Opinion
ဒုတ်ဒုတ်ထိ ဆိုက်ရောက်ရန်လိုသည့် အဆုံးသတ်
လွန်ခဲ့သော ၂ နှစ် က
၂၀၂၃ ခုနှစ်သည် တော်လှန်ရေး၏ အဆုံးအဖြတ်နှစ်ဟူသော အသံများ ကြားလာရသည်။ ဦးဆောင်ဦးရွက် ပြုနေသော အဖွဲ့အစည်း၏ ထိပ်တန်းတာဝန်ရှိ ပုဂ္ဂိုလ်ကိုယ်တိုင် ပြောကြားလာခဲ့ခြင်းလည်း ဖြစ်သည်။ ထိုသို့ဖြင့် ပြည်သူများကြား မျှော်လင့်ချက်တို့ မြင့်တက်လာသည်။
ဆိုရလျင် တော်လှန်ရေး၏ခရီးသည် အချိန်အားဖြင့် ၂ နှစ်တင်းတင်းပြည့်ခဲ့ပြီဖြစ်၏။ ပြည်သူများကြားတွင် လည်း ထိုကာလအတွင်း ပင်ပန်းဆင်းရဲကြီးမှုများစွာ ခံစားခဲ့ရသည်။ အနေအစား ဆင်းရဲခြင်းကစ၍ စိတ်ဆင်းရဲ ကိုယ်ဆင်းရဲခြင်းအပါအဝင် ဆင်းရဲခြင်း သပ္ပရနံက ဖိစီးထားသည်ဖြစ်ရာ သည်ဖြစ်ရပ်ကို အဆုံးသတ်စေချင် ကြပြီဖြစ်၏။
သို့ဖြစ်ရာ ဦးဆောင်ဦးရွက်ပြုသည့် အဖွဲ့ကိုယ်၌ တော်လှန်ရေးအဆုံးသတ်နှစ်အဖြစ် ဆိုလာချိန် ထိုကိစ္စက အမှန်တကယ် ဖြစ်လာနိုင်ချေရှိသလား ဆိုသည်က စောကြောရန်လိုလာသည်။
ပထမဆုံး ပြည်ပနှင့်နိုင်ငံတကာရေးရာအား ကြည့်မည်ဆိုပါက အိမ်နီးချင်းနိုင်ငံများ၏ ဆက်ဆံရေးအနေအထား က နှစ်မျိုးကွဲပြားလျက်ရှိသည်။ ထိုင်းနိုင်ငံ၏ ဗမာ့အရေးနှင့်ပတ်သက်သော မူဝါဒသည် သာမန်အားဖြင့် တိတိပပရှိသည်ဟု ယခုတိုင်မဆိုနိုင်သေးပေ။ ထို့အစား အစဉ်အဆက် တည်ဆောက်ထားခဲ့သော စစ်ဖက် ထိပ်သီးခေါင်းဆောင်ချင်း ရင်းနှီးမှုကို အခြေပြုသည့်ပုံစံက ယခုတိုင် ရှင်သန်နေဆဲခြင်းကို မြင်ရသည်။
ထို့နည်းတူ ဗမာ့တော်လှန်ရေးကို ထောက်ခံသော ပြောဆိုလုပ်ကိုင်မှုလည်း လက်ရှိအချိန်ထိ မမြင်ရသေးခြင်းက အမှန်ဖြစ်၏။ သို့သော် ဗမာ့တော်လှန်ရေးနှင့်ပတ်သက်ဆက်နွယ်၍ သူ့နိုင်ငံအပေါ် နိုင်ငံတကာ၏ ဖိအားပေးခြင်း၊ ပိတ်ပင်တားဆီးခြင်း စသည့် ကိစ္စရပ်မျိုး ဖြစ်လာစေမည့် အကြောင်းချင်းရာတို့ကိုဖြင့် ရှောင်ရှားသည်။
လတ်တလော မလေးရှားဝန်ကြီးချုပ်၏ စကားကဖြင့် စဉ်းစားစရာဖြစ်၏။ မလေးရှားဝန်ကြီးချုပ်၏ ပြောဆိုမှု တွင် မအောင်မြင်သော အာဆီယံ၏ မူဝါဒနှင့်ပတ်သက်သည်ထက် စစ်ကောင်စီအပေါ် ပိုမို ပြင်းထန်သော ဖိအား ပေးသင့်ကြောင်းကို ပိုမိုအလေးထားခဲ့သည်။
ပြည်တွင်းရေးဆိုသည့်တိုင် ကိုယ့်ပြည်သူတွေကို နှိပ်စက်သတ်ဖြတ်နေခြင်းနှင့်ပတ်သက်ပြီး ယဉ်ကျေးသော လူ့အဖွဲ့အစည်းများ၏ သဘောထားရပ်တည်ချက်ကို ရှေ့တန်းတင်ပြောသွားရာ ဤသည်ပင် ၂၀၂၃ ခုနှစ် အဝင်ကာလ အာဆီယံ ခေါင်းဆောင်တစ်ဦး၏ အတွေးအခေါ် အပြောင်းအလဲဟု ယူဆရမည့် သဘောဖြစ်၏။ သည်လိုပင် စင်္ကာပူနိုင်ငံခြားရေးဝန်ကြီးကလည်း ပြောခဲ့သည်။
မည်သို့ပြောပါစေ ဒေသတွင်း သဟဇာတဖြစ်ရေး၌ ဗမာ့အရေးကိစ္စက ကြီးမားသော အနှောင့်အယှက်ကြီးတစ်ခု အဖြစ်ရှိနေပြီး အဖွဲ့၏ ဂုဏ်သိက္ခာနှင့် မျှော်မှန်းချက်တွေကို ထိခိုက်လာနေတာကို အာဆီယံခေါင်းဆောင်များ ပိုမိုသိမြင်လာကြခြင်း သေချာ၏။
NUG ၏ ပြည်ပဆက်ဆံရေးနှင့် ပတ်သက်လျင်၂၀၂၂ ခုနှစ်သည် တိုးတက်မှုတချို့ရှိခဲ့သည့်နှစ်ဟု ဆိုနိုင်လိမ့်မည်။ အမေရိကန်၏ ဗမာပြည်ဆိုင်ရာဥပဒေ ချမှတ်နိုင်အောင်ဆောင်ရွက်နိုင်ခဲ့သလို ဥရောပ ပါလီမန်လိုမျိုးတွင်ပါ အသိအမှတ်ပြုခံရအောင် စွမ်းဆောင်နိုင်ခဲ့သည်။
အလားတူစွာ လုံခြုံရေးကောင်စီအဆုံးအဖြတ်တစ်ခု၌ စစ်အုပ်စုဖက်က အမြဲရပ်တည်ခဲ့သော တရုတ်တို့ ရေငုံ နှုတ်ပိတ်နေခဲ့ခြင်းကလည်း ထူးခြားမှုဟုဆိုရလိမ့်မည်။
ဤသည်မှာ တစ်ဖက်ကကြည့်လျင် ၈၈နောက်ပိုင်း ဗမာ့အရေးနှင့် ပတ်သက်သမျှ အမြဲတမ်း ထောက်ခံခဲ့သော တရုတ်တို့၏ ပထမဆုံးသော ရပ်တည်ချက်ဆိုင်ရာ အကျပ်အတည်းဟုဆိုလျင်လည်း မှားမည်မထင်။ ယေဘုယျ သဘောပြောရလျင် ပြည်ပရေးရာများ၌ ၂၀၂၂ ခုနှစ်သည် တစ်စုံတစ်ရာ အောင်မြင်ခဲ့သည့်နှစ်ဟု ဆိုရလိမ့်မည်။
နောက်ဆုံးကျန်သည်က ပြည်တွင်းရေး ဖြစ်သည်။ စစ်ကောင်စီတွင် ထပ်ထုတ်စရာ လူအင်အား ခန်းခြောက် နေသည်က သေချာသောကိစ္စဖြစ်၏။ ယခင်က စစ်ကြောင်းထိုးသည်ဆိုလျင် အင်အားရာကျော်ရှိသော သာလွန် အင်အားဖြင့် လက်နက်အား၊ ကျည်အား စုပြုံသုံးလေ့ရှိသည့်တိုင် ယခုအခါ စစ်ကြောင်းသည် နီးစပ်ရာ ဆွဲခေါ် ထားသော ပျူစောထီးများဝန်းရံသော အင်အားလေးငါးဆယ်မျှသာ အလွန်ဆုံးဖြစ်သော စစ်ကြောင်းဖြစ်၏။ စစ်ကြောင်းထိုးသည် ဆိုရာမှာလည်း ရွာဝင် လူသတ်မီးရှို့ရင်း ရသမျှခိုးဆိုးလုယက်ခြင်းထက်မပိုပေ။
ယင်းကပင် ဒေသခံတို့ရင်ထဲက အမုန်းတရားကို ပို၍ မီးထိုးပေးသလိုရှိရင်း တော်လှန်ရေး၏ အောင်စိတ်ကို သွယ်ဝိုက် လှုံဆော်ပေးနေသကဲ့သို့ ဖြစ်သည်။
ဤနေရာတွင် စဉ်းစားရန်က ပြည်သူဆိုသည် ကိန်းသေတန်ဖိုးဖြစ်ပြီး သူ့ကို လက်မခံငြင်းပယ်၍ မရခြင်းဖြစ်၏။ လက်ရှိအချိန်တွင် အခရာအကျဆုံးအနက် ပြည်သူ့ဆန္ဒသည် ထိပ်ဆုံးက ပါဝင် နေခြင်းကို လက်ခံရလိမ့်မည်။ ပြည်သူဆိုသည်က စဉ်ဆက်မပြတ်စီးဆင်းနေသည့် သဘောရှိရာ အချိန် ပိုကြာလာလေ စစ်ကောင်စီ၏ ထွက်ပေါက် ကျဉ်းမြောင်းလေဖြစ်မည်။
ထိုအခြေအနေတွေကို စစ်ကောင်စီက လေကြောင်းအင်အားဖြင့် ထိန်းညှိရန် ကြိုးစားနေခြင်းကို မြင်ရသည်။ သို့ရာတွင် လေယာဉ်တစ်စင်း လေထဲပျံတက်ရန်နှင့် ထိန်းသိမ်းစရိတ်က မသေးရာ လက်နက်တပ်ဆင်ပြီး အချိန် ကြာမြင့်စွာ လှုပ်ရှားစစ်ဆင်နိုင်ရန် မည်မျှကုန်ကျမည်လဲက တွေးကြည့်လျင် သိနိုင်သည်။
အချိန်ကြာလာသည်နှင့်အမျှ စစ်ကောင်စီ၏ လေတပ်သုံးစွဲနိုင်မှုတွင် အကန့်အသတ်များ ဖြစ်ပေါ်လာမည်မှာ သေချာသည်။ လက်ရှိ၌ စစ်ကောင်စီ၏ကျဆုံးစာရင်းက နေ့စဉ်မြင့်တက်နေသလို တစ်ဖက်တွင်လည်း ခုခံရေး အင်အားစုများ၏အင်အားက တစ်နေ့တခြား တိုးပွားလျက်ရှိနေသည်။ နယ်မြေထိန်းချုပ်နိုင်မှုအရလည်း ရှေ့ကို တဖြည်းဖြည်းတိုးလာနေသည်။ ဒီကြားထဲ လက်နက်တပ်ဆင်ပေးမှုများကလည်း ဆတိုးလာလျက်ရှိသည်။
အထက်ပါအကြောင်းချင်းရာများကို သတ္တုချကြည့်လျင် ၂၀၂၃ ခုနှစ်သည် အဆုံးအဖြတ်နှစ် ဖြစ်နိုင်သည်ဆိုသော ပြောဆိုချက်က ကြောင်းကျိုးမဲ့ ပြောဆိုမှုဟူ၍ ဆိုမရသည်ကသေချာ၏။ အကြောင်းကြောင်းအားကြောင့် အရာခပ်သိမ်းထုတ်ဖော်ပြသ၍ မရနိုင်သည်ကလွဲ၍ မူလတွက်ဆထားသော သေချာ ရေရာမှုတစ်ခုဖြင့် ရှိနိုင်လိမ့်မည်ဟုဆိုရမည်။
သို့သော် မည်သို့သော အကြောင်းတရားနှင့် တွက်ဆမျှော်မြင်ထားမှုတို့ ရှိလင့်ကစား ပန်းမဝင်မီ တက်, မ ထောင်ရန်လိုအပ်ပေသည်။ ဉာဏ်ပညာပေါ် အခြေတည်သော အဆုံးဖြတ်၊ အပြီးသတ်ခရီးသည် ဒုတ်ဒုတ်ထိ ဆိုက်ရောက်ရန် လိုအပ်ပေသည်။
Top News
လွန်ခဲ့သော ၁၈ ရက် က
လွန်ခဲ့သော ၂၂ ရက် က
လွန်ခဲ့သော ၂၂ ရက် က