bap-logo
Opinion

ညောင်သီးလည်းစား၊ လေးသံလည်း ကြားစေ

yJaFvxK9Egr5lX-sZiTgi-image

လွန်ခဲ့သော ၂ နှစ် က

စစ်ကောင်စီရွေးကောက်ပွဲနှင့်ပတ်သက်သော နောက်ဆက်တွဲအခြေအနေများ ကြားလာရသည်။ အထူးသဖြင့် နိုင်ငံရေး ပါတီတချို့ထံမှ ဖြစ်သည်။

 

၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲအကြိုကာလကိုပြန်ကြည့်လျင် ထိုစဉ် နဝတ-နအဖတို့၏ အချိန်ယူမှုကို သတိမူရန် လိုအပ်မည်။ ၈၈ ခုနှစ် အာဏာသိမ်းပြီးချိန်ကစ၍ အတိုက်အခံများကို နှိမ်နှင်း ကြပ်ကွပ်မှုသည် လက်ရှိကာလနှင့် ယှဉ်လျင် သိပ်ကြာရှည်သည်ဟုမဆိုနိုင်။ အရေးအခင်းကာလ တစ်ပြည်လုံး သဘောဆောင်ခဲ့သည့်တိုင် လပိုင်း အတွင်း ရုတ်ခြည်းအရှိန်ပြန်ကျသွားခဲ့ရာ ဤသည်ကပင် နဝတအတွက် ထွက်ပေါက်ဖြစ်ခဲ့သည်။

 

ထို့နောက်ပိုင်း ပြည်ပဆက်ဆံရေးကို နည်းမျိုးစုံသုံး၍ ကြိုးစားခဲ့သလို တရုတ်၏ထောက်ပံ့မှုကလည်း အများအပြားရရှိခဲ့ရာတိုတောင်းသော ကာလတစ်ခုအတွင်း တစ်စုံတစ်ရာတည်ငြိမ်သော အနေအထား တစ်ရပ် ကို ဖန်တီးနိုင်ခဲ့သည်။

 

နဝတ၏ ထိုနောက်ပိုင်း အရေးကြီးလုပ်ငန်းစဉ်က ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရေးဖြစ်သည်။ ထိုအတွက် လူတချို့ကို စည်းရုံးသိမ်းသွင်းခြင်းမှစ၍ ပါတီတချို့ကိုမက်လုံးပေးအိတ်ကပ်ထဲထည့်ကာ ညောင်နှစ်ပင် ညီလာခံကို ကျင်းပခဲ့သည်။ တစ်ခုရှိသည်က ထိုညောင်နှစ်ပင်ညီလာခံကိုလည်း အခါခပ်သိမ်းချောမွေ့စွာ အဆက်မပြတ် ကျင်းပနိုင်ခဲ့ခြင်းမျိုးတော့မဟုတ်။

 

ကြားတွင် တိုင်းရင်းသားများဖက်မှ ရပိုင်ခွင့်နှင့်ကိုယ်ပိုင်ပြဌာန်းခွင့် တောင်းဆိုချက်များကြုံလာချိန်များတွင် ညီလာခံရပ်နားသွားလေ့ရှိခြင်းဖြစ်၏။ ယင်းနောက် စစ်အုပ်စုတွင်း အပြန်ပြန်အလှန်လှန် ဆွေးနွေးပြီးမှ ပြန်စတတ်သည့်သဘောရှိခဲ့သည်။ သို့ရာတွင် တိုင်းရင်းသားအရေးနှင့်ပတ်သက်၍ မည်သို့ပင် တင်ပြစေကာမူ ရလဒ်ကောင်း မရှိခဲ့သလောက်ဖြစ်သည်။ တင်ပြသမျှ အမျိုးမျိုးသော အကြောင်းပြချက်များနောက်တွင် ပျောက်ကွယ်ငြင်းငယ်ခံခဲ့ရသည်ချည်းဖြစ်သည်။ ထိုသို့ဖြင့် ရပ်လိုက်၊ ပြန်ကျင်းပလိုက်နှင့် အချိန်အားဖြင့် ဆယ်စုနှစ်တစ်ခုကျော်မှ လက်စသတ်နိုင်ခဲ့သည်။ ထို့နောက်တွင်မှ တစ်ပြည်လုံး ဒုက္ခအတိပြီးသည့် သဘာဝဘေးဖြစ်သော နာဂစ်မုန်တိုင်းကာလတွင် ပြည်သူလူထုကို ဖိအားပေးရင်းဖြင့် ထိုဖွဲ့စည်းပုံကို အတည်ပြု ခဲ့သည်။

 

ထိုကာလက တိုင်းပြည်တွင်း စီးပွားရေးတောင်းဆိုမှုအရသော်လည်းကောင်း နိုင်ငံတကာရေးရာများကြောင့် သော်လည်းကောင်း ပြည်သူလူထုတွင် ရွေးချယ်စရာ လမ်းမရှိခဲ့ပေ။ အင်အားကြီးပါတီ ဖြစ်သော NLD ပင်လျင် ထိုကာလအတွင်း ရွေးကောက်ပွဲ ဝင်ခြင်း၊ မဝင်ခြင်းနှင့် ပတ်သက်ပြီး အကျပ်အတည်း ကြုံခဲ့ရချိန်ဖြစ်သည်။ အဆုံးတွင် NLD သည်လည်း အရေးအကြောင်းများစွာကို တွက်ဆရင်း ကြားဖြတ်ရွေးကောက်ပွဲ ဝင်ပြိုင်ခဲ့ ရသည်။

 

မည်သို့ဆိုစေ လက်ရှိအချိန် ရွေးကောက်ပွဲနှင့်ပတ်သက်လျင် ၂၀၁၀ ကာလများကဲ့သို့ စဉ်းစား၍ မရသော အကြောင်းတရားတို့ ရှိနေခဲ့ပြီဖြစ်သည်။ ၂၀၁၀ ကာလ အခြေအနေနှင့် လက်ရှိကာလကြား အကွာအဟက ကြီးမားသလို ယခုကာလ၌ မဖြစ်မနေ ထည့်သွင်းစဉ်းစားရမည့် အရာတို့က ရှိနေခဲ့သည်။ ဥပမာအားဖြင့် ပြည်သူ့မျက်နှာ ဖြစ်သည်။

 

တစ်တိုင်းပြည်လုံး မီးဟုန်းဟုန်းတောက်ရင်း ပြည်သူများစွာ သတ်ဖြတ်ခံနေရချိန်၊ အသက်အိုးအိမ် စည်းစိမ်များ ဖျက်ဆီးခံရနေရချိန်တွင် မည်သူတွေက ရွေးကောက်ပွဲအိပ်မက် မက်ရဲကြသနည်း မေးရပေမည်။

 

ပြည်သူများ၏ အသက်သွေးချွေးတို့ဖြင့် ခြေချစရာမရှိ ညစ်ထေးကြေမွနေသောလမ်းကို မည်သူတွေက ရန်သူနှင့်အတူ လက်တွဲလျှောက်ရဲ၊ လျှောက်ရက်ပါသနည်း။ တိုင်းပြည်တစ်ခုတွင် အရေးကြီးကာလများ ရှိတတ် သလို ထိုသို့ ကြုံရချိန် ရွေးချယ်စရာက များများမရှိပေ။ အဖြူလား၊ အမည်းလား။ ဓမ္မလား၊ အဓမ္မလား။ ဤသည်ကလွဲ၍ တောင်လို၊ မြောက်လို နိုင်ငံရေးသမားများအတွက် ယဉ်ကျေးသော လူ့ကမ္ဘာတွင် နေရာမရှိပေ။ ထို့အတွက် မည်သို့သောစကားဖြင့် တန်ဆာဆင်ပါစေ မိုးကြိုးပစ် ထန်းလက်ကာခြင်းမျှသာဖြစ်ပေသည်။

 

ဗမာ့နိုင်ငံရေးဟူသည် မည်သည့်အခါမှ ရိုးရှင်းနေခဲ့ခြင်းမရှိခဲ့ပေ။ လွတ်လပ်ရေးရပြီးစကလည်း ထိုကာလ အလျောက် ရှုပ်ထွေးခဲ့သည်။ လက်ရှိ၌လည်း ရှုပ်ထွေးပွေလီမှု ကာလရှည်ကြီးထဲ အဆိုးကျော့နေပြန်၏။ ယခုတဖန် နိုင်ငံရေးသမားတချို့၏ နိုင်ငံရေးအာသီသကြီးမားမှုများကပင် နိုင်ငံကို စစ်အာဏာရှင်လက်ထဲ နောက်ထပ် ကာလရှည်တစ်ခု ထိုးထည့်လိုက်သလို အဖြစ်မျိုးကြုံနေရပြန်ပြီ။

 

တစ်ချိန်က စစ်အာဏာရှင်စနစ်ကို အမြစ်ကဆွဲနှုတ်ပါမှ နိုင်ငံ့အနာဂတ်အရေး သာယာဖြောင့်ဖြူးမည်ဟု ဆိုခဲ့သော သူတို့၏နှုတ်ထွက်စကားများက လေထဲ၌အငွေ့ပျံ ပျောက်ကွယ်ပြန်လေပြီ။ ထိုအထဲ ဝမ်းနည်းစရာက နိုင်ငံရေး ရင့်မကြီးများ၏ အာဏာရှင်နည်းတူ အာဏာကို ငမ်းဖမ်းသော စိတ်ဓာတ်များပင်ဖြစ်သည်။

 

ထိုစိတ်ဓာတ်များကြောင့်ပင် အနာဂတ်ကာလ ဗမာ့နိုင်ငံရေးသည် ပိုမို ရှုပ်ထွေးလာနိုင်ချေရှိမည်ဖြစ်ရာ ပြည်သူများအနေနှင့် ထိုအရေးကိုလည်း တတ်နိုင်သမျှ ကြိုတွေးဆင်ခြင်သုံးသပ်ရင်း၊ တော်လှန်ရေး အောင်နိုင်မှုဆီလည်း မျက်ခြေမပြတ်ရင်း ရှိကြရန် အရေးကြီးလှပေသည်။

 

Burma Associated Press

ပါတီ
စစ်ကောင်စီ
အာဏာသိမ်း
ရွေးကောက်ပွဲ

Share With
bap-logo