Article
မြန်မာနိုင်ငံမှ လက်ဗလာ၊ ပလာယာတို့ဖြင့် မြေမြှုပ်မိုင်းရှင်းနေသူများ
လွန်ခဲ့သော တစ်နှစ် က
မြန်မာနိုင်ငံအရှေ့ပိုင်းရှိ ခြုံနွယ်ပိတ်ပေါင်း ထူထပ်သောနေရာတစ်ခုတွင် လူခြောက်ဦးသည် ထွန်ခြစ်၊ ပေါက်တူးတို့ ကိုင်ဆောင်ထားသော်လည်း လယ်သမားများ မဟုတ်ကြဘဲ စစ်အာဏာရှင်နှင့် ဒီမိုကရေစီလိုလားသည့် တိုက်ခိုက်ရေးသမားများအကြား ဖြစ်ပွားနေသော စစ်ပွဲမှ ပြင်းထန်သည့် မြေမြှုပ်မိုင်းများကို ရှင်းလင်းနေကြသည့် တော်လှန်ရေး တပ်စုတစ်ခုဖြစ်သည်။
မိုင်းတစ်ခုရှာတွေ့သောအခါ တစ်ဦးက မြေကြီးထဲမှ လက်ဝါးအရွယ်ရှိ မြေကြီးများဖုံးအုပ်ကာထားသည့် မိုင်းကိရိယာတစ်ခုကို ၎င်း၏ လက်ဖြင့် မတင်ယူလိုက်ကာ ရိုးရိုး ပလာယာတစ်ခုဖြင့် အသက်မဲ့စေရန် လုပ်ဆောင်မည့်သူကို ပေးအပ်လိုက်သည်။
ကိရိယာမပြည့်စုံသော မိုင်းရှင်းလင်းရေးသမားများသည် ၂၀၂၁ ခုနှစ် အာဏာသိမ်း မြန်မာစစ်တပ်ကို ခုခံမှုပြင်းထန်သည့် ထိုင်းနိုင်ငံနှင့် နယ်စပ်ချင်း ထိစပ်နေသော ကယားပြည်နယ်မှ တောင်တန်းများနှင့် ကွင်းပြင်များကို ထိတွေ့ပွတ်သပ်ကာ မိုင်းရှာဖွေကြသည်။
ကုလသမဂ္ဂအဆိုအရ ၎င်းဒေသတွင် လူဦးရေ တစ်သိန်းအထက် ပြောင်းရွှေ့ခဲ့ကြရပြီး အိမ်ပြန်သူများသည်လည်း တိုက်ခိုက်နေသူတို့ ထားခဲ့သည့် မိုင်းအန္တရာယ်ကို ရင်ဆိုင်ကြရသည်။
“ရှင်းလင်းဖို့ လိုအပ်တဲ့ ဧရိယာက အရမ်းကျယ်ပြန့်တယ်။ တပ်ဖွဲ့တွေ အများကြီးသုံးပြီး ရှင်းလင်းရတယ်။” ဟု ကရင်နီ အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့(KNDF) မှ ဆင်ဖြူက AFP ကို ပြောသည်။
“မိုင်းရှာဖွေရေး စက်တစ်လုံး ဝယ်နိုင်တယ်ဆိုရင်တောင် ဒီလုပ်ငန်းအတွက် မလုံလောက်သေးဘူး။ ရှိတဲ့ စက်ကိရိယာနဲ့ပဲ ဖြည်းဖြည်းချင်း လုပ်ကြရတယ်။”
KNDF သည် မြန်မာနိုင်ငံတွင် ဒီမိုကရေစီ ပြန်လည်ရရှိရေး တိုက်ပွဲဝင်နေသည့် ဒါဇင်ပေါင်းများစွာသော အဖွဲ့များမှ တစ်ခုဖြစ်သည်။
ရှင်းလင်းရေး ကြိုးပမ်းလုပ်ဆောင်နေကြချိန်တွင်ပင် မြေမြှုပ်မိုင်းများကြောင့် အရပ်သားများ၏ အသက်ဆုံးရှုံးခဲ့ကြရသည်။
အသက် ၃၄ နှစ်အရွယ်ရှိ မလှဝင်းသည် ၎င်း၏ ရွာအနီး တိုက်ပွဲများ ဖြစ်ပွားလာသောကြောင့် ရှမ်းပြည်နယ်နှင့် နယ်စပ်ဖြစ်သော ဖယ်ခုံမြို့နယ်ရှိ ရွှေ့ပြောင်းသူတို့၏ စခန်းတွင် နေထိုင်သူဖြစ်သည်။
မိုးရာသီဖြစ်သော ဂျွန်လတွင် စခန်းတွင်း အအေးဒဏ်ကာကွယ်ရန်အတွက် စောင်ယူရန် မိတ်ဆွေ သုံးဦးနှင့်အတူ ရွာသို့ သွားခဲ့ကြသည်။
အိမ်မရောက်မီမှာပင် သူမ မိုင်းတစ်ခုပေါ် နင်းမိခဲ့သည်။
“ကျွန်မ ခန္ဓာကိုယ် ချက်ချင်း မြောက်တက်သွားပြီး ပြန်ကျလာတယ်။” ဟု သူမ၏ ကလေးအတူ နေထိုင်သော တဲအတွင်းတွင် AFP ကို ပြောသည်။
“ရုတ်တရက်လန့်ပြီး ခြေထောက်က ဘာခံစားမှုမှ မခံစားရဘူး။ ဒါပေမယ့် ကျွန်မ ခြေထောက်မရှိတော့တာ မြင်ရတယ်။”
သူမသည် ဆေးရုံတွင် ၁၃ ရက်ကြာ နေခဲ့ရပြီး ဆရာဝန်များက သူမ၏ ခြေထောက်ကို ဖြတ်တောက် ကုသပေးခဲ့ကြကာ ယခုအခါ သွားလာရန် ချိုင်းထောက်ကို အားပြုသွားလာရသည်။
“ကျွန်မ တခြားလူတွေလို မသွားလာနိုင်တဲ့အတွက် ကျွန်မကို ကျွန်မ ဒေါသထွက်တယ်။” ဟု AFP ကို ပြောသည်။
“ကျွန်မ တခြားလူတွေလို မသွားလာနိုင်တဲ့အတွက် ကျွန်မကို ကျွန်မ ဒေါသထွက်တယ်။”
“ကျွန်မ စိတ်ထဲက တစ်နေရာကို သွားချင်တယ်။ ဒါပေမယ့် ခန္ဓာကိုယ်က မတတ်နိုင်ဘူး။”
မြန်မာနိုင်ငံသည် ကုလသမဂ္ဂ လူသတ်မိုင်းဆန့်ကျင်ရေး သဘောတူညီချက်ကို လက်မှတ် မရေးထိုးထားပါ။
မြန်မာစစ်အာဏာရှင်တပ်ဖွဲ့များသည် အာဏာသိမ်းဆန့်ကျင်သည့် တိုက်ခိုက်ရေးသမားများနှင့် တိုက်ပွဲ ဖြစ်ပွားနေသော ကျေးရွာများအနီးတွင် မြေမြှုပ်မိုင်းများ "အမြောက်အများ" မြှုပ်နှံထားကြောင်း နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က ယမန်နှစ်က ဖော်ပြထားသည်။
ဒေသတစ်ခုမှ စစ်အာဏာရှင်တပ်ဖွဲ့များကို တိုက်ထုတ်ခံရလျှင် ဆင်ဖြူ၏ အဖွဲ့က ကင်းလှည့်စစ်ဆေးကာ ခြုံနွယ်ပိတ်ပေါင်းများအောက် ဖုန်းကွယ်ထားသည့် မိုင်းများကို ရှာဖွေကြသည်။
“မိုင်းရှင်းလင်းရေးကို ဦးစားပေးလုပ်ဆောင်ကြပါတယ်။ ဒါမှ ရွာသားတွေ စိုက်ပျိုးနိုင်မယ်။ သူတို့ရွာမှာ သူတို့နေနိုင်မယ်။” ဟု အသက် ၃၁ နှစ်အရွယ် မျက်မှန်တပ်ထားသူ ဆင်ဖြူက ပြောသည်။
၎င်း၏ အဖွဲ့သည် တစ်လလျှင် မိုင်း ၆၀ မှ ၇၀ ကြား ရှာဖွေနိုင်ကြပြီး အများစုမှာ အမေရိကန်နိုင်ငံက ၁၉၅၀ ခုနှစ်များတွင် ပထမဆုံး အသုံးပြုခဲ့သည့် M14 အမျိုးအနွယ်ဝင်များ ဖြစ်ကြသည်။
KNDF သည်လည်း မိုင်း အသုံးပြုကြောင်း သို့သော် စခန်းနှင့် တိုက်ပွဲဖြစ်ပွားရာနေရာများကို ကာကွယ်ရန်သာ ဖြစ်ကြောင်း ဆင်ဖြူက ပြောသည်။
စစ်အာဏာရှင်တပ်ဖွဲ့များ ဆုတ်ခွာသွားလျှင် ဘေးကင်းကြောင်း ၎င်းတို့ မကြေညာမချင်း ရွာသားများ အိမ်ကို အလျင်စလို မပြန်ကြရန် KNDF က သတိပေးသည်ဟုလည်း ၎င်းက ပြောသည်။
အသက် ၁၉ နှစ်အရွယ်ရှိ KNDF တိုက်ခိုက်ရေးသမာ ဂျိုးဇက်သည်လည်း ယမန်နှစ် ဇန်နဝါရီလက ကယားပြည်နယ်တွင် စစ်တပ်နှင့် တိုက်ပွဲအတွင်း မိုင်းနင်းမိကာ ခြေထောက်ဆုံးရှုံးခဲ့သူဖြစ်သည်။
၎င်းသည် အချိန်မီ ဆေးကုသမှုရရှိခဲ့သော်လည်း အခြားရဲဘော်အချို့မှာမူ သွေးထွက်လွန်သေဆုံးခဲ့ကြသည်ဟု ၎င်းက ပြောသည်။
ရှစ်လအကြာတွင် ခြေတုတစ်ခု ရရှိခဲ့ကာ ယခုအချိန်တွင် မော်တော်ဆိုင်ကယ်နှင့် သွားလာနိုင်ပြီဖြစ်သည်။ သူသည် ရှေ့တန်းတွင် တိုက်ခိုက်ခြင်း မပြုနိုင်တော့ဘဲ ဒီမိုကရေစီအရေးလှုပ်ရှားသည့် ရေဒီယိုစခန်းတစ်ခုတွင် ဝင်ရောက်လုပ်ကိုင်နေသည်။
သို့သော် သူသည်လည်း စိတ်ဒဏ်ရာ ခံစားနေခဲ့ရသည်။
“ဒဏ်ရာ ရကတည်းက စိတ်ဓာတ်ကျတယ်။ တခါလေ ကိုယ့်ကို ကိုယ် နာကျင်အောင်လုပ်ပြီး အဆုံးစီရင်လိုက်ချင်တယ်။” ဟု သူက ပြောသည်။
“ဒဏ်ရာ ရကတည်းက စိတ်ဓာတ်ကျတယ်။ တခါလေ ကိုယ့်ကို ကိုယ် နာကျင်အောင်လုပ်ပြီး အဆုံးစီရင်လိုက်ချင်တယ်။”
KNDF က မြေမြှုပ်မိုင်းကြောင့် ၎င်းတို့၏ တိုက်ခိုက်ရေးသမား မည်မျှ ဒဏ်ရာရခဲ့သည်၊ သေဆုံးခဲ့သည်ကို မထုတ်ပြန်ထားပါ။
မြေမြှုပ်မိုင်းများနှင့် မပေါက်ကွဲသေးသော ကျည်များကြောင့် မြန်မာနိုင်ငံတွင် ယခင်နှစ်က နေ့စဉ် လူတစ်ဦးအထက် ထိခိုက်ဒဏ်ရာရခြင်း သို့မဟုတ် သေဆုံးခြင်း ဖြစ်ပွားခဲ့သည်ဟု ဖေဖော်ဝါရီလက ကုလသမဂ္ဂက ထုတ်ပြန်ထားသည်။
ကယားပြည်နယ်မှ စစ်ပွားဖြစ်ပွားခဲ့သော မြေပြင်များတွင် “မြေမြှုပ်မိုင်းတွေ ရှာဖို့ ကျန်နေသေးတယ်။” ဟု ဆင်ဖြူက ပြောသည်။
ရွှေ့ပြောင်းရသူ၏ စခန်းတွင် သူမ၏ ကလေးနှင့် နေထိုင်နေသူ မလှဝင်းသည် ခြေတု တစ်ခု ရရှိရန် မျှော်လင့်နေဆဲဖြစ်သည်။
“ကျွန်မကိုမှ ထိတယ်ဆိုတော့ ကျွန်မကံပဲပေါ့” ဟု သူမက ပြောသည်။
“ဒီလမ်းကို ဖြတ်သွားနေသူတွေ အများကြီးထဲကမှ ကျွန်မက မြေမြှုပ်မိုင်းပေါ် နင်းမိတာကိုး။”
ကိုးကား - AFP
ပုံစာ - မြန်မာစစ်တပ်မှ ထောင်ထားသော မြေမြှုပ်မိုင်းများကို ထွန်ခြစ်ဖြင့် ရှာဖွေနေသည့် ကရင်နီ အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ဝင်များ (Photo: AFP)
Related Articles
- မြန်မာစစ်အာဏာပိုင်တို့၏ သံတမန် နှင်ထုတ်မှု အရှေ့တီမော ရှုတ်ချ
- စစ်ကောင်စီ ဗိုလ်မှူးချုပ်တစ်ဦး၏ တပ်ပြောင်းပစ္စည်းများ သိမ်းဆည်းရမိခဲ့ဟု MOD ဆို
- စစ်ကောင်စီအနေဖြင့် နိုင်ငံတကာ သံတမန်ဆက်ဆံရေးကို ဆုံးဖြတ်ပိုင်ခွင့် မရှိဟု NUG ဆို
- မြန်မာအာဏာသိမ်းခေါင်းဆောင်တို့နှင့် အဆက်အသွယ်ဖြတ်ရန် ကုလကို အရပ်ဘက်အစုအဖွဲ့ ၅၁၄ ခုက တောင်းဆို
Top News
လွန်ခဲ့သော ၉ ရက် က
လွန်ခဲ့သော ၁၇ ရက် က
လွန်ခဲ့သော ၁၇ ရက် က