bap-logo
Politics

အင်ဒိုနီးရှား လက်နက်ထုတ်လုပ်သူများ မြန်မာသို့လက်နက်ရောင်းဟု တက်ကြွလှုပ်ရှားသူများပြော

0hIz6umJXvQ6efq48cuMV-image

လွန်ခဲ့သော တစ်နှစ် က

အင်ဒိုနီးရှားနိုင်ငံပိုင် လက်နက်ထုတ်လုပ်သူကုမ္ပဏီများက မြန်မာသို့ သံသယဖြစ်ဖွယ် လက်နက်ရောင်းချ နေမှုများကို စုံစမ်းစစ်ဆေးရန် လူ့အခွင့်အရေးလှုပ်ရှားသည့် အဖွဲ့များက အင်္ဂါနေ့တွင် အင်ဒိုနီးရှားကို တောင်းဆို လိုက်သည်။ ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းအပြီးနောက်ပိုင်း ပဋိပက္ခများဖြစ်ပေါ်ခဲ့သည့်နောက် အင်ဒိုနီးရှား သည် ပြန်လည်ရင်ကြားစေ့ရေး မြှင်တင်လှုပ်ရှားခဲ့သည့် နိုင်ငံတစ်နိုင်ငံဖြစ်သည်။

 

လူ့အခွင့်အရေးလှုပ်ရှားသည့်အဖွဲ့များက အင်ဒိုနီးရှားနိုင်ငံပိုင် လက်နက်ထုတ်လုပ်သည့် ကုမ္ပဏီသုံးခုက မြန်မာစစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း လက်နက်ရောင်းချခဲ့ကြောင်း စွပ်စွဲကာ အင်ဒိုနီးရှားနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်သို့ တိုင်ကြားထားသည်ဟု လူ့အခွင့်အရေးလှုပ်ရှားသူအဖွဲ့များ၏ ဥပဒေအကြံပေး Feri Amsari က ပြောကြားသည်။

 

တိုင်ကြားသူများမှာ ချင်းလူ့အခွင့်အရေးအဖွဲ့အစည်း၊ Myanmar Accountability Project နှင့် အင်ဒိုနီးရှား ရှေ့နေချုပ်ဟောင်းနှင့် လူ့အခွင့်အရေးထောက်ခံလှုပ်ရှားသူ Mazuki Darusman တို့ဖြစ်သည်။

 

အင်ဒိုနီးရှားနိုင်ငံပိုင် လက်နက်ထုတ်လုပ်သူ PT Pindad နိုင်ငံပိုင် သင်္ဘောထုတ်လုပ်သူ PT PAL နှင့် လေကြောင်း ကုမ္ပဏီ PT Dirgantara Indonesia တို့သည် True North ဆိုသည့် မြန်မာစစ်တပ် ဝန်ကြီးတစ်ဦး၏ သားပိုင်ဆိုင်သော မြန်မာကုမ္ပဏီမှတဆင့် မြန်မာသို့ စစ်လက်နက်ကိရိယာများ တင်သွင်း ခဲ့ကြောင်း ၎င်းတို့က စွပ်စွဲထားသည်။

 

PT Pindad နှင့် PT PAL တို့က မှတ်ချက်ပေးရန် တောင်းဆိုမှုအပေါ် ချက်ချင်း မတုံ့ပြန်ခဲ့ပါ။ PT Pindad ညွှန်ကြားရေးမှူးက ၂၀၁၆ ခုနှစ်ကပင် မြန်မာသို့ ထုတ်ကုန်များ ရောင်းချခြင်းမပြုခဲ့ကြောင်း ယခင်က မီဒီယာများသို့ ပြောကြားဖူးသည်။

 

PT Dirgantara Indonesia က မြန်မာနှင့်သော်လည်းကောင်း မြန်မာနှင့် ဆက်စပ်နေသည့် တတိယ အဖွဲ့အစည်းနှင့်သော်လည်းကောင်း စာချုပ် တစ်ခုမျှ ချုပ်ဆိုထားခြင်း မရှိဖူးကြောင်း ပြောကြားခဲ့သည်။

 

True North က မှတ်ချက်ပေးရန် တောင်းဆိုမှုကို ချက်ချင်းတုံ့ပြန်မှု မရှိသော်လည်း ရိုက်တာမှ တွေ့မြင်ခဲ့ ရသည့် ရက်စွဲတပ်မထားသော ကုမ္ပဏီအကြောင်း အကျဉ်းချုပ်ဖော်ပြချက်တွင် အင်ဒိုနီးရှား လက်နက် ထုတ်လုပ်သူ သုံးခုကို "မဟာဗျူဟာမြောက် မဟာမိတ်များ” ဟု ဖော်ပြထားသည်။

 

တက်ကြွလှုပ်ရှားသူများက မြန်မာသည် ၎င်းကုမ္ပဏီများမှ ပစ္စတိုများ၊ ချေမှုန်းရေးရိုင်ဖယ်များနှင့် တိုက်ပွဲ သုံးယာဉ်များအပါအဝင် အမျိုးအစားအများအပြား ဝယ်ယူခဲ့သည်ဟု ပြောကြားသည်။

 

အာဆီယံဥက္ကဌအဖြစ် အင်ဒိုနီးရှားသည် မြန်မာစစ်တပ်နှင့် အတိုက်အခံများနှစ်ဘက်လုံးကို ဆွေးနွေးပြောဆိုရန် ကြိုးပမ်းမှုမှာ အောင်မြင်မှုအရိပ်အယောင်အနည်းငယ်မျှသာ ရရှိခဲ့သည်။

 

အာဏာသိမ်းပြီးနောက် ကုလသမဂ္ဂအထွေထွေညီလာခံ ချမှတ်ချက်ဖြစ်သည့် "ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံ အားလုံးမှ မြန်မာသို့ လက်နက်ဝင်ရောက်မှု တားမြစ်ရန်” တောင်းဆိုမှုကို အင်ဒိုနီးရှားက ထောက်ခံမဲပေးခဲ့သည်။

 

အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရှိသူက တိုင်တန်းချက်ကို လေ့လာနေကြောင်း ပြောဆိုခဲ့သည်။ ကာကွယ်ရေးဝန်ကြီးဌာနပြောခွင့်ရသူကမူ မှတ်ချက်ပေးရန် တောင်းဆိုမှုကို မတုံ့ပြန်ခဲ့ပါ။

 

နိုင်ငံပိုင်လက်နက်ထုတ်လုပ်သူများသည် အစိုးရ၏ ထိန်းချုပ်မှုနှင့် ကြီးကြပ်မှုအောက်တွင် ရှိသည့်အတွက် Komnas HAM ဟု သိရှိကြသည့် အခွင့်အရေးကော်မရှင်မှ စုံစမ်းစစ်ဆေးရန် တာဝန်ရှိသည်ဟု Darusman က ပြောကြားသည်။

 

မြန်မာစစ်တပ်သည် အာဏာသိမ်းပြီးနောက်ပိုင်း လက်နက်နှင့် လက်နက်ဆက်စပ်ကိရိယာများ အနည်းဆုံး ဒေါ်လာ ၁ ဘီလီယံဖိုး တင်သွင်းခဲ့ကြောင်း အဓိကတင်သွင်းခဲ့သည့် နိုင်ငံများမှာ ရုရှား၊ တရုတ်၊ စင်ကာပူ၊ ထိုင်းနှင့် အိန္ဒိယနိုင်ငံတို့မှတို့ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်က မေလတွင် အစီရင်ခံထားသည်။

 

ကိုးကား - Reuters

ပုံစာ - ဖေဖော်ဝါရီလ ၅ ရက် ၂၀၂၁ ခုနှစ် အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့ မြန်မာသံရုံးပြင်ပတွင် မြန်မာစစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင့်ဆန္ဒဖော်ထုတ်နေသူများ။ (Photo: REUTERS/Willy Kurniawan/File Photo)

 

အင်ဒိုနီးရှား
လက်နက်ထုတ်လုပ်သူများ
မြန်မာ

Share With
bap-logo