bap-logo
Business

ကမ္ဘာ့ဘဏ္ဍာရေးစနစ် ပြိုကွဲလာပြီး မြန်မာ့အကျပ်အတည်း ပိုဆိုးလာကြောင်း ကုလ အတွင်းရေးမှူးချုပ် ပြော

zgKpAPAgImEGj4iiqkY5l-image

လွန်ခဲ့သော ၂ နှစ် က

ကမ္ဘာ့ စီးပွားရေးနှင့် ဘဏ္ဍာရေးစနစ်သည် "ကြီးမားသော အက်ကွဲမှု" အန္တရာယ်ကြုံတွေ့နေရကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် António Guterres က တရုတ်၊ အမေရိကန်၊ အင်ဒိုနီးရှားနိုင်ငံတို့နှင့် ပြုလုပ်သော အာဆီယံထိပ်သီးအစည်းအဝေးတွင် ကြာသပတေးနေ့က ပြောကြားသည်။

 

ပထဝီနိုင်ငံရေးတင်းမာမှု၊ နိုင်ငံစုံ ဘဏ္ဍာရေး ဖွံ့ဖြိုးမှု၊ ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်စသည်ဖြင့် ကျယ်ပြန့်စွာ ပြောကြားခဲ့သော မိန့်ခွန်းအတွင်း ကမ္ဘာကြီး ရင်ဆိုင်နေရသော စိန်ခေါ်မှုများအတွက် ငြိမ်းချမ်းပြီး အများပါဝင်သည့် ဖြေရှင်းချက်ကို ရှာဖွေကြရန် Guterres က ကမ္ဘာ့ခေါင်းဆောင်များကို တိုက်တွန်းလိုက်သည်။

 

ကမ္ဘာ့စီးပွားရေးနဲ့ ဘဏ္ဍာရေးစနစ်တွေမှာ နည်းပညာ၊ ဉာဏ်ရည်တု၊ ပဋိပက္ခဖြစ်နေတဲ့ လုံခြုံရေး မူဘောင်တွေနဲ့ ပတ်သတ်တဲ့ ကွဲပြားတဲ့ မဟာဗျူဟာတွေနဲ့အတူ ကြီးကြီးမားမား အက်ကွဲနိုင်တဲ့ တစစီပြိုကွဲမယ့် အန္တရာယ် အစစ်အမှန်တစ်ခု ရှိနေပါတယ်။” ဟု ၎င်းက ပြောသည်။

 

ကြွေးမြီချည်နှောင်ခံထားရသည့် ဖွံ့ဖြိုးဆဲ စီးပွားရေးများအတွက် ငွေပေးချေမှု ဆိုင်းငံ့ခြင်း၊ ကာလ ပိုမိုရှည်ကြာသည့် ငွေချေးမှုနှင့် အတိုးနှုန်းလျော့ချမှုတို့ ပါဝင်သည့် ကယ်ဆယ်ထောက်ပံ့ပေးရေး ယန္တရားတစ်ခု ပြုလုပ်ပေးရန် တောင်းဆိုလိုက်သည်။

 

ငွေဖြစ်လွယ်မှုတိုးမြှင့်ရန်နှင့် ဖွံ့ဖြိုးဆဲစီးပွားရေးများ၏ လိုအပ်ချက်ကို ထောက်ပံ့နိုင်ရန်အတွက် အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့၏ နိုင်ငံစုံ ဖွံ့ဖြိုးရေးဘဏ်များမှတဆင့် အထူးထုတ်ယူခွင့်ကို ထပ်တိုး ဒေါ်လာ ၁၀၀ ဘီလီယံ ပြန်လည်နည်းလမ်းရှာထည့်သွင်းရန်ကိုလည်း ထောက်ပံ့ပေးရေး တောင်းဆိုခဲ့သည်။

 

ချမ်းသာသည့် နိုင်ငံများက ဆင်းရဲသည့်နိုင်ငံများအတွက် အသုံးမပြုသော ရန်ပုံငွေများ၊ နိုင်ငံတကာ အရံငွေကြေးများကို ပြန်လည်နည်းလမ်းရှာထည့်သွင်းပေးရန် ၂၀၂၁ ခုနှစ်က သဘောတူညီခဲ့ကြသည်။

 

ယခုနှစ် ဂျွန်လက ပြုလုပ်ခဲ့သော ပဲရစ်ထိပ်သီးအစည်းအဝေးတွင် ကမ္ဘာ့ခေါင်းဆောင်များက ကမ္ဘာ့ဘဏ်ကဲ့သို့သော နိုင်ငံစုံဖွံ့ဖြိုးရေးဘဏ်များက ချေးငွေမြှင့်တင်ရန်အတွက် အန္တရာယ်ရှိ ရင်းနှီးငွေ ပိုမိုထည့်သွင်းရေး တွန်းအားပေးရန် ထောက်ခံခဲ့ကြသည်။

 

ကမ္ဘာ့ဘဏ် အကြီးအကဲ Ajay Banga က ထိပ်သီးအစည်းအဝေးတွင် အကြွေးပြန်လည်ဆပ်ရန် ခေတ္တရပ်ဆိုင်းခြင်း၊ အရေးပေါ်တုံ့ပြန်ရေး ရန်ပုံငွေသို့ ပြောင်းလဲသုံးစွဲနိုင်ရန် နိုင်ငံများကို ပြောင်းလွယ်ပြင်လွယ်ပြုနိုင်စေခြင်း၊ ဖွံ့ဖြိုးရေးစီမံချက်များကို ကူညီရန် အာမခံချက် ပုံစံအသစ်များ ပေးအပ်ခြင်း၊ အဆင့်မြင့် အရေးပေါ်စနစ်များ တည်ဆောက်ရာတွင် အစိုးရများကို ကူညီခြင်းတို့ ပါဝင်သည့် "ပြင်ဆင်ဖြေရှင်းရေး ကိရိယာ” တစ်ခုကို အကြမ်းဖော်ပြခဲ့သည်။

 

Guterres က ၎င်းသည် မြန်မာနိုင်ငံမှ အခြေအနေ "ပိုမိုဆိုးရွားလာသော နိုင်ငံရေး၊ လူသားချင်းစာနာမှုနှင့် လူ့အခွင့်အရေးများ” ကို "နက်ရှိုင်းစွာ စိုးရိမ်နေဆဲဖြစ်ကြောင်း” ပြောကြားခဲ့သည်။

 

မြန်မာစစ်တပ်အာဏာပိုင်တွေအနေနဲ့ မြန်မာလူထုသဘောထားကို နားထောင်ရန်၊ နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရန်၊ ဒီမိုကရေစီအုပ်ချုပ်မှု ပြန်လည်ရရှိရေးအတွက် တံခါးဖွင့်ရန် အရေးတကြီး တောင်းဆိုကြောင်း ထပ်မံပြောကြားလိုပါတယ်။” ဟု ပြောသည်။

 

ဗုဒ္ဓဟူးနေ့က ထုတ်ပြန်ကြေငြာချက်တစ်ခုတွင် အာဆီယံဥက္ကဌ အင်ဒိုနီးရှားက ဒေသတွင်းခေါင်းဆောင်များသည် မြန်မာနိုင်ငံအတွက် ငြိမ်းချမ်းရေး ဘုံသဘောတူညီချက် ငါးရပ်ကို လုံလောက်သော တိုးတက်မှု မရှိသည့်အတွက် "အလေးအနက် စိုးရိမ်ကြောင်း” ပြောကြားခဲ့သည်ဟု ဖော်ပြထားသည်။

 

အာဆီယံခေါင်းဆောင်များသည် ကုလသမဂ္ဂနှင့် ကြာသပတေးနေ့နှောင်းပိုင်းတွင် ဆွေးနွေးရန် စီစဉ်ထားသည်။

 

ကိုးကား - Reuters

ပုံစာ - စက်တင်ဘာ ၇ ရက် ၂၀၂၃ ခုနှစ် အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့၊ အာဆီယံထိပ်သီး အစည်းအဝေးကျင်းပနေစဉ်အတွင်း အင်ဒိုနီးရှားသမ္မတ Joko Widodo နှင့် သီးခြားတွေ့ဆုံဆွေးနွေးခဲ့သည့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres (Photo: Tatan Syuflana/Pool via REUTERS)

 

UN
မြန်မာ
စီးပွားရေး
António Guterres
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်

Share With
bap-logo