်လိုဖြင့် ဖေဖော်ဝါရီ ၁ ရက်မတိုင်မီ ကတည်းက အများပြည်သူသည် ကိုယ်တိုင်အသိဖြင့် နိုးကြား နေကြသည်။ အရပ်သားပြည်သူအချင်းချင်း သတင်းပေး၊ အသိပေးဖြင့် လက်ဆင့်ကမ်း နှုတ်စကား ဆိုကြရင်း ဖေ ဖော်ဝါရီ ၁ ရက် အသံတိတ်သပိတ်ကို ပုံဖော်လာကြသည်။ ထို့သို့ ပုံဖော်လာကြသည်မှာလည်း ငွေကြေး၊ အခွင့်အရေး တစ်စုံတရာဖြင့် စည်းရုံးခံကြရသည် မဟုတ်ပါ။

 

တကယ်တော့ ကျွန်တော် နေထိုင်ရာ ရပ်ကွက်လေးသည် လှည့်လည်ဈေးရောင်းကြသည့် မုန့်သည်၊ ပန်းသည်၊ အ သီးအနှံသည်၊ ငါးသည်၊ ကြက်သားဝက်သားသည်၊ အုန်းစိမ်းသည်၊ ကြံရည်သည် စသည် စသည်ဖြင့် အသံမစဲ တသဲသဲဖြင့် အစုံကြားရသောအရပ်ဖြစ်သည်။

 

 

အသံတိတ်သပိတ်နေ့ ဖေဖော်ဝါရီ ၁ ရက် နံနက်ပိုင်း ခပ်စောစောမှာ လူအများက အပြင်ထွက်စရာ ကိစ္စများအတွက် ခပ်သုတ်သုတ်သွားကြသည်။ အိမ်အနီးအပါးက ကျောင်းသူကျောင်းသားအချို့ ကျောင်းသို့ မသွားကြပါ။ ဒီနေ့ သူတို့ကျောင်းမတက်ဟု ဆိုကြသည်။

 

 

နံနက် ၉ နာရီသာသာလောက်တွင် အိမ်သူဝယ်နေမြဲ အသီးအရွက်သည်လှည်းက အိမ်ရှေ့ ရောက်လာသည်။ အိမ်သူက ဈေးဝယ်ရန် ခြံပေါက်သို့ ထွက်ရင်း "ညီမလေး ‌စောလှချည်လား"ဟု နိမိတ်ပြမေး မေးလိုက်သည်။ ဈေးသည် ညီမက "ဟုတ်တယ် အစ်မ၊ ပြန်တော့မှာ။ ၁၀ နာရီမထိုးခင်ပြန်မှာလေ"ဟု ဆိုသည်။ သည်လိုဖြင့် အသံစုံတီးဝိုင်းပမာ ဈေးရောင်းသံမစဲသော အရပ်သည် ၁၀ နာရီတွင် တိတ်ဆိတ်ငြိမ်သက်သွားသည်။

 

 

ထို တိတ်ဆိတ်ခြင်းနှင့်အတူ နိုင်ငံတစ်ဝန်းက တိတ်ဆိတ်သောအသံများကို နားစွင့်နိုင်ရန် ဖေ့ဘွတ်ခ် လူမှုကွန်ရက်သို့ ရောက်ရသည်။ ဟိုကြည့် ဒီကြည့်၊ ဟိုစနည်းနာ ဒီစနည်းနာဖြင့် အသံတိတ်သပိတ်၏ တိတ်ဆိတ်ခြင်းကို ရှာဖွေ ကြည့်မိသည်။

 

 

အကြောင်းစုံသော ကာလတစ်ခုအရောက် နေမွန်းတည့်ချိန်တွင် တစ်နိုင်ငံလုံး၏ တိတ်ဆိတ်သံများကို ကျယ်လောင်စွာ မြင်လိုက်ရလေသည်။ ထိုအမြင်နှင့်အတူ မျက်ရည်စများ ဝဲတက်လာသည်။ အောင်နိုင်ပါ့မလား တွေးမိသောအတွေးများ ကြက်ပျောက်ငှက်ပျောက် ပျောက်ကုန်သည်။ စိုးရိမ်မိခဲ့သည့် စိုးရိမ်စိတ်များအတွက် ကိုယ့်ကိုယ်ကို ရှက်မိရသည်။

 

 

"တို့ပြည်သူတွေ ညီရဲ့လားဟေ့။ ညီတယ်ဟေ့၊ ညီတယ်ဟေ့" ဆိုသော ကြွေးကြော်သံကို နားတွင် အင်ပြည့်အားပြည့် ကြားလာရသည်။ ဒီမိုကရေစီလိုလားသော အများပြည်သူ၏ ရှင်းလင်း ပြတ်သားသော သဘောထား၊ ခိုင်မာ သည့် စိတ်ဓာတ်၊ သွေးမအေးကြောင်းပြသည့် သက်သေ၊ အာဏာရှင်အလိုမရှိဆိုသော ဆုံးဖြတ်ချက်နှင့် တာဝန်ကျေလွန်းသည့် ပြည်သူ့စိတ်ဓာတ် သံဓိဌာန်ကို အထင် အရှားတွေ့လိုက်ရသည်။

 

 

မြန်မာပြည်သူများအနေဖြင့် အာဏာရှင်ကို လုံးဝ(လုံး၀) အလိုမရှိကြောင်း နိုင်ငံတကာက လေးစား လောက်ရ အောင် ထုတ်ပြနိုင်ခဲ့သည်ကို ဂုဏ်ယူမိသည်။ ပြည်သူလူထု၏ နိုင်ငံရေးအသိ မြင့်မားနေသည်ကိုလည်း အထင်အရှားသိရသည်။

 

 

သည်လိုဖြင့် တစ်ဆက်တည်း တွေးမိသည်မှာ ပြည်သူ လူထုသည် အမြဲတစေ တာဝန်ကျေပွန် နေကြသည်ဟု ဖြစ်သည်။

 

 

၂၀၁၅ အထွေထွေရွေးကောက်ပွဲ၊ ၂၀၂၀ အထွေထွေရေးကောက်ပွဲ၊ ယခုနွေဦးတော်လှန်ရေးအပါအဝင် လူထုလှုပ် ရှားမှု အခြေအနေအသီးသီးတွင် ပြည်သူသည် တာဝန် ကျေပွန်စွာ ပါဝင်ခဲ့ကြသည်။ ပြည်သူသည် ပြည်သူ့ တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ခဲ့ကြပြီဖြစ်သည်။တာ ဝန်ကျေပွန်သည် ထက်ကိုပို၍ တာဝန်ကျေခဲ့ပြီဟု ဆိုရမည်။

 

 

ကျန်ရှိသောတာဝန်များအတွက် ပြည်သူက အခွင့်အာဏာအပ်နှင်းခံရသောသူများတွင်သာ တည်ပေတော့မည်။

 

 

ပြည်သူလူထုသဘောမတူလျှင်၊ သဘောမညီလျှင် ရှင်သန်ခွင့်ရမည် မဟုတ်ဆိုသည်ကို ဆိုင်ရာသူများ သတိပြုသင့်သည်။ အာဏာသည် ပြည်သူ့ထံမှ ဆင်းသက်ကြောင်း လူထုသည် အကြိမ်ကြိမ် သက်သေပြပြီး ဖြစ်သည်။

 

 

၂၀၂၃ ဖေဖော်ဝါရီ ၁ ရက် အသံတိတ်သပိတ်သည် တို့ပြည်သူတွေညီညွတ်ကြောင်း အသံတိတ် ကြွေးကြော် လိုက်သော တိတ်ဆိတ်လွန်းသည့် ကျယ်လောင်သံဖြစ်သည်။

 

 

Burma Associated Press

 

အသံတိတ် သပိတ်
ရန်ကုန်
စစ်အာဏာရှင်

Share With
bap-logo