bap-logo
Politics

ကရင်နီတွင် အောက်တိုဘာလအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀ ကျော်သေဆုံး

xwq_0-63fJuL7ku-KbeDM-image

လွန်ခဲ့သော တစ်နှစ် က

BAP၊ နိုဝင်ဘာ ၄။

 

ကယား(ကရင်နီ)ပြည်တွင် အခုနှစ် အောက်တိုဘာလ အတွင်း တိုက်ပွဲများ ပြင်းထန်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင် ၄၀ ကျော် သေဆုံးခဲ့သည်ဟု ကရင်နီအမျိုးသားများကာကွယ်ရေးတပ်- KNDF က ယမန်နေ့က ထုတ်ပြန်သည်။

 

အောက်တိုဘာလအတွင်း ကရင်နီပြည် စစ်မျက်နှာအသီးသီးတွင် စစ်ကောင်စီအား ခုခံတိုက်ခိုက်ရင်း KNDF ရဲဘော် ၄ ဦး ကျဆုံးခဲ့ရသည်ဟု သိရသည်။

 

စစ်ကောင်စီ လေကြောင်း ဗုံးကြဲမှုကြောင့် လူနေအိမ်(၄)လုံး၊ စာသင်ကျောင်း(၁)ကျောင်းနှင့် ဆေးပေးခန်း (၁)လုံး ထိခိုက်ပျက်ဆီးခဲ့ပြီး လက်နက်ကြီးပစ်ခတ်မှုကြောင့် လူနေအိမ်(၁၃)လုံး ပျက်စီးခဲ့သလို အရပ်သားပြည်သူ ၇ ဦး ထိခိုက်ဒဏ်ရာရရှိကာ ၈ နှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံးခဲ့ရသည်ဟု KNDF က ဆိုသည်။

 

စစ်ကောင်စီသည် စစ်ရေးပစ်မှတ်မဟုတ်သော လက်နက်မဲ့ပြည်သူများကို ရန်သူသဖွယ် သတ်မှတ်၍ စစ်ရာဇဝတ်မှုများအား ပေါ်ပေါ်ထင်ထင် ကျူးလွန်လုပ်ဆောင်လျက် ရှိပါသည်” ဟု KNDFက ဖော်ပြထားသည်။

 

ဖရူဆို- ဘောလခဲ ပြည်ထောင်စုလမ်းမကြီးတစ်လျှောက် စစ်ကောင်စီစစ်ကြောင်းနှင့် ကရင်နီပူးပေါင်း တပ်များ နေ့စဉ်နီးပါး တိုက်ပွဲဖြစ်ပွားခဲ့ပြီး အောက်တိုဘာလအတွင်း အဆိုပါ လမ်းမကြီး တစ်လျှောက်တွင် ထိတွေ့ တိုက်ပွဲပေါင်း ၃၀ နီးပါး ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

 

ဖရူဆို- ဘောလခဲ လမ်းမကြီးတစ်လျှောက် ထိတွေ့တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး စက်တင်ဘာ လက ဘောလခဲမြို့သို့ ရိက္ခာ၊ ခဲယမ်းများ ပို့ဆောင်မည့် စစ်ကောင်စီ ထောက်ပို့ယာဉ်တန်း ကား ၇၀ ကျော်အနက် ၄၀ ခန့်သာ ဘောလခဲမြို့သို့ သွားရောက်နိုင်ခဲ့ပြီး ကျန်ရှိသော ကားအစီးရေ ၃၀ နီးပါးက ယခုအချိန်ထိ ထပ်မံဖြတ်သန်း၍ သွားရောက်နိုင်ခြင်း မရှိသေးကြောင်း KNDF က အသိပေးထားသည်။

 

ဒါ့အပြင် ရှမ်းမြောက်တွင် ညီနောင်မဟာမိတ်သုံးဖွဲ့က ဆင်နွှဲနေသည့် စစ်ဆင်ရေး ၁၀၂၇ တွင် KNDF တပ်ရင်းအမှတ် (၆၀၆) ကလည်း ပူးပေါင်းပါဝင်နေပြီး စခန်းသိမ်းတိုက်ပွဲများ ပါဝင်ဆင်နွှဲလျက်ရှိ သည်ဟု အသိပေးထားသည်။

 

Burma Associated Press

 

စစ်ကောင်စီ
စစ်သားများ
သေဆုံးခဲ့
ကရင်နီ

Share With
bap-logo