bap-logo
International

ထိုင်းနိုင်ငံတွင် အာဖရိကမှ လာသူတစ်ဦးထံမှ မျောက်ကျောက်ရောဂါ (mpox) တွေ့ရှိ

y3p36r3DyO2JPXKJZAFGA-image

လွန်ခဲ့သော ၃ လ က

 

ပြီးခဲ့သည့်အပတ်အတွင်း အာဖရိကမှ ရောက်ရှိလာသူ ဥရောပလူမျိုး တစ်ဦးထံတွင် မျောက်ကျောက်ရောဂါ စစ်ဆေးတွေ့ရှိရသည်ဟု ရောဂါထိန်းချုပ်ရေးအရာရှိတစ်ဦးက ဗုဒ္ဓဟူးနေ့တွင် ပြောသည်။

 

ထိုင်းအာဏာပိုင်များက ၎င်းတွေ့ရှိမှုကို မျောက်ကျောက်ရောဂါ Clade 1 မျိုးကွဲ ကဲ့သို့ သတ်မှတ်ယူဆကာ ကုသပေးနေသည်။ (Clade 1 မျိုးကွဲသည် Clade 2 မျိုးကွဲ ထက် ပိုမိုပြင်းထန်ကာ လူအချင်းချင်း ပိုမိုကူးစက်နိုင်သော မျောက်ကျောက်ရောဂါ ဖြစ်သည်။) ၎င်းသည် ပျံ့နှံ့မှုများ ဖြစ်ပေါ်နေသည့် အာဖရိကနိုင်ငံမှ ဩဂုတ်လ ၁၄ ရက်နေ့တွင် ရောက်ရှိလာခြင်းဖြစ်သည်ဟု ရောဂါထိန်းချုပ်ရေးဌာန ညွှန်ကြားရေးမှူးချုပ် Thongchai Keeratihattayakorn က Reuters ကို ပြောသည်။

 

လေယာဉ်ဆိုက်ရောက်ပြီး အခြားသူတွေနဲ့ ထိတွေ့ချိန် အများကြီး မရှိပါဘူးဟု Thongchai က ပြောသည်။ "ညနေ ၆ နာရီလောက်မှာ ရောက်တယ်။ နောက်နေ့ ဩဂုတ်လ ၁၅ ရက်မှာ ဆေးရုံက ဆရာဝန်ဆီမှာ သွားပြတယ်။”

 

၎င်းကူးစက်မှုမှာ Clade 1 မျိုးကွဲ ဟုတ်၊ မဟုတ် စစ်ဆေးနေပြီး သောကြာနေ့တွင် အဖြေသိရမည်ဟု မျှောင်လင့်ကြောင်း Thongchai က ပြောသည်။ နိုင်ငံတွင်းတွင် လူနာနှင့် ထိတွေ့မှုရှိနိုင်သည့် လူပေါင်း ၄၃ ဦးကို အာဏာပိုင်များက စောင့်ကြည့်စစ်ဆေးနေကြောင်း ၎င်းက ပြောသည်။

 

ညွှန်းကြားရေးမှူးချုပ်က အာဖရိကနိုင်ငံ၏ အမည်ကို မပြောပါ။ ၎င်းလူနာသည် ထိုင်းနိုင်ငံသို့ မလာရောက်မီ အရှေ့အလယ်ပိုင်း နိုင်ငံတစ်ခုမှ တဆင့် လာခြင်းဖြစ်သည်ဟုလည်း ဆိုသည်။

 

ထိုင်းနိုင်ငံသည် ၂၀၂၂ ခုနှစ်မှ စတင်ကာ Clade 2 မျောက်ကျောက်ရောဂါ တွေ့ရှိမှု ၈၀၀ ရှိခဲ့ပြီး Clade 1 မျိုးကွဲ တစ်ခုမျှ မတွေ့ရှိခဲ့ပါ။

 

ဖိလစ်ပိုင်နိုင်ငံတွင်မူ မကြာသေးမီက စစ်ဆေးတွေ့ရှိခဲ့သော မျောက်ကျောက်ရောဂါသည် အားပျော့သော Clade 2 မျိုးကွဲဖြစ်ပြီး အာဖရိကတွင် ပျံ့နှံ့နေသည့် မျိုးကွဲသစ်မဟုတ်ကြောင်း ဖိလစ်ပိုင်ကျန်းမာရေးဝန်ကြီးက ဗုဒ္ဓဟူးနေ့တွင် ပြောသည်။

 

ကျွန်တော်တို့ တွေ့ရှိခဲ့တဲ့ မျောက်ကျောက်ရောဂါက မူလမျိုးကွဲဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ လူမှုအသိုင်းအဝိုင်းအတွင်း လည်ပတ်ပျံ့နှံနေခဲ့တာ ဖြစ်နိုင်ပါတယ်။” ဟု ကျန်းမာရေးအတွင်းဝန် Teodoro Herbosa က ANC သတင်းချန်နယ်ကို ပြောသည်။

 

ဖိလစ်ပိုင်နိုင်ငံသည် ယခုနှစ်အတွက် ပထမဆုံး မျောက်ကျောက်ရောဂါတွေ့ရှိရကြောင်း တနင်္လာနေ့က ကြေငြာခဲ့သည်။ ဖိလစ်ပိုင်နိုင်ငံသည် ဂျူလိုင်လ ၂၀၂၂ ခုနှစ်မှ စတင်၍ ဓာတ်ခွဲခန်းမှ အတည်ပြုထားသော ကူးစက်မှု ၁၀ ခု ရှိပြီဖြစ်သည်။

 

အသက် ၃၃ နှစ်အရွယ် ဖိလစ်ပိုင်နိုင်ငံပြင်ပသို့ ခရီးသွားရာဇဝင်မရှိသော ဖိလစ်ပိုင်လူမျိုး လူနာသည် ဆေးရုံတွင် ပြန်လည် သက်သာလာနေသည်ဟု Herbosa က ပြောသည်။ ယခင် ကူးစက်ခံခဲ့ရသည့် ဖိလစ်ပိုင်လူမျိုး ကိုးဦးလုံးသည်လည်း သက်သာသွားပြီ ဖြစ်သည်ဟု ဆိုသည်။

 

ပြီးခဲ့သည့်အပတ်တွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က မျောက်ကျောက်ရောဂါကို ကမ္ဘာလုံးဆိုင်ရာ အရေးပေါ် ကျန်းမာရေးအခြေအနေအဖြစ် ကြေငြာခဲ့သည်။ ၎င်းအခြေအနေသည် နှစ်နှစ်အတွင်း ဒုတိယအကြိမ်မြောက် အမြင့်ဆုံး သတိပေးချက်ဖြစ်သည်။ ကွန်ဂိုနိုင်ငံမှ အိမ်နီးချင်းနိုင်ငံများသို့ ပျံ့နှံ့သွားခဲ့သည့်အတွက် ၎င်းကဲ့သို့ ကြေငြာရခြင်းဖြစ်သည်။

 

၎င်းရောဂါမှာ မျောက်ကျောက် ဗိုင်းရပ်စ်ကြောင့် ဖြစ်ပွားရခြင်းဖြစ်ပြီး တုပ်ကွေးကဲ့သို့ လက္ခဏာများပြသကာ အနာဖုများ ပေါက်လာတတ်သည်။ ၎င်းရောဂါမှာ အားပျော့သောလည်း ကလေးသူငယ်များ၊ ကိုယ်ဝန်ဆောင်အမျိုးသမီးများ၊ HIV ကူးစက်ခံထားရသူများကဲ့သို့ ကိုယ်ခံအားစနစ် အားနည်းသည့် လူများတွင် အသက်သေဆုံးနိုင်သည်။

 

ကူးစက်ခံထားရသည့် လူများနှင့် ထိတွေ့ခြင်း၊ နမ်းခြင်း၊ လိင်ဆက်ဆံခြင်းဖြင့်လည်းကောင်း၊ ကူးစက်ခံထားရသည့် တိရိစ္ဆာန်များကို အမဲလိုက်ခြင်း၊ အရေခွံဆုတ်ခြင်း၊ ချက်ပြုတ်ခြင်းများဖြင့်လည်းကောင်း၊ အခင်းများ၊ အဝတ်များ၊ အပ်များကဲ့သို့ ပစ္စည်းကိရိယာများနှင့် ထိတွေ့သူများ၊ ကိုယ်ဝန်ဆောင်မှ မမွေးသေးသည့် ကလေးငယ်များကိုလည်းကောင်း မည်သူမဆို မျောက်ကျောက်ရောဂါ ကူးစက်နိုင်သည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုတ်ပြန်ထားသည်။

 

လူအချင်းချင်း ကူးစက်ပုံမှာ မျက်နှာမှ တဆင့် (စကားပြောခြင်း၊ အသက်ရှုခြင်း) အရေပြားမှ (ထိတွေ့ခြင်း၊ စအိုအပါအဝင် လိင်အင်္ဂါများ ထိတွေ့ဆက်ဆံခြင်း) ပါးစပ်မှ (နမ်းခြင်း) ပါးစပ်မှ အရေပြား ထိတွေ့မှု (ပါးစပ်ဖြင့် လိင်ဆက်ဆံခြင်း၊ အရေပြားကို နမ်းခြင်း) အသက်ရှုလမ်းကြောင်းမှ ထွက်သော အမှုန်အမွှားများ၊ အနီးကပ် အချိန်ကြာမြင့်စွာ ထိတွေ့မှုများကြောင့် အမှုန်အမွှားများနှင့် ထိတွေ့ခြင်းတို့မှ ကူးစက်နိုင်သည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုတ်ပြန်ထားသည်။

 

တိရစ္ဆာန်များမှ လူများသို့ မျောက်ကျောက်ရောဂါကူးစက်ပုံမှာ အကိုက်ခံရခြင်း၊ ခြစ်မိခြင်းတို့မှ ကူးစက်နိုင်ကာ အမဲလိုက်ခြင်း၊ အရေခွံခွာခြင်း၊ ထောင်ခြောက်ထောင်ခြင်း၊ ချက်ပြုတ်ခြင်း၊ တိရစ္ဆာန်အသေကောင်များနှင့် ဆော့ကစားခြင်း၊ တိရစ္ဆာန်များကို စားသောက်ခြင်းတို့မှ ကူးစက်နိုင်သည်ဟု WHO က ကြေငြာထားသည်။

 

အတွေ့ရများသော မျောက်ကျောက်ရောဂါ လက္ခဏာများမှာ အဖုပေါက်ခြင်း၊ ဖျားခြင်း၊ လည်ချောင်းနာခြင်း၊ ခေါင်းကိုက်ခြင်း၊ ကြွက်သားများ နာကျင်ခြင်း၊ နောက်ကျောနာခြင်း၊ အားအင် နည်းပါးခြင်း၊ ပြန်ရည်ကျိတ်ရောင်ခြင်းတို့ ဖြစ်သည်။

 

ကုသရန်မှာ အဖုများကို ကုသခြင်း၊ နာကျင်မှုနှင့် ဆင့်ပွားခံစားရမှုများကို တားဆီးခြင်းတို့ ဖြစ်ကြောင်း၊ စောလျင်စွာ ပြုစုကုသမှုသည် အရေးကြီးကြောင်း၊ မျောက်ကျောက်ရောဂါ ကာကွယ်ဆေးက ကူးစက်မှုကို တားဆီးနိုင်ကြောင်း WHO က ထုတ်ပြန်ထားသည်။

 

မျောက်ကျောက်ရောဂါဖြစ်ပွားသူများမှာ ၂ ပတ်မှ ၄ ပတ်အတွင်း ပြန်လည် သက်သာလာကြောင်း၊ ကူးစက်ခံရလျှင် မိမိကိုယ်ကို ပြုစုစောင့်ရှောက်ရန်နှင့် ကာကွယ်တားဆီးရန်အတွက် အိမ်တွင် နေထိုင်ခြင်း၊ အခန်းသီးသန့်ခွဲနေထိုင်ခြင်း၊ လက်ကို ရေ၊ ဆပ်ပြာ သို့မဟုတ် လက်သန့်စင်ဆေးရည်ဖြင့် မကြာခဏ ဆေးခြင်း၊ မျက်နှာဖုံး တပ်ခြင်း၊ အခြားသူများအနီးတွင် အနာဖုများကို ဖုံးကွယ်ထားခြင်း၊ အရေပြားကို ခြောက်သွေ့အောင်ထားပြီး အကာအကွယ် မပြုလုပ်ထားခြင်း (အခြားသူများအနီးတွင်ရှိလျှင်မူ ဖုံးကာထားရမည်) အများသုံးပစ္စည်းများကို မထိတွေ့ခြင်း၊ အများသုံးနေရာများကို မကြာခဏ ပိုးသတ်ခြင်း၊ နာကျင်ကိုက်ခဲမှု သက်သာရန် ပါရာစီတမော (acetaminophen) သို့မဟုတ် ibuprofen တို့ သောက်သုံးခြင်းတို့ ပြုလုပ်နိုင်သည်ဟု WHO က ဖော်ပြထားသည်။

 

အရည်ကြည်ဖုများကို ဖောက်ခြင်း၊ အနာများကို ကုတ်ဖဲ့ခြင်းတို့ မပြုလုပ်ရပါ။ အနာဖုများ ခန္ဓာကိုယ် အခြား အစိတ်အပိုင်းများသို့ ပျံ့နှံ့သွားနိုင်သည့်အတွက် ဖြစ်သည်။ အနာများအတွင်းသို့ ပိုးလည်းဝင်သွားနိုင်သည်။ အနာဖေးများ မပျောက်ကင်းမီ အနာရှိရာနေရာများကို အမွေးရိတ်ခြင်းလည်း မပြုရပါ။ အနာဖုများ ခန္ဓာကိုယ် အခြားအစိတ်အပိုင်းများသို့ ပျံ့နှံ့သွားနိုင်သည်ဟု WHO က ဖော်ပြထားသည်။

 

ကိုးကား - Reuters WHO

 

ပုံစာ - ဩဂုတ်လ ၂၀ ရက်၊ ၂၀၂၄ ခုနှစ်တွင် "မျောက်ကျောက်ရောဂါ တွေ့ရှိ" ဟု တံဆိပ်ကပ်ထားသော စမ်းသပ်ပြွန်ကို သရုပ်ဖော်ရိုက်ထားစဉ်။ (REUTERS/Dado Ruvic/Illustration/File Photo)

 

ဖိလစ်ပိုင်
အာဖရိက
ထိုင်း
မျောက်ကျောက်

Share With
bap-logo