bap-logo
International

အီရန်ကျောင်းသူများ "လက်စားချေအဆိပ်ခတ်ခံရမှု" ကို တာဝန်ရှိသူများ စတင်စစ်ဆေး

wMs7iB81KTc2tHQYqpNZP-image

လွန်ခဲ့သော ၂ နှစ် က

ဖေဖော်ဝါရီ ၂၈

 

အီရန်နိုင်ငံတွင် အစ္စလာမ္မစ်စည်းကမ်းအရ မဖြစ်မနေဝတ်ဆင်ရသည့် ဟီဂျပ်စည်းမျဉ်းကို ဆန့်ကျင် ဆန္ဒပြရာ တွင် ပါဝင်သည့် ကျောင်းသူအချို့ လက်စားချေ အဆိပ်ခတ်ခံနေရသည့်ဖြစ်စဉ်ကို စုံစမ်း စစ်ဆေးနေပြီ ဖြစ်ကြောင်း တာဝန်ရှိသူများက ပြောကြားလိုက်သည်။

 

အီရန် ဒုတိယပညာရေးဝန်ကြီး ယူးနက်စ် ဖနာဟီ (Younes Panahi) က " ကွမ်မြို့က ကျောင်းသား အတော် များများ အဆိပ်ခတ်ခံရပြီးနောက်မှာ ဆက်ပြီးစုံစမ်းကြည့်တော့ လူတချို့က အထူးသဖြင့် မိန်းကလေး ကျောင်းတွေ အားလုံးကို ပိတ်ပစ်ဖို့ ဆန္ဒရှိနေတယ်ဆိုတာ တွေ့ရတယ်" ဟု တနင်္လာနေ့က သတင်းထောက်များကို ပြောကြားခဲ့သည်။

 

"ကျောင်းသားတွေကို အဆိပ်ခတ်တဲ့နေရာမှာသုံးတဲ့ ဒြပ်ပေါင်းက စစ်ပွဲတွေမှာသုံးတဲ့ ဒြပ်ပေါင်းမျိုးတော့ မဟုတ်ဘူး။ အဆိပ်ခတ်ခံရတဲ့ ကျောင်းသားတွေကလည်း အရေးပေါ် ကုသမှုတော့ မလိုအပ်ဘူး၊ ပါဝင်နေတဲ့ ဓာတုပစ္စည်း အများစုက ကုသလို့ရပါတယ်။"

 

ကွမ်နှင့် ဘိုရိုဂျားမြို့တွင် ဖြစ်ပွားခဲ့သည့် ကျောင်းသူများ အဆိပ်သင့်မှုမှာ တမင်ကြံရွယ်လုပ်ဆောင်မှု ဖြစ် ကြောင်း ပါလီမန်ကျန်းမာရေးကော်မရှင်အဖွဲ့ဝင် ဒေါက်တာ ဟိုမယူဆာမယာနာဂျာဖဘာဒီ (Homayoun Sameyah Najafabadi) က အတည်ပြုထားသည်။

 

နောက်ထပ် အမည်မဖော်လိုသည့် အစာအဆိပ်သင့်မှုအထူးကုဆရာဝန် တစ်ယောက်ကလည်း "အဖြစ်နိုင်ဆုံးကို ပြောပါဆိုရင် ဒါဟာ အော်ဂန်နိုဖော့စဖိတ် (organophosphate) အပျော့စား တစ်မျိုးကြောင့် ဖြစ်ရတာပါ။ ချွေးတအားထွက်မယ်၊ တံတွေးအလွန်ထွက်မယ်၊ အော့အန်မယ်၊ ဗိုက်အောင့် ဝမ်းလျှောမယ်ဆိုရင် ဒါဟာ ဒီဓာတုပစ္စည်းကို သုံးထားတယ်ဆိုတာ အသေအချာပါပဲ" ဟု ဂါးဒီးယန်းကို ပြောကြားခဲ့သည်။

 

ထို့အပြင် ယခုလိုလုပ်ဆောင်ရသည့် ရည်ရွယ်ချက်မှာ "အီရန် ပြည်တွင်း ပြည်ပ (အစွန်းရောက် အစ္စလာမ္မစ်) အုပ်စုများအား အသုံးချ၍ ဆန္ဒပြသူများကို ခြိမ်းခြောက်လိုခြင်းဟု သူ့အနေဖြင့် ယုံကြည်ကြောင်း ဆရာဝန်က ဆက်လက်ပြောကြားခဲ့သည်။

 

"သိပ်မကြာခင်က ဆန္ဒပြပွဲတွေကို မိန်းကလေးတွေ ဦးဆောင်ခဲ့တာဆိုတော့ သူတို့က ကျောင်းသူတွေကို လက်စားချေချင်တာပါ။ အော်ဂန်နိုဖော့စဖိတ်နဲ့ အဆိပ်ခတ်ခံရတာလူနာမျိုး အရင်တစ်ခါမှ မကုသဖူးဘူး။ စိုက်ပျိုးရေးသုံး ပိုးသတ်ဆေးနဲ့ထိတွေ့ ဖန်များတဲ့ အလုပ်သမားတချို့တော့ ရှိတာပေါ့"

 

လက်ရှိတွင် အဆိပ်ခံတိုက်ခိုက်ခံရမှုများကြောင့် ကျောင်းသူများမှာ ကျောင်းမတက်ဝံ့ဘဲ ရှိသည်။ ကျောင်းသား ၂၅၀ ရှိသည့် ကျောင်းတစ်ကျောင်းတွင်မူ တက်ရောက်သူ ၅၀ သာရှိကြောင်း မြို့တော် တီဟီရန်နှင့် မိုင် ၅၀ အကွာတွင်တည်ရှိသည့် ကွမ်မြို့မှ ဆရာတစ်ဦးက ပြောသည်။

 

အဆိပ်သင့်မှုနှင့်ပတ်သက်၍ ပြီးခဲ့သည့်သတင်းပတ်က ကျောင်းသားမိဘများ စုရုံး၍ ကွမ်မြို့အုပ်ချုပ်ရေးမှူးရုံး ရှေ့တွင် ဆန္ဒထုတ်ဖော်ခဲ့ကြပြီး စုံစမ်းစစ်ဆေးနေချိန်အတွင်း စာသင်ကျောင်းအများအပြား ပိတ်ထားခဲ့သည်။

 

နယူးယောက်မြို့အခြေစိုက် အီရန်လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူ မာဆီး အလီနေဂျာ (Masih Alinejad) ကမူ "ကျွန်မအထင်တော့ ဒါဟာ မဖြစ်မနေဟီဂျပ်ဝတ်ဆင်မှုကို လက်မခံတဲ့ အာဂအီရန် အမျိုးသမီးတွေ၊ ခါမေနီရဲ့ အာဏာရှင်တံတိုင်းကို ကိုင်လှုပ်တဲ့အမျိုးသမီးတွေအပေါ် အစ္စလာမ္မစ်အစိုးရက လက်စားချေတဲ့ ဓာတုတိုက်ခိုက်မှုပါ။ အီရန် အစ္စလာမ္မစ်အာဏာရှင်အစိုးရဟာ မိန်းကလေးတွေ၊ အမျိုးသမီးတွေကို မုန်းတီးပါ တယ်။ ဒါ့ကြောင့် ကမ္ဘာတစ်ဝှမ်းက အမျိုးသမီးတွေ၊ အထူးသဖြင့် ကျောင်းသူတွေအနေနဲ့ ဒီမိုကရေစီ နိုင်ငံ ခေါင်းဆောင်တွေက ဒီလိုအဆိပ်ခတ်မှုတွေကို ရှုတ်ချပြီး ခါမေနီ အစိုးရကို ဖယ်ကျဉ်လာအောင်တောင်းဖို့၊ အီရန် ကျောင်းသားတွေရဲ့ ဆန္ဒကိုကူညီ ဖော်ထုတ်ပေးကြဖို့ တောင်းဆိုပါတယ်" ဟု ပြောကြားခဲ့သည်။

 

ဒါ့အပြင် "ကျွန်မအနေနဲ့ ဒီလုပ်ရပ်ကို ဇီဝအကြမ်းဖက်မှုလို့ သုံးနှုန်းချင်ပါတယ်။ ကုလသမဂ္ဂကလည်း ဒါကို စုံစမ်း စစ်ဆေးသင့်တယ်။ ပြင်ပ အဖွဲ့အစည်းတစ်ခုက ဒါကို အမြန်ဆုံး စစ်ဆေးသင့်တယ်" ဟု အလီနေဂျာက ဆက်လက် ပြောဆိုခဲ့သည်။

 

Source/ပုံ – The Guardian

 

Burma Associated Press

 

အစ္စလာမ်ဘာသာ
စာသင်ကျောင်း
အီရန်
အစိုးရ
အမျိုးသမီးများ
ကျောင်းသား

Share With
bap-logo