bap-logo
Politics

မြန်မာအာဏာသိမ်းခေါင်းဆောင်တို့နှင့် အဆက်အသွယ်ဖြတ်ရန် ကုလကို အရပ်ဘက်အစုအဖွဲ့ ၅၁၄ ခုက တောင်းဆို

yterrkLVirrzMRwBbaLm0-image

လွန်ခဲ့သော တစ်နှစ် က

ဩဂုတ် ၂၃

ကုလသမဂ္ဂကူညီကယ်ဆယ်ရေးအကြီးအကဲ Martin Griffiths ၏ မကြာသေးခင်က မြန်မာသို့ သွားရောက်မှုအပေါ် မြန်မာနိုင်ငံမှ အရပ်ဘက်အစုအဖွဲ့များက ၎င်း၏ သွားရောက်မှုသည် လူသားချင်းစာနာမှုအထောက်အကူ တိုးတက်ရေးအတွက် ထူးခြားသည့် တိုးတက်မှု မရရှိနိုင်ကြောင်း၊ အထောက်အပံ့များကို နိုင်ငံရေးနှင့် စစ်ရေးအကျိုးအမြတ်အတွက် အသုံးပြုနေသည့် အာဏာသိမ်းခေါင်းဆောင်တို့ကို တရားဝင်စေမှုသာ ဖြစ်စေမည်ဟု ဝေဖန်လိုက်သည်။

 

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ လက်ထောက်အထွေထွေအတွင်းရေးမှူးနှင့် အရေးပေါ် ကယ်ဆယ်ရေး ညှိနှိုင်းရေးမှူး Griffiths သည် နေပြည်တော်သို့ ယခင်အပတ်က သွားရောက်ခဲ့ပြီး နိုင်ငံပိုင် မြန်မာ့အလင်းသတင်းစာက မျက်နှာဖုံးတွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် လက်ဆွဲနှုတ်ဆက်နေသည့်ဓာတ်ပုံကို ဖော်ပြခဲ့သည်။

 

သုံးရက်တာခရီးစဉ်အတွင်း Griffiths သည် ရွှေ့ပြောင်းနေရာချခံရသည့် ရိုဟင်ဂျာစခန်းများနှင့် ဆိုင်ကလုံးမုန်တိုင်း မိုခါဒဏ်ခံခဲ့ရသည့် ရခိုင်ပြည်နယ် အနောက်မြောက်ဘက် စစ်တွေမြို့အနီးရှိ ရွာတစ်ရွာသို့ သွားရောက်ခဲ့သည်။ မုတ်သုံမိုးကြောင့် ရေကြီး မြေပြိုမှုများဖြစ်ပွားကာ လူအနည်းဆုံး ငါးဦး သေဆုံးခဲ့သည့် ပဲခူးတိုင်းဒေသကြီးသို့လည်း သွားရောက်ခဲ့သည်။

 

ရှေ့ပြေးအသံအဖွဲ့မှ မျှဝေခဲ့သည့် ပူးတွဲထုတ်ပြန်ချက်တွင် အရပ်ဘက်အစုအဖွဲ့ ၅၁၄ ခုက Griffiths ၏ ခရီးစဉ်သည် "လုံခြုံသည့်နေရာ၊ ကူညီထောက်ပံ့မှုများ ရေရှည်ပို့ဆောင်ရေး ကို ရည်ရွယ်ခြင်းဖြစ်သည်ကို သိရှိပါကြောင်း၊ သို့သော် ၎င်းတို့ကို ထောက်ပံ့မှုများကို အလိုအပ်ဆုံးနေရာသို့ မရောက်ရှိစေရန် တားမြစ်နေသော စစ်တပ်နှင့်၊ အထူးသဖြင့် အာဏာသိမ်းမှုကြောင့် ပဋိပက္ခများ နက်ရှိုင်းလာစေသည့် ရလဒ်များကြောင့် လုပ်ဆောင်၍ မရရှိနိုင်ပါကြောင်း ထုတ်ပြန်ထားသည်။

 

အထောက်အပံ့များကို နိုင်ငံရေးနှင့် စစ်ရေးအကျိုးအမြတ်အတွက် အသုံးပြုနေခြင်းက မြန်မာနိုင်ငံတွင် ထိခိုက်ခံစားနေရသည့်အကြောင်းရင်းဖြစ်သောကြောင့် အခြေခံကျသောလူသားချင်းစာနာမှုဆိုင်ရာ ဆောင်ရွက်မှုတွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (OCHA) နှင့် အခြား ကုလ လူသားချင်းစာနာရေးဆိုင်ရာ ကိုယ်စားလှယ်များအနေဖြင့် တရားမဝင်   ရာဇဝတ်ကောင် စစ်အာဏာရှင်တို့နှင့် အဆက်အဆံဖြတ်တောက်ရမည်။ ဟု အရပ်ဘက်အစုအဖွဲ့များက ဖော်ပြထားသည်။

 

ဂျူလိုင်လတွင် ကုလလူ့အခွင့်အရေးဆိုင်ရာအကြီးအကဲ Volker Turk က စစ်တပ်သည် အကူအညီလိုအပ်နေသော အရပ်သား သန်းပေါင်းများစွာအတွက် လူသားချင်းစာနာမှုဆိုင်ရာ ကူညီကယ်ဆယ်ရေးကို "အခိုင်အမာ ငြင်းပယ်မှု” ပြုလုပ်နေပြီး တရားရေး၊ ဘဏ္ဍာရေးနှင့် ဗျူရိုကရေစီစနစ် အတားအဆီးများဖြင့် လူထုအတွက် အထောက်အပံ့များ မရရှိအောင်၊ လက်လှမ်းမမီအောင်ပြုလုပ်နေသည်ဟု ဆိုသည်။

 

Griffiths ၏ ခရီးစဉ်အပြီး ထုတ်ပြန်ချက်တွင် စဉ်ဆက်မပြတ်ဖြစ်ပွားနေသော အကျပ်အတည်းများကြောင့် မြန်မာလူဦးရေ သုံးပုံတစ်ပုံသည် အကူအညီလိုအပ်နေပြီး လူသားချင်းစာနာမှု ကူညီကယ်ဆယ်မှုများ ရပိုင်ခွင့် တိုးတက်စေရန် စစ်တပ်ကို တောင်းဆိုခဲ့သည်။

 

Griffiths ကို စစ်တွေမြို့မှ ဗီဒီယိုတစ်ခု၌ "အကြီးအကျယ် စိတ်မချမ်းမြေ့ဖွယ် ဖြစ်ပွားခဲ့ကြောင်း၊ အထောက်အပံ့များနှင့် ငြိမ်းချမ်းရေး တောင်းဆိုခဲ့ပြီး သို့မှသာ ၎င်းတို့၏ ဘဝများကို ပြန်လည်တည်ဆောက်နိုင်မည်ဟု ပြောကြားခဲ့သည်။

 

ကျွန်တော်တို့ ပိုမိုကောင်းမွန်တဲ့ လုပ်ပိုင်ခွင့်တွေ လိုအပ်ပါတယ်။ ဒါမှသာ သူတို့ကို နေ့စဉ်၊ အပတ်စဉ် ဘေးကင်းအောင်၊ လုံခြုံအောင် ကူညီနိုင်မယ် ဟု Griffiths က ပြောသည်။

 

ရှေ့ပြေးအသံက ပဋိပက္ခ၏ အကျိုးရလဒ်အဖြစ် မြန်မာနိုင်ငံ အနောက်မြောက်ပိုင်း၊ အလယ်ပိုင်းနှင့် အရှေ့တောင်ပိုင်းမှ လူသိန်းချီ၍ နေအိမ်များမှ အတင်းအကျပ် စွန့်ခွာစေခဲ့ပြီး အထောက်အပံ့များ လိုအပ်နေသည်ဟု ဆိုသည်။ စစ်တပ်၏ "အရပ်သားများအပေါ် တိုက်ခိုက်မှုများဖြစ်သည့် စနစ်တကျ မီးရှို့ဖျက်ဆီးခြင်း၊ စစ်ကြောင်းထိုးခြင်း၊ တရားမဲ့ သတ်ဖြတ်ခြင်းနှင့် လေကြောင်းတိုက်ခိုက်မှုများ” သည် လူသားချင်းစာနာမှုဆိုင်ရာ ခံစားရမှုများ၏ အကြောင်းရင်းများဖြစ်သည်။

 

၎င်းအခြေအနေများကြောင့် ကုလသည် အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံ၏ နယ်မြေများစွာ ထိန်းချုပ်ထားသည့်တိုင်းရင်းသားအဖွဲ့အစည်းများ၊ အကူအညီပေးအပ်နေသည့် အရပ်ဘက်အစုအဖွဲ့များနှင့် ထိတွေ့ဆက်ဆံသင့်ကြောင်း ရှေ့ပြေးအသံက ပြောကြားသည်။

 

၎င်းသက်ဆိုင်ပါဝင်သူများသည် လက်လှမ်းမီခြင်း၊ တရားဝင်မှုရှိခြင်း၊ စွမ်းဆောင်နိုင်ခြင်း၊ အရေးအကြီးဆုံးအနေဖြင့် စစ်အာဏာရှင်တို့ မရရှိသည့် လူထု၏ ယုံကြည်မှုတို့ ရရှိထားသည်။” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

ကိုးကား - Aljazeera

ပုံစာ ရေကြီး၊ မြေပြိုမှုများဖြစ်ပွားခဲ့သည့်နေရာများ။ (Photo: AFP)

 

Burma Associated Press

စစ်ကောင်စီ
အာဏာသိမ်းမှု
UN

Share With
bap-logo