bap-logo
Politics

လေအေးပေးစက်၊ ရေခဲသေတ္တာ၊ ဆိုဖာနှင့် ထိုင်းထောင်ထဲမှ သက်ဆင်၏ အထူးအရေးကြီးပုဂ္ဂိုလ် ဘဝနေထိုင်မှု

6Gq2CnVvt6lFThneSe0A6-image

လွန်ခဲ့သော တစ်နှစ် က

ဝန်ကြီးချုပ်ဟောင်း သက်ဆင်သည် လူပြည့်လျှံနေသည့် ထောင်ပုံစံမှ ကွဲပြား ထူးခြားစွာ ထောင်တွင်း အထူးဆေးရုံတွင် အထူး ပြုစုစောင့်ရှောက်မှုများ ရရှိနေသည်ဟု တက်ကြွလှုပ်ရှားသူများက စွပ်စွဲလိုက်သည်။

 

ဩဂုတ်လတွင် ထိုင်းနိုင်ငံ၏ ခေါင်းဆောင်ဟောင်း သက်ဆင် ပြည်ပြေးဘဝမှ ပြန်လာသောအခါ နာမည်ဆိုးဖြင့် ကျော်ကြားသည့် ထိုင်းနိုင်ငံထောင်များတွင် အမြင့်မားဆုံး အရေးပါသည့် ပုဂ္ဂိုလ်ဖြစ်လာခဲ့သည်။ ဘီလီယံနာ စီးပွားရေးသမားတစ်ဦးဖြစ်သူ ၎င်းကို အကျင့်ပျက်ခြစားမှုဆိုင်ရာ စွဲဆိုမှုများဖြင့် အကျဉ်းချထားခဲ့ခြင်း ဖြစ်သော်လည်း ထောင်တွင်းတွင် ၁၂ နာရီပင် မကြာဘဲ ဘန်ကောက်ရှိ အဆင့်မြင့်ဆေးရုံသို့ ပြောင်းရွှေ့ခဲ့သည်။

 

အထူးပြုစုစောင့်ရှောက်မှုများကို ကန့်ကွက်မှုများပေါ်ထွက်လာပြီး ထောင်စနစ်မှ စံနှုန်းများကိုလည်း ကျယ်ပြန့်သော မေးခွန်းထုတ်မှုများ ဖြစ်ပေါ်စေခဲ့သည်။

 

ထိုင်းမီဒီယာများ၏ တင်ပြချက်များအရ သက်ဆင်ကို လေအေးပေးစက်၊ တီဗီ၊ ရေခဲသေတ္တာ၊ ဆိုဖာနှင့် ထမင်းစား စားပွဲ တို့ပါဝင်ပြီး သူနာပြုများ၏ ၂၄ နာရီစောင့်ရှောက်မှုပေးထားသည့် ဆေးရုံအဆောင်တစ်ခု၏ အခန်းသို့ ပြောင်းရွှေ့ခဲ့သည်ဟု သိရသည်။ ၎င်းအခန်း၏ ပါဝင်မှုများကို ရှင်းလင်းစွာ မသိရပါ။

 

တာဝန်ရှိသူများကမူ ၎င်းသည် မည်သည့် အထူးပြုစုစောင့်ရှောက်မှုမျှ မရရှိပါဟု ငြင်းဆိုခဲ့ကြပြီး ဝန်ကြီးချုပ် ဟောင်းသည် အိပ်မပျော်ခြင်း၊ ရင်ဘတ်တင်းကြပ်ခြင်း၊ သွေးတိုးခြင်း၊ လက်ချောင်းထိပ်တွင် အောက်ဆီဂျင် နိမ့်ကျနေခြင်းတို့ကြောင့် အရေးပေါ် ဂရုစိုက်ကုသမှု လိုအပ်ခဲ့သည်ဟုသာ ပြောကြားသည်။

 

သို့ရာတွင် တက်ကြွလှုပ်ရှားသူများနှင့် ဥပဒေသမားများက လူများပြည့်ကျပ်နေပြီး တစ်ကိုယ်ရေ ကျန်းမာ သန့်ရှင်းရေး အားနည်းကာ ဆေးဝါးကုသပြုစုမှု အကန့်အသတ်ရှိသည့် ထိုင်းနိုင်ငံ အကျဉ်းထောင်တွင်းမှ အခြေအနေများကို ညွှန်ပြကြသည်။

 

မကြာသေးမီက ဘန်ကောက်ပို့စ်မှ ဆောင်းပါးတစ်ခုတွင် နိုင်ငံတကာ လူ့အခွင့်အရေး ဖက်ဒရေးရှင်း International Federation for Human Rights (FIDH) မှ Andrea Giorgetta က ရေးသားထားသည်မှာ "သက်ဆင်၏ ဖြစ်စဉ်မှ ကောင်းမွန်သည့် ရှုမြင်မှုတစ်ခု ရရှိသည်မှာ ထိုင်းနိုင်ငံမှ လျစ်လျူရှုခံ ထောင်တွင်းအရေး မီးမောင်းထိုးပြနိုင်ခြင်းဖြစ်သည်။” ဟု ဖြစ်သည်။

 

FIDH နောက်ဆုံး နှစ်ပတ်လည် အစီရင်ခံစာတွင် အကျဉ်းထောင်များ၏ အခြေအနေကို ဖော်ပြထားရာ ထောင်တွင်း လူဦးရေ လျော့နည်းလာနေသော်လည်း ထောင်များမှာ လူဦးရေနှင့် မမျှသေးကြောင်း၊ နိုင်ငံတကာ စံနှုန်းများ မပြည့်မီသည့်အတွက် ထပ်ခါတလဲလဲ ဝေဖန်ခံနေရကြောင်း ဖော်ပြထားသည်။

 

ရေချိုးဆောင် အသုံးပြုနိုင်မှုမှာ အလွန်အမင်း ကန့်သတ်ခံထားရပြီး ထောင်တစ်ခုတွင်ဆိုလျှင် ထောင်စောင့်မှ ၁ မှ ၁၅ အထိ ရေတွက်ပြီးသည်အထိသာ အကျဉ်းသားများ ရေပန်းအောက်တွင် ရေချိုးခွင့်ရသည်။ အကျဉ်းခန်းတစ်ခု၏ အလယ်တွင် ပုံမှန်အားဖြင့် ဆောင့်ကြောင့်ထိုင်အိမ်သာ တစ်လုံးမှ သုံးလုံးအထိ ထားရှိပြီး ရေလောင်းရန်နှင့် သန့်ရှင်းရေးလုပ်ရန် ရေစည်ပိုင်းတစ်ခုနှင့် ခွက်တစ်ခုပါရှိသည်။ သို့သော် အများအားဖြင့် ရေပြတ်နေလေ့ရှိသည်ဟု FIDH အစီရင်ခံစာက ဖော်ပြသည်။ အကျဉ်းခန်းများသည် လူ ၅၀ မှ ၆၀ အထိ စုပေါင်းနေထိုင်ကြရသည်ဟု လူ့အခွင့်အရေးဆိုင်ရာ ထိုင်းဥပဒေသမားများ Thai Lawyers for Human Rights (TLHR) အဆိုအရ သိရသည်။

 

TLHR မှ အမှုလိုက်ပေးနေသည့် နိုင်ငံရေးအကျဉ်းသားများသည် အခြားအကျဉ်းသားများကဲ့သို့ပင် အာဟာရ ပြည့်ဝသော အစားအသောက်များနှင့် သောက်ရေသန့် တို့ မလုံလောက်ပေ။ ထောင်မှ ရေသည် ကလိုရင်းအနံ့ ပြင်းထန်သည်ဟု အကျဉ်းသားများက ပြောကြားပြီး အချို့က ရေထဲတွင် ခြင်သားလောင်းများတွေ့ရသည်ဟု ဆိုသည်။ အကျဉ်းသားများက ရေ၊ အစားအသောက်တို့ ဝယ်ယူလိုလျှင် ထောင်တွင်းတွင် အလုပ်လုပ်ကြရကာ သို့မဟုတ်ပါက မိသားစု ပေးပို့သမျှကိုသာ အားထားကြရသည်။

 

အကျဉ်းသားများ ဖျားနာလျှင် ဆေးဝါးကုသပြုစုခွင့် ရရှိရန် လုပ်ငန်းစဉ်များမှာ ကြာမြင့်သည်ဟု တက်ကြွလှုပ်ရှားသူများနှင့် ဥပဒေသမားများက ပြောကြားသည်။

 

ညတွင်းချင်း ဆေးရုံသို့လွှဲပြောင်းမှုနှင့် ပတ်သတ်၍ “မစ္စတာသက်ဆင်ရဲ့ အမှုက ဒီလို မြန်ဆန်တဲ့ လုပ်ထုံးလုပ်နည်းတွေ လိုအပ်တယ်ဆိုတာ သေချာတဲ့အကြောင်းတွေ၊ အခြေအနေတွေ ရှိရမယ်။” ဟု TLHR မှ ဥပဒေသမားတစ်ဦးဖြစ်သူ Poonsuk Poonsukcharoen က ပြောကြားသည်။ "ဒါပေမယ့် အခြားအကျဉ်းသားတွေနဲ့ ကျွန်တော်တို့ လုပ်ကိုင်ကြရတဲ့ အတွေ့အကြုံအရတော့ ဒါက ပုံမှန်မဟုတ်ဘဲ အရမ်း မြန်ပါတယ်။”

 

သက်ဆင်ကို လျင်မြန်စွာ ဆေးရုံသို့ လွှဲပြောင်းမှုကို တင်းကျပ်စွာ ပြဌာန်းထားသည့် ဘုရင်ကို အသရေဖျက်မှုဖြင့် စွဲဆိုခံထားရသည့် ရက်သတ္တပတ်များစွာ အစာငတ်ခံဆန္ဒပြကြပြီးမှ ဆေးရုံသို့ လွှဲပြောင်းပေးခဲ့သော နိုင်ငံရေးအကျဉ်းသားများနှင့် နှိုင်းယှဉ်ဝေဖန်ခဲ့ကြသည်။

 

TLHR မှ အမှုလိုက်ပေးနေသော အမျိုးသမီးတစ်ဦးဖြစ်သူ Warunee သည် အစာငတ်ခံဆန္ဒပြပြီး ၁၄ ရက် ကြာမှသာ ယခုအပတ်အတွင်း တက္ကသိုလ် ဆေးရုံသို့ ရွှေ့ပြောင်းပေးခဲ့သည်။ ၎င်း၏ ကိုယ်အလေးချိန်မှ ၃၇ ကီလိုဂရမ်မှ ၃၃ ကီလိုဂရမ်သို့ ၁၀ % ကျဆင်းသွားခဲ့သည်။

 

Poonsuk က Warunee ကျန်းမာရေးကို အထူးစိုးရိမ်ကြောင်း ပြောကြားသည်။ သူမတွင် စိတ် အတက် အကျ မြန် ဝေဒနာရှိကြောင်း၊ သူမ၏ အစာငတ်ခံဆန္ဒပြမှုကြောင့် အိပ်ရေးမဝမှာ စိုးရိမ်ဖွယ်ဖြစ်ကြောင်း၊ ထောင်တွင်းအခြေအနေများက သူမ၏ အခြေအနေကို ပိုမိုဆိုးရွားစေကြောင်းလည်း ပြောသည်။ ထောင်တွင်း တွင် ဆေးဝါးသောက်သုံးရန်လည်း အကန့်အသတ်ခံထားရကြောင်း Warunee က သူမ၏ ရှေ့နေကို ပြောသည်။

 

ဘုရင်ကို အသရေဖျက်မှုဖြင့် ထောင်ကျခံနေရသည့် အခြားသော ငယ်ရွယ်သည့် ဆန္ဒပြသူတစ်ဦးမှာ ဆေးရုံတွင် ကုသရန် ပိုမိုကြာမြင့်စွာပင် စောင့်ဆိုင်းခဲ့ရသည်။ ပင်ဂွင်းဟု သိရှိကြသော ထင်ရှားသည့် ဆန္ဒပြခေါင်းဆောင် Parit Chiwarak သည် ၎င်း၏ အစာငတ်ခံဆန္ဒပြမှု ၄၇ ရက်မြောက်နေ့မှသာ ဆေးရုံသို့ လွှဲပြောင်းခံခဲ့ရသည်။

 

သက်ဆင်ကို ဆေးရုံသို့ ရွှေ့ပြောင်းပြီးသောအခါ ၎င်း၏ ကျန်းမာရေးအခြေအနေ စိုးရိမ်ရမှုကို မေးခွန်းထုတ်မှု များမြင့်တက်လာသည့်အလျောက် ၂၀၂၁ ခုနှစ်က ၎င်း၏ အားအင်အပြည့် လက်ဝှေ့ထိုးနေသည့် ဗီဒီယို အပါအဝင် လူမှုမီဒီယာတွင် VVIP hashtag အသုံးပြုမှု ရေပန်းစားလာသည်။ သူ၏ သမီးဖြစ်သူ Paetongtarn Shinawatra က အဖေဖြစ်သူမှာ ကိုဗစ်ခံစားခဲ့ရပြီး အဆုတ်ပြဿနာရှိကြောင်းနှင့် နှလုံးကို စိုးရိမ်ကြောင်းလည်း ပြောကြားသည်။

 

ဘုရင့်လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ၈ နှစ်မှ ၁ နှစ်သို့ လျော့ချပေးခဲ့ပြီးနောက် သူ၏ ကျန်ရှိသော ပြစ်ဒဏ်ကို ဆေးရုံတွင်သာ ကျခံကုန်ဆုံးလိမ့်မည်ဟု အချို့က ထင်မြင်ယူဆနေကြသည်။

 

သက်ဆင်ကို သူမ၏ အမှုသည်နှင့် ကွဲပြားခြားနားစွာ ကုသပြုစုပေးခြင်းမှာ ၎င်း၏ အသက်အရွယ်ကြောင့်လည်း ဖြစ်နိုင်ကြောင်း Poonsuk က ပြောသည်။ သက်ဆင်သာ နာမကျန်းဖြစ်နေပါက ၎င်းအပေါ် ပြုစုကုသမှုကို စောဒက တက်ရန် မရှိကြောင်း သို့သော် "တခြား အကျဉ်းသားတွေလည်း ညီတူညီမျှ ကုသမှု စံချိန် စံညွှန်းတွေ ရရှိစေလိုပါတယ်။” ဟု သူမက ပြောသည်။

 

ကိုးကား - The Guardian

ပုံစာ - ထိုင်းနိုင်ငံ ဘန်ကောက်မှ လုံခြုံရေးမြင့်မားသည့် Klong Prem ထောင်တွင် နှစ်ရှည် ပြစ်ဒဏ် ကျခံနေသူများကို စစ်ဆေးမှု ပြုလုပ်နေစဉ်။ (Photo: Jorge Silva/Reuters)

 

ထိုင်းနိုင်ငံ
သက်ဆင်
ထောင်

Share With
bap-logo