bap-logo
International

အစ္စရေးအခြေချသူများ သောင်းကျန်းမှုကြောင့် အနောက်ဘက်ကမ်းတွင် အစ္စရေးတပ်ဖွဲ့ဝင်များ တိုးမြှင့်ချထား

35en-DUQCi-jFCtL3C-Nf-image

လွန်ခဲ့သော ၂ နှစ် က

ဖေဖော်ဝါရီ ၂၇

 

ပြီးခဲ့သည့်တနင်္ဂနွေနေ့ အစ္စရေးတို့သိမ်းယူထားသည့် အနောက်ဘက်ကမ်းတွင် ပါလက်စတိုင်း သေနတ်သမား တစ်ဦးပစ်ခတ်မှုကြောင့် အစ္စရေးလူမျိုးနှစ်ဦး သေဆုံးခဲ့သည်။

 

ယင်းနှင့်ပတ်သက်၍ အစ္စရေးအခြေချသူများက လက်တုံ့ပြန်သည့်အနေဖြင့် ပါလက်စတိုင်းမြို့ တစ်မြို့ကို ဝင်ရောက်၍ အိမ်ကားများကို မီးရှို့ပြီးနောက် ယနေ့ အစ္စရေးစစ်တပ်က အနောက်ဘက်ကမ်းကို တပ်ဖွဲ့ဝင် အများအပြား စေလွှတ်ခဲ့သည်။

 

အစ္စရေးနိုင်ငံသားများ၏ သောင်းကျန်းမှုနှင့်ပတ်သက်၍ လက်ယာယိမ်းအစိုးရသစ်အတွင်း သဘောထားကွဲမှု တချို့ ထွက်ပေါ်လာခဲ့သည်။ ဝန်ကြီးချုပ်သစ် ဘင်ဂျမင် နေတန်ယာဟုက အခြေအနေ တည်ငြိမ်အောင် ထိန်းသိမ်းကြရန် တောင်းဆိုနေလင့်ကစား အစ္စရေးလူမျိုးတို့၏ ဝင်ရောက်သောင်းကျန်းမှုမှာ ပါလက်စတိုင်း တိုက်ခိုက်မှုကို အဟန့်အတားဖြစ်စေကြောင်း အာဏာရ ညွန့်ပေါင်း အစိုးရ အဖွဲ့ဝင်အချို့က မီးလောင်ရာလေပင့် ပြောဆိုခဲ့သည်ကို တွေ့ရသည်။

 

မကြာသေးမီကာလအတွင်း နှစ်ဖက်အကြမ်းဖက်မှုများ မြင့်တက်လာရာ ဂျော်ဒန်နှင့် အမေရိကန်တို့က အစ္စရေး -ပါလက်စတိုင်းတာဝန်ရှိသူများအား အခြေအနေတင်းမာမှု လျှော့ချရေး စီစဉ်ဆောင်ရွက်ရန် တွန်းအားပေးလျှက် ရှိသည်။

 

တနင်္ဂနွေနေ့ မြို့တွင်းသောင်းကျန်းမှုများသည် အနောက်ဘက်ကမ်းမြောက်ပိုင်း ဂျူးလူမျိုးများ အခြေချ နေထိုင်ရာ ဟာဘရာချာမြို့ရှိ အသက် ၂၁ နှင့် ၁၉ ညီအစ်ကိုနှစ်ဦးအား ပါလက်စတိုင်းသေနတ်သမားက ချောင်းမြောင်းပစ်ခတ်၍ ထွက်ပြေးသွားပြီးနောက် စတင်ဖြစ်ပွားခဲ့သည်။

 

ပစ်ခတ်မှုအပြီး အစ္စရေးအခြေချသူများက ပါလက်စတိုင်းလူမျိုးများနေထိုင်ရာ ဟာဝါရာမြို့ လမ်းမကြီး တစ်လျှောက် အကြမ်းဖက်သောင်းကျန်းခဲ့ကြသည်။ ထွက်ပေါ်လာသည့် ဗွီဒီယိုတစ်ခုတွင် အစ္စရေးလူမျိုးများက မီးလောင်းနေသည့်အဆောက်အဦးကို ကြည့်၍ ဆုတောင်းနေကြပုံကို တွေ့ရသည်။

 

အစ္စရေးအလုပ်သမား ပါတီခေါင်းဆောင် မရက်မီခေးလီက အကြမ်းဖက်သောင်းကျန်းသည့် လုပ်ရပ်မှာ အနောက်ဘက်ကမ်း အစ္စရေးအခြေချသူများ၏ လက်နက်ကိုင်ပြည်သူ့စစ်များက လူမျိုးရေး ဘာသာရေးအရ စနစ်တကျ ဖိနှိပ်မှုအဖြစ် ရှုတ်ချခဲ့သည်။

 

တနင်္ဂနွေနေ့နှောင်းပိုင်းက အစ္စရေးတပ်ဖွဲ့ဝင်များ၏ ပစ်ခတ်မှုကြောင့် ၃၇ နှစ်အရွယ် အစ္စရေးလူမျိုး တစ်ဦး သေဆုံး၊ နှစ်ဦး ဒဏ်ရာရပြီး နောက်ထပ်တစ်ဦး သံတုတ်ဖြင့် ရိုက်နှက်ခဲ့ရကြောင်း ပါလက်စတိုင်း ကျန်းမာရေး တာဝန်ရှိသူများက ဆိုသည်။ ထို့အပြင် ပါလက်စတိုင်း ၉၅ ဦးခန့်မှာလည်း မျက်ရည်ယို ဓာတ်ငွေ့ ရှူရှိုက်မှုကြောင့် ကုသခဲ့ရသည်။

 

ယနေ့ တနင်္လာနေ့မနက်တွင် ပုံမှန်အားဖြင့် ဈေးရောင်းဈေးဝယ်များဖြင့် စည်ကားသည့် ဟာဝါရာမြို့ လမ်းမကြီးမှာ မီးရှို့ခံထားရသည့် ကားတန်းများ၊ မီးစွဲလောင်ထားသည့် အဆောက်ဦးများဖြင့် ပြိုပျက်နေခဲ့ပြီး အိမ်အလုံး ၃၀ နှင့် ကားများ မီးရှို့ခံခဲ့ရကြောင်း ပါလက်စတိုင်းမီဒီယာများက ဖော်ပြသည်။

 

Source – AP /

ပုံစာ။ မီးရှို့ခံထားရသည့် ကားများကြား ပါလက်စတိုင်းလူမျိုးတစ်ဦး။

 

Burma Associated Press

 

အစ္စရေး
ပါလက်စတိုင်း
အဓိကရုဏ်း

Share With
bap-logo