bap-logo
Data

ကျန်းမာရေးကဏ္ဍကို စစ်ကောင်စီ လေကြောင်း တိုက်ခိုက်မှုကြောင့် ၂ လအတွင်း သေဆုံးသူ ၈ ဦးရှိခဲ့

0t6YJuQ_YFQ_dN_y05Bsq-image

လွန်ခဲ့သော ၂ နှစ် က

ရန်ကုန်၊ မတ် ၁။

 

စစ်ကောင်စီသည် ယခုနှစ် ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလ (၂) လအတွင်း ကျန်းမာရေးကဏ္ဍအပေါ် လေကြောင်း တိုက်ခိုက်မှုများ၊ ကျန်းမာရေးဝန်ထမ်းများကို ဖမ်းဆီး၊ နှိပ်စက်၊ သတ်ဖြတ်မှုများနှင့် အခြား အကြမ်းဖက်မှု များကို ကျူးလွန်ခဲ့သည့်အတွက် ကျန်းမာရေးဝန်ထမ်းများအပါအဝင် သေဆုံးသူ ၈ ဦး ရှိခဲ့ကြောင်း NUG ကျန်းမာရေးဝန်ကြီးဌာန မှတ်တမ်းများအရသိရသည်။

 

ဇန်နဝါရီလ ၁၀၊ ၁၁ ရက် တို့တွင် ချင်းအမျိုးသားတပ်ဦး (CNF) ဌာနချုပ် တည်ရှိရာ Camp Victoria စခန်းကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ရာ ချင်းအမျိုးသားတပ်ဦးမှ ရဲမေ (၂) ဦးနှင့် ရဲဘော် (၃) ဦး ကျဆုံးခဲ့ရပြီး ပြင်ပလူနာကုသဆောင်၊ ဆေးစတိုနှင့် လူနေအိမ်များ ပျက်စီးဆုံးရှုံးခဲ့သည်။

 

ယင်းလ ၂၁ ရက်တွင် မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်၊ ဗဟင်းတိုက်နယ် ဆေးရုံကိုရဟတ်ယာဉ်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ဆေးရုံ အနီးရှိ ဒေါ်ကြည်၊ အသက် (၆၂) နှစ် ကျည်ထိမှန် သေဆုံးခဲ့ပြီး ဆေးရုံရှိ ဓာတ်မှန်စက် အပါအဝင် ဆေးရုံနံရံနှင့် အဆောက်အအုံများ ထိခိုက်ပျက်စီးခဲ့သည်ဟုလည်း ဖော်ပြထားသည်။

 

ထို့အတူ ဖေဖော်ဝါရီလ ၁၉ ရက်တွင် စစ်ကိုင်းတိုင်း၊ ပုလဲ မြို့နယ်၊ နွယ်အင်းကျေးရွာကို စစ်တပ်က ဝင်ရောက်စီးနင်းခဲ့ပြီး ကျေးရွာရှိ ကျေးလက်ကျန်းမာရေး ဌာနခွဲ ဆေးခန်း (၁) ခုကို မီးရှို့ ဖျက်ဆီး ခဲ့သည် ဟုဆိုသည်။

 

ထို့နောက်တွင် ဖေဖော်ဝါရီလ ၂၁ ရက်မှ ၂၅ ရက်အတွင်း စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်ရှိ မင်းရွာ၊ မလဲသာရွာနှင့် ကန်ရင်းရွာတို့ကို စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ထို့ပြင် ကျေးရွာအတွင်းရှိ အထက်တန်းကျောင်းနှင့် ဆေးရုံ ကိုပါ ရဟတ်ယာဥ်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ဆေးရုံအတွင်းရှိ ဆေးနှင့် ဆေး ပစ္စည်းများကို စစ်သားများက ဖျက်ဆီးသွားသည်ဟု NUG က ဆိုသည်။

 

ထို့အတူ ဇန်နဝါရီလ ၂၉ ရက်တွင် တောတွင်းတစ်နေရာ၌ မွေးလူနာကုသပေးပြီး မြို့ထဲသို့ ပြန်လာသော ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်၊ အေးမြသာယာ တိုက်နယ်ဆေးရုံမှ CDM သူနာပြုဆရာမ ဒေါ်မေဇွန်မိုးကို စစ်ကောင်စီ ခမရ (၆)က ဖမ်း၍ စစ်ကြောရေးတွင် နှိပ်စက်ခဲ့ပြီးနောက် ဖေဖော်ဝါရီလ ၁၆ ရက်တွင် အုတ်ဖိုမြို့၊ ထန်းပင်ကုန်းကျေးရွာအနီး၌ စစ်တပ်က မုဒိမ်းကျင့်၍ ပစ်ခတ်သတ်ဖြတ်ခဲ့သည် ဟုလည်းဖော်ပြထားသည်။

 

ဖေဖော်ဝါရီလ ၁၆ ရက်တွင်လည်း ချင်းပြည်နယ်၊ ဖလမ်းပြည်သူ့ဆေးရုံမှ CDM အထက်တန်း သူနာပြုဆရာမ ဒေါ်သဲသဲဝင်းသည် ၎င်း၏ ဇာတိရွာဖြစ်သည့် ကသာမြို့နယ်၊ မိုးဒါးကြီးကျေးရွာတွင် နေထိုင်နေစဉ် စစ်ကြောင်းထိုးလာသည့် စစ်တပ်က သူနာပြုဆရာမကို ဖမ်းဆီး၍ ၂၁  ရက်နေ့တွင် သတ်ဖြတ်ခဲ့ကြောင်း သိရှိရသည်ဟုဆိုသည်။

 

စစ်တပ် အာဏာသိမ်းရန် ကြိုးပမ်းခဲ့ပြီးနောက်ပိုင်း (၂) နှစ်တာ ကာလအတွင်း ကျန်းမာရေးဝန်ထမ်း (၇၀)ဦးခန့်ကို သတ်ဖြတ်ခြင်း၊ (၉၀၀) ဦးခန့် ကို ဖမ်းဆီးခြင်းနှင့် (၇၈၀) ဦးကျော်ကို ထိခိုက်ဒဏ်ရာရစေခြင်း၊ ဆေးရုံ/ဆေးခန်း (၁၆၀) ကျော်ကို ဖျက်ဆီးခြင်းတို့အား ကျူးလွန်ခဲ့ကြောင်း တွေ့ရှိရသည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ၊ကျန်းမာရေးဝန်ကြီးဌာနက ဆိုသည်။

 

စစ်ကောင်စီ၏ အဆိုပါအကြမ်းဖက်လုပ်ရပ်များကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေး ဝန်ကြီးဌာနက ပြင်းထန်စွာ ရှုတ်ချလိုက်ပြီး နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် ဖြစ်နိုင်သည့် နည်းလမ်းမှန်သမျှကို အသုံးပြု၍ အမြန်ဆုံး ထိရောက်စွာ တားဆီးအရေးယူ ဆောင်ရွက်ကြရန် NUG က တိုက်တွန်းထားသည်။

 

ပုံစာ - စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့သည့် မြိုင်မြို့နယ်၊ ဗဟင်းတိုက်နယ်ဆေးရုံပုံဟောင်း ( ဓာတ်ပုံ - လူမှုကွန်ရက်)

 

Burma Associated Press

စစ်ကောင်စီ
လေကြောင်းတိုက်ခိုက်မှု
သေဆုံး
ကျန်းမာရေးဝန်ထမ်း
အရပ်သား
အာဏာဖီဆန်ရေးလှုပ်ရှားမှု

Share With
bap-logo