Intrenational Crime
အီတလီ မာဖီးယားဂိုဏ်းခေါင်းဆောင် Messina Denaro ဖမ်းဆီးခံရ
လွန်ခဲ့သော ၂ နှစ် က
ဇန်နဝါရီ ၁၆
အီတလီရဲတပ်ဖွဲ့သည် နှစ်၃၀ကြာ ပုန်းရှောင်နေခဲ့သည့် အီတလီ၏ အလိုရှိဆုံး မာဖီးယား ဂိုဏ်းခေါင်းဆောင် Matteo Messina Denaro အား တနင်္လာနေ့ မနက်က ဖမ်းဆီးလိုက်ပြီဖြစ်သည်။
Denaro သည် စစ္စလီကျွန်းရှိ Cosa Nostra မာဖီးယားဂိုဏ်းခေါင်းဆောင်ဖြစ်ကြောင်း အစိုးရရှေ့နေများက ပြောကြားခဲ့သည်။
အီတလီရဲများသည် စစ္စလီမြို့တော် ပါလာမိုရှိ ပုဂ္ဂလိကဆေးရုံတစ်ရုံကို စီးနင်းဝင်ရောက်ကာ ဆေးကုသမှု ခံယူနေသည့် အသက် ၆၀ အရွယ် မာဖီးယားခေါင်းဆောင်ကို ဖမ်းဆီးခဲ့ကြခြင်းဖြစ်သည်။
Denaro သည် ၁၉၉၂ ခုနှစ်က မာဖီးယားဆန့်ကျင်ရေး အစိုးရရှေ့နေ Giovanni Falcone နှင့် Paolo Borsellino တို့ကို သတ်ဖြတ်မှုတွင် ပါဝင်ခဲ့သည့်အတွက် မျက်ကွယ်ထောင်ဒဏ်တစ်သက်တစ်ကျွန်း ချမှတ်ခံ ခဲ့ရသည်။
ထို့အပြင် ဖလောရန့်စ်၊ ရောမနှင့် မီလန်တို့တွင် လူ ၁၀ ဦး သေဆုံးခဲ့သည့် ဗုံးခွဲတိုက်ခိုက်မှုများတွင် ပါဝင် ပတ်သက်မှုအတွက်လည်း ထောင်ဒဏ်တစ်သက်တစ်ကျွန်း ချမှတ်ခံရမည်ဖြစ်သည်။
Denaro သည် ၁၉၉၀ ပြည့်လွန်နှစ်များအတွင်း အခြားသော လူသတ်မှုများစွာအတွက် တစ်ဦးတည်း သို့မဟုတ် ပူးတွဲတာဝန်ရှိကြောင်း အစိုးရရှေ့နေများက စွပ်စွဲထားသည်။
၁၉၉၃ ခုနှစ်တွင် Denaro သည် ၁၂ နှစ်အရွယ် ယောင်္ကျားလေး Giuseppe Di Matteo ကို ပြန်ပေးဆွဲမှုကို နောက်ကွယ်မှကြိုးကိုင်ကာ ၎င်း၏ဖခင်က မာဖီးယားဂိုဏ်းကို ထိခိုက်စေမည့် သက်သေတစ်ခုကို ထုတ်မပြ စေရန် တားဆီးခဲ့သည်။ မာမီးယားဂိုဏ်းက Matteo ကို ၂ နှစ်ကြာ ချုပ်လှောင်ထားပြီးနောက် လည်ပင်း ညှစ်ကာ အက်ဆစ်လောင်း၍ အလောင်းဖျောက်ခဲ့သည်။
Denaro ပုန်းရှောင်နေသည်မှာ ကြာပြီဖြစ်သော်လည်း ၎င်းအနေဖြင့် အမာခံနယ်မြေ Trapani မြို့ရှိ မာဖီးယား ဂိုဏ်းကို အမိန့်ပေးနေနိုင်ဆဲဖြစ်ကြောင်း အီတလီရဲတပ်ဖွဲ့က ပြီးခဲ့သည့် စက်တင်ဘာလက ပြောဆိုခဲ့သည်။
အီတလီဝန်ကြီးချုပ် ဂျော်ဂျီယာ မီလိုနီ (Giorgia Meloni)က မာဖီးယားခေါင်းဆောင် Denaro ဖမ်းဆီးခံရမှုကို “နိုင်ငံတော်အတွက် ကြီးမားသောအောင်ပွဲ” အဖြစ် ကြိုဆိုခဲ့သည်။
Top News
လွန်ခဲ့သော ၅ ရက် က
လွန်ခဲ့သော ၁၃ ရက် က
လွန်ခဲ့သော ၁၃ ရက် က