Intrenational Crime
လာမည့် ရက်သတ္တပတ်တွင် ထိုင်းနိုင်ငံခြားရေးဝန်ကြီး မြန်မာသို့ လာမည်
လွန်ခဲ့သော ၁၂ ရက် က
BAP၊ ဘာသာပြန်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီး Maris Sangiampongsa သည် ထိုင်းငါးဖမ်းသမား လေးဦးကို အမြန်လွှတ်ပေးရေး မြန်မာအရာရှိများနှင့် လာမည့် ကြာသပတေးနေ့တွင် တွေ့ဆုံဆွေးနွေးသွားမည်ဟု ကာကွယ်ရေးဝန်ကြီးဌာနမှ သိရကြောင်း Bangkok Post တွင် ဖော်ပြထားသည်။
ထိုင်းလူမျိုးလေးဦးမှာ ပြည်နှင်ဒဏ်ပေးရေး လုပ်ငန်းစဉ်များတွင်ပင် ရှိသေးသည်ဟု ထိုင်း-မြန်မာ မြို့နယ် နယ်စပ်ကော်မတီ (TBC) ကို ကိုးကား၍ ကာကွယ်ရေးဝန်ကြီးဌာန ပြောခွင့်ရ ဗိုလ်ချုပ် Thanathip Sawangsaeng က ဆိုသည်။
ထိုင်းဝန်ကြီးချုပ် Paetongtarn Shinawatra နှင့် မြန်မာ ဒုဝန်ကြီးချုပ်သာမက ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်တို့နှင့်ပါ အသေးစိတ်ပြောဆိုချက်များအရ လုပ်ငန်းစဉ်တွင်ပါဝင်သော ဥပဒေလုပ်ထုံးလုပ်နည်းများကြောင့်ကြန့်ကြာနေသည်ဟု သိရကြောင်း၊ အခြားပြဿနာ မရှိသည်မှာ သေချာကြောင်း ကာကွယ်ရေးဝန်ကြီးဌာန ပြောခွင့်ရသူက ဆိုသည်။
ဝန်ကြီးချုပ်က ထိုင်းလူမျိုးလေးဦးနှင့် ပတ်သက်၍ သူမ၏ စိုးရိမ်မှုကို ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကို ပြောကြားခဲ့ကြောင်း၊ ၎င်းတို့ အမြန်ဆုံး လွတ်မြောက်စေလိုသည့် ဆန္ဒကိုလည်း ဖော်ထုတ်ပြောဆိုခဲ့ကြောင်း ဗိုလ်ချုပ် Thanathip က ပြောသည်။
Mr Maris သည် နှစ်ပတ်နီးပါး ဖမ်းဆီးထိန်းသိမ်းခံထားရသော လှေသမားများ အမြန် လွှတ်ပေးရေး မြန်မာအာဏာပိုင်များနှင့် ဒီဇင်ဘာ ၁၉ ရက်နေ့တွင် ပြောဆိုဆွေးနွေးမည်ဟု ဗိုလ်ချုပ် Thanathip က ပြောသည်။
ကာကွယ်ရေးဝန်ကြီး Phumtham Wechayachai ကလည်း မြို့နယ် နယ်စပ် ကော်မတီနှင့် အခြားဌာနများကို ဖမ်းဆီးခံရသူ လေးဦး၏ မိသားစုများ အခြေအနေ အသိပေးရန်အတွက် ၎င်းမိသားစုများနှင့် ညှိနှိုင်းဆောင်ရွက်ရန် ညွှန်ကြားထားသည်ဟု ဗိုလ်ချုပ် Thanathip က ပြောသည်။
မြန်မာမှ ငါးဖမ်းသမား ၂၇ ဦးနှင့်အတူ ထိုင်းလူမျိုးလေးဦးလိုက်ပါလာသည့်ငါးဖမ်းသင်္ဘော Sor Charoenchai 8 နှင့် အခြားသော လှေများကို Koh Phayam ကမ်းရိုးတန်းမှ ရေမိုင် ၁၂ (၂၂ ကီလိုမီတာ) အကွာတွင် နိုဝင်ဘာလ ၃၀ ရက်နေ့က မြန်မာရေတပ်သင်္ဘောမှ ပစ်ခတ်ခြင်းခံရကြောင်း သတင်းများအရ သိရသည်။
သင်္ဘောများ ဖမ်းဆီးခံရပြီး အမျိုးသား ၃၁ ဦးကို မြန်မာအာဏာပိုင်များက ဖမ်းဆီးထားသည်။ တိုက်ခိုက်မှုအတွင်း လှေသမားတစ်ဦး လှေပေါ်မှ ပင်လယ်တွင်း ခုန်ချ၍ သေဆုံးခဲ့သည်။
ဖမ်းဆီးခံရသူများကို ရနောင်းမြိုး တစ်ဘက်ကမ်း ကော့သောင်းမြို့ ထိန်းသိမ်းရေးအဆောက်အအုံသို့ ရွှေ့ပြောင်းထားကြောင်း ဒေသခံသတင်းရင်းမြစ်များက မကြာသေးခင်က ပြောသည်။
ဒီဇင်ဘာ ၆ ရက်နေ့တွင် ထိုင်းလူမျိုးလေးဦးကို လွှတ်ပေးမည်ဟု မျှော်လင့်ခဲ့သော်လည်း ၎င်းတို့ကို ဆက်လက် ချုပ်နှောင်ထားဆဲဖြစ်သည်။
People’s Party (PP) မှ ရွေးကောက်ခံ ကိုယ်စားလှယ် Julapong Yuket က အစိုးရကို ၎င်းအရေး ထိရောက်စွာ မကိုင်တွယ်နိုင်သည့်အတွက်လည်းကောင်း၊ လက်ဦးမှုရယူ လုပ်ဆောင်ရန် ပျက်ကွက်သည့်အတွက်လည်းကောင်း ပြီးခဲ့သည့်နေ့က ဝေဖန်လိုက်သည်။
နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် အမျိုးသားလုံခြုံရေးကောင်စီမှ ကိုယ်စားလှယ်များကို သတင်းအချက် အလက်များ တင်ပြရန် ဖိတ်ခေါ်ခဲ့သော်လည်း ငါးဖမ်းလှေများမှာ အချင်းဖြစ်ပွားစဉ်အတွင်း ထိုင်းနိုင်ငံရေပိုင်နက် သို့မဟုတ် မြန်မာနိုင်ငံရေပိုင်နက်အတွင်း တည်ရှိမှုကို အတည်မပြုနိုင်ခဲ့ကြောင်း အောက်လွှတ်တော် နိုင်ငံခြားရေးရာ ကော်မတီ၏ ဒုဥက္ကဌ Mr Julapong ကပြောသည်။
ထိုင်းအာဏာပိုင်များသည် ၎င်းအဖြစ်အပျက်အတွက် စုံစမ်းစစ်ဆေးရေးပင် မစတင်ရသေးကြောင်း၊ မြန်မာဘက်မှ စုံစမ်းစစ်ဆေးမှုများကိုသာ မှီခို အားပြုနေရသေးကြောင်း ၎င်းက ပြောသည်။
“ကျွန်တော်တို့ ကိုယ်ပိုင် စုံစမ်းစစ်ဆေးမှု မလုပ်ဘူးဆိုရင် ပိုင်နက် ကျူးလွန်ကြောင်း စွပ်စွဲချက်အပေါ် ကျွန်တော်တို့ ဘယ်လို သေချာပြောနိုင်မလဲ။ ဒါ့အပြင် စုံစမ်းစစ်ဆေးရေးက လှေသမားတွေရဲ့ ဘေးကင်းလုံခြုံမှုကိုလည်း မထိခိုက်ပါဘူး။” ဟု ၎င်းက ပြောသည်။
၎င်းက နိုင်ငံခြားရေးဝန်ကြီးကို အစောတလျင် လက်ဦးမှု ရယူချဉ်းကပ်မှု ပြုရန် တောင်းဆိုထားသည်။
အမျိုးသားလုံခြုံရေး အောက်လွှတ်တော် ကော်မတီမှ ဥက္ကဌ ဖြစ်သူ PP မှ ရွေးကောက်ခံ ကိုယ်စားလှယ် Rangsiman Rome က သက်ဆိုင်ရာ ဌာနများမှ ကိုယ်စားလှယ်များနှင့် ၎င်း၏ ကော်မတီတို့ မနေ့က တွေ့ဆုံခဲ့ပြီး ၎င်းအရေး မည်ကဲ့သို့ ဖြေရှင်းရမည်၊ အကယ်၍ လှေသမားများ ဥပဒေချိုးဖောက်ကြောင်း တွေ့ရှိရပါက မည်ကဲ့သို့ ရင်ဆိုင်ဖြေရှင်းရမည်ကို ဆွေးနွေးခဲ့ကြောင်း ပြောသည်။
၎င်းအရေးသည် လှေသမားများ၏ ဘေးကင်းလုံခြုံရေးကိုသာ စိုးရိမ်ရသည်မဟုတ်ဘဲ ထိုင်းနိုင်ငံ၏ အခန်းကဏ္ဍ၊ ၎င်းအဖြစ်အပျက်အပေါ် တုန့်ပြန်မှုတို့ကိုပါ ကျယ်ပြန့်သော ရိုက်ခတ်မှုများရှိသည်ဟု ၎င်းက မှတ်ချက်ပြုသည်။
ကိုးကား - Bangkok Post
ပုံစာ - ဒီဇင်ဘာ ၁၉ ရက်နေ့တွင် လှေသမားများ အမြန် ပြန်လွှတ်ရေး မြန်မာ အာဏာပိုင်များနှင့် ဆွေးနွေးပြောဆိုသွားမည့် ထိုင်းနိုင်ငံခြားရေးဝန်ကြီး Maris Sangiampongsa။ (Photo: Government House)
Top News
လွန်ခဲ့သော ၄ ရက် က
လွန်ခဲ့သော ၁၂ ရက် က
လွန်ခဲ့သော ၁၂ ရက် က