Opinion
အာဏာနှင့်ဘာသာရေးခုတုံး
လွန်ခဲ့သော ၂ နှစ် က
အုပ်စိုးသူလူတန်းစားနှင့် ဘာသာရေးပိုင်းတို့ ဒွေးရောယှက်တင်ဖြစ်မှုက အလယ်ခေတ်၏ ပုံသဏ္ဌာန်ဖြစ်သည်။ ထိုခေတ်အလိုအရ အုပ်စိုးသူ ဘုရင်ဧကရာဇ်တို့၏ သြဇာကအဆုံးမရှိ ကျယ်ပြန့်သည့်တိုင် ဘာသာအယူဝါဒ သက်ရောက်မှုကလည်းကြီးမားရာ ဘာသာရေးပိုင်းဟူသည် အုပ်စိုးသူတို့အတွက် ပစ်ပယ်ထား၍ မရသော အရာဖြစ်ခဲ့ သည်။
အုပ်စိုးသူမင်းဧကရာဇ်များက တိုင်းပြည်ရှိ သယံဇာတမှန်သမျှကို ထင်သလို စီမံပိုင်ခွင့်ရှိသလို ပြည်သူများ၏ နေ့စဉ် လူမှုဘဝနှင့် သေရေးရှင်ရေးသည်ပင် ၎င်းတို့လက်ထဲရှိနေခဲ့သည်။ တစ်ဖက်၌ လည်း ဘာသာရေး၏ စိမ့်ဝင်ပျံ့နှံ့မှုက ကြီးမားရာ ထိုအုပ်စုနှစ်ခု၏ တစ်စုံ တစ်ရာသော မျှခြေသည်ပင် တိုင်းပြည်၏ တည်ငြိမ်ရာတည် ငြိမ်ကြောင်းကဲ့သို့ ဖြစ်ခဲ့သည်။ ဤပုံစံက ဥရောပနှင့် အနောက်ကမ္ဘာမက အာရှနှင့်အာဖရိကတိုင် မြင်နိုင်သော ပုံစံဖြစ်ခဲ့သည်။
မည်သို့ဆိုစေ ၁၉ရာစု အတွင်း၌ ထိုအခြေအနေများကို တန်ပြန်သော ဆန့်ကျင်လှုပ်ရှားမှုတချို့ ဥရောပ၌ စတင် ပေါ်ထွက်ခဲ့သည်။ အထူးသဖြင့်အနုပညာသမားများနှင့် ဒဿနပညာရှင်များထံမှ ဖြစ်သည်။ ထိုခေတ်အလိုအရ တိုင်းပြည်၌ အနုပညာအရ အဓိကချီးပမြှောက်စားခံရသည့်အုပ်စုသည် ရှေးရိုစွဲ ကျောင်းတော်သမားများသာ ဖြစ်ခဲ့သည်။ ဘုရင်၊ မှူးမတ်တို့နှင့် နီးစပ်သည့်ဆက်ဆံရေးတစ်ရပ် ထူထောင်ရင်း၊ မင်းပွဲစိုးပွဲများတွင် အသုံးတော်ခံရင်း ထိုအခြေအနေအပေါ်သာယာသည့် အုပ်စုများဖြစ် သည်။
ဤသို့ဖြင့် အဆိုပါအုပ်စုများနှင့် သဘောထားကွဲလွဲသည့် တော်လှန်သောအနုပညာသမားများသည် အုပ်စိုးသူ တို့၏ ဖိနှိပ်ကွက်ညက်မှုဒဏ်ကိုခံကြရတော့သည်။ ထောင်သွင်းအကျဉ်းချခံရခြင်းများ၊ နယ်နှင်ဒဏ်ပေးခံရခြင်း များစသည်ဖြင့် ဖိနှိပ်မှုမျိုးစုံ ကြုံတွေ့ခဲ့ရသည်။ အုပ်ချုပ်ရေးနှင့်ပတ်သက်ပြီး ဆန်းသစ်သော အယူအဆများကို ထုတ်ဖော်မိသည့် အတွေးအခေါ်သမားတို့သည်လည်း ထိုနည်းနှင်နှင်ပင်ဖြစ်သည်။
ထိုသို့ဖြင့်အုပ်စိုးသူလူတန်းစားသည် ၎င်းတို့ကို အထောက်အပံ့ပေးမည့် ဘာသာရေးသမားအုပ်စုများကို အစဉ်အဆက် လက်သပ်မွေးမြူရင်း အသုံးချသလို ဘာသာရေးပိုင်းကလည်း ကိုယ်ကျိုးစီးပွားအလို့ငှာ အုပ်စိုးသူများနှင့် အမြဲမပြတ် နီးစပ်အောင်ကြိုးစားရင်း မုန့်လုံးစက္ကူကပ်နိုင်ငံရေးကို အချိန်ကြာသည်ထက် ကြာအောင် ဆွဲဆန့်ဖော် ဆောင်ခဲ့ကြသည်။ ဤတွင် ထုံးစံအတိုင်း ဒဏ်ခံရသည်မှာ ပြည်သူများပင်ဖြစ်သည်။
အထက်ပါအကြောင်းအရာများက နိုင်ငံ၏ အုပ်ချုပ်ရေးတွင် အုပ်ချုပ်သူနှင့် ဘာသာရေး ဒွေးရော ယှက်တင်ဖြစ်မှုက သက်ဆိုင်ရာတိုင်းပြည်များအတွက် အဆိုးတရားများကိုသာ သယ်ဆောင်လာတတ် ကြောင်း သာဓကအကျဉ်းမျှ ဖြစ်သည်။၂၀ရာစုထဲတွင် ထိုသဘောတရားက ပို၍ မှန်ကန်ကြောင်း သိသာထင်ရှားလာသည်။ အုပ်ချုပ်ရေးနှင့် ဘာသာရေးဟူသည် ပူးတွဲမထားစကောင်းသော ကိစ္စဖြစ်သည်။ အကယ်၍ ထားခဲ့သည် ရှိသော် ဘာဖြစ် လာနိုင်သလဲ ဟုဆိုလျင်မူ တိုင်းပြည်ချွတ်ခြုံကျကိန်းသာ ရှိသည်ဟုပင် ဖြေရလိမ့်မည်။ ဥပမာအားဖြင့် လက်ရှိအီရန်နိုင်ငံ၏ အခြေ အနေကိုကြည့်ချင် ထိုအချက်ကိုထင်ရှားစွာမြင်ရလိမ့်မည်။
အီရန်၌ ၁၉၇၉ ခုနှစ်တွင် အမေရိကန်က အားပေးထောက်ခံသည့် ရှားဘုရင်အား ဆန့်ကျင့်ဖြုတ်ချသည့် လူထုလှုပ် ရှားမှု ဖြစ်ပေါ်ခဲ့သည်။ နောက်ဆက်တွဲအနေနှင့် ရှားဘုရင် ပြည်ပထွက်ပြေးချိန် ပြင်သစ်တွင် ရောက်ရှိနေသည့် ဘာသာရေးခေါင်းဆောင် "အယာတိုလာခိုမေနီ" ပြည်တွင်းပြန်ရောက်လာပြီး စစ်တပ်နှင့် လက်ဝါးချင်းရိုက်လျက် နိုင်ငံအား ရေရှည်ချုပ်ကိုင်နိုင်မည့် နိုင်ငံရေးစနစ်ကို ပုံဖော်ခဲ့သည်။
ထို့ပြင် အီရတ်နှင့်ဖြစ်ပွားခဲ့သောစစ်ပွဲက စစ်တပ် အင်အားကို ပိုမိုခိုင်မာရာ ခိုင်မာကြောင်းဖြစ်စေခဲ့ရာ အီရန်သည် ယခုတိုင် အာဏာရှင်စနစ်အောက် ပြားပြားမှောက်နေ ရဆဲဆိုသည်အား မြင်တွေ့ရမည် ဖြစ်၏။ သို့သာမက အတိတ်ကာလ ခါးသည်းမှုထဲမှ ရုန်းမထွက်နိုင်ဘဲ အမေရိကန် မုန်းတီးရေးနှင့် အနောက်တိုင်း ဆန့်ကျင်ရေး သဘောထားကိုစွဲကိုင်ထားရာ တိုင်းပြည်၏စီးပွားရေးက ဖွတ်ကျော ပြာစု ခရုဆံကျွတ်ဆိုသလို ကျပြီးရင်းကျနေတော့သည်။
တိုင်းပြည်၏ ထုတ်ကုန်ဆို၍ ရေနံသာရှိရာ ထိုရေနံရောင်းချရေး၌ပင် အနောက်အုပ်စု၏ ပိတ်ဆို့မှုတွင် ရပ်တည်ရန် မနည်းကျားကန်နေရသည့်အခြေအနေဖြစ်သည်။ တစ်ဖက်တွင်လည်း အစ္စလာမ်မစ် တိုင်းပြည်ဖြစ်သည့်တိုင် မူးယစ်ဆေးဝါး ပြဿနာက ထိန်းမနိုင်သိမ်းမရဖြစ်သည်။ နိုင်ငံ၏ လည်ပတ်မှုတွင် လာဘ်ပေးလာဘ်ယူကိစ္စသည် အဓိကလောင်စာအဖြစ် လည်ပတ်နေပြီး ပြည်တွင်းအလုပ်အကိုင် ရှားပါးမှုက ကြောက်ခမန်းလိလိမြင့်တက်နေ ခြင်းဖြစ်သည်။
ဤသည်က နိုင်ငံရေးတွင် ဘာသာရေးကို အသုံးချသမျှ နိုင်ငံသည် အဖက်ဖက်တွင်ချွတ်ခြုံ ကျကိန်းရှိသည် ဆိုသော အချက်အား သေချာစေသော သာဓကတချို့ပင်ဖြစ်သည်။
လတ်တလော၌ ဗမာနိုင်ငံတွင်လည်း အာဏာသိမ်း စစ်ခေါင်းဆောင်သည် မအောင်မြင်သော အာဏာသိမ်းမှုကို ဘာသာရေးဖြင့် အသုံးချပုံဖော်ပြီး ဉာဏ်ဆင်ဝါဒဖြန့် လာနေခဲ့သည်။ ထင်သာ မြင်သာအဖြစ် ပြည်တွင်း၌ သာမက နိုင်ငံတကာအဝန်းအဝိုင်းတွင်ပါ အမျိုးသားရေးအစွန်းရောက် ဘုန်းကြီးတစ်ပါးအဖြစ် ထင်ပေါ်သည့် ဆရာတော်တစ်ပါးအား ဘွဲ့တံဆိပ် ချီးမြှင့်ခြင်းဖြင့် မြှောက်စား ဂုဏ်ဖော်လာခြင်းပင်ဖြစ်သည်။
အာဏာတည်မြဲရေးအတွက် ဘာသာရေးကိုခုတုံးပြု အသုံးချသော တိုင်းပြည်များတွင် ယခုကဲ့သို့သော အလွဲသုံးစား လုပ်ရပ်များသည် ဒုနှင့်ဒေးပင်ဖြစ်သည်။ ဘာသာရေးကို အသုံးချ၊ ဝါဒဖြန့် မှိုင်းတိုက်၍ တိုင်းပြည် ခြွတ်ခြုံကျခြင်းမှ ကာကွယ်နိုင်ရန်သည် အာဏာရှင်အလိုကျ ပြောဆိုလုပ်ကိုင်နေသော ဘာသာရေးသမား အရေခြုံများ နှင့် ကင်းကင်းကွာကွာ နေထိုင်ခြင်းပင်ဖြစ်သည်။ ထို့ပြင် ထိုသို့ကင်းကွာစွာ နေထိုင်လိုမှု သဘောထားကို ထင်ဟပ်နိုင်ရန် မိမိတို့၏ လှုဒါန်းမှုများကို ကန့်သတ်ခြင်းအားဖြင့် သတိပေးနိုင်ပေသည်။
ယနေ့ခေတ်သည် နှစ်ဆယ့်တစ်ရာစုဖြစ်သည်နှင့်အညီ နိုင်ငံအသီးသီးသည် ၎င်းတို့ဖွံ့ဖြို့တိုးတက်မှု လမ်း ကြောင်း အသီးသီးကို ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ရှာဖွေရင်း ရှေ့သို့ဆက်ချီတိုးလှမ်း သွားနေချိန်ဖြစ်သည်။ ဗမာပြည်အတွက် ရှေ့တစ်လှမ်းတိုးရင်း နောက်ဆယ်လှမ်းဆုတ်ဆိုသလို အပြုထက် အဖျက်အင်အားစုများ အားကောင်းနေရာ ထိုအရာများကိုတိုက်ဖျက်ရန်သည် ပြည်သူများ၏ အင်အားက အဓိက အခရာကျပေသည်။
သို့အတွက် တိုင်းပြည်ပျက် စီးရာပျက်စီးကြောင်းတွေထဲ တစ်ခုအပါအဝင်ဖြစ်သော အာဏာအလို့ငှာ နိုင်ငံရေးတွင် ဘာသာရေးကို ခုတုံးလုပ် အသုံးချမှုများအား တိုက်ဖျက်ရန်၊ ငြင်းဆန်ရန်၊ ပွင့်လင်းသော အမြင်ရင့်ကျက်မှုရှိရန် စိတ်နှလုံးကို ဖွင့်၍ ဆင်ခြင် စေ့ငုသင့်ပေသည်။