Opinion
မြန်မာပြည် လွတ်လပ်ပြီလား
လွန်ခဲ့သော ၂ နှစ် က
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ လွတ်လပ်ရေးရသည်မှာ ၇၅ နှစ်ရှိခဲ့ပါပြီ။ သို့သော်လည်း ဋီကာမချဲ့ တိုက်ရိုက် မေးချင်သည်မှာ မြန်မာပြည် လွတ်လပ်ပြီလား ဟူ၍ဖြစ်သည်။
အဘယ်နည်း။ လွတ်လပ်ရေးရသည်မှာ ၇၅ နှစ် ရှိပြီဆိုဟု ဆိုပြီး လွတ်လပ်ပြီလားဟု အဘယ့်ကြောင့် မေး သနည်း။ ရှေ့စကားနှင့် နောက်စကား ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေပေသလော။
မဟုတ်ပါ။ အကြောင်းမှာ မြန်မာပြည်သည် အင်္ဂလိပ်လက်အောက် သူ့ကျွန်ဘဝက လွတ်မြောက်ခဲ့ခြင်း ဖြစ်သည်။ ဆင်းရဲတွင်းနွံမှ မလွတ်မြောက်သေး။ တန်းတူရည်တူမရှိမှုများ၊ မညီမျှမှုများကနေ မလွတ်မြောက်သေးပါ။ အတွေးအခေါ်အားဖြင့်လည်း မလွတ်မြောက်သေး။
တိတိပပဆိုရလျှင် စစ်ကျွန်ဘဝကမူ မလွတ်မြောက်သေးဟုသာ ဆိုချင်သည်။
အတိတ်နှစ်များ
-------------
တို့ဗမာအစည်းအရုံးမှသည် ရဲဘော်သုံးကျိပ်၊ ထိုမှသည် ဖဆပလအဖွဲ့ချုပ်ကြီးအထိ မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်းက ရှည်ကြာခဲ့ပါသည်။
အဆုံးတွင်တော့ အင်္ဂလိပ်က လွတ်လပ်ရေးပေးမည်ဟု တရားဝင်ကြေညာခဲ့သည်။ ဗိုလ်ချုပ်တို့ အင်္ဂလန်တွင် သွားရောက်ဆွေးနွေးခဲ့သည်။ အောင်ဆန်း-အက်တလီစာချုပ် ဖြစ်လာသည်။ ထို့နောက် တိုင်းရင်းသားများနှင့် ချုပ်ဆိုသည့် ပင်လုံစာချုပ်ဖြစ်လာသည်။
ဗိုလ်ချုပ်တို့လုပ်ကြံခံရပြီးနောက် ဝန်ကြီးချုပ်ဦးနုနှင့် ကလီးမင့် အက်တလီတို့ ချုပ်ဆိုသည့် နု-အက်တလီ စာချုပ် ဖြင့် လွတ်လပ်ရေးဖြစ်တည်လာခဲ့သည်။ လွတ်လပ်ရေးမရခင်ကပင် အင်္ဂလိပ် ပေးသည့် လွတ်လပ်ရေး အတု အစစ် ငြင်းကြပြန်သည်။
မည်သို့ပင်ဆိုစေ လွန်ခဲ့သော ၇၅ နှစ်၊ ၁၉၄၈ ဇန်နဝါရီလ ၄ ရက်တွင် မြန်မာနိုင်ငံသည် လွတ်လပ်ရေး ရခဲ့သည်။ ဗိုလ်ချုပ်တို့လုပ်ကြံခံရသည့် အတွင်းဝန်ရုံး၊ တိုင်းပြည်ပြုလွှတ်တော်ရှေ့တွင် မနက် ၄ နာရီ မိနစ် ၂၀ ၌ လွတ်လပ်ရေးနေ့အခမ်းအနားကို ပထမဆုံးအကြိမ်ကျင်းပခဲ့သည်။
ယူနီယံဂျက်အလံကို မြေချ၍ မြန်မာနိုင်ငံအလံကို လွှင့်ထူခဲ့သည်။ ကိုယ့်ထီးကိုယ့်နန်းဖြစ်ခဲ့သည်။ ထိုအခမ်း အနားကို သမ္မတစဝ်ရွှေသိုက်နှင့် ဝန်ကြီးချုပ်ဦးနုတို့က တက်ရောက်ပြီး ဝန်ကြီးချုပ်ဦးနုက လွတ်လပ်ရေးနေ့ မိန့်ခွန်းပြောခဲ့သည်။
ယူနီယံဂျက်အလံကို မြေချ၍ မြန်မာနိုင်ငံအလံကို လွှင့်ထူခဲ့သည်။ ကိုယ့်ထီးကိုယ့်နန်းဖြစ်ခဲ့သည်။ ထိုအခမ်း အနားကို သမ္မတစဝ်ရွှေသိုက်နှင့် ဝန်ကြီးချုပ်ဦးနုတို့က တက်ရောက်ပြီး ဝန်ကြီးချုပ်ဦးနုက လွတ်လပ်ရေးနေ့ မိန့်ခွန်းပြောခဲ့သည်။
မြန်မာပြည်ဘုရင်ခံ ဆာဟူးဘတ်ရန့်နှင့် ဇနီးက ထိုနေ့ မနက် ၈ နာရီ ၂၀ တွင် ဘာမင်ဟမ်သင်္ဘောနဲ့ အင်္ဂလန်သို့ ပြန်သွားခြင်းဖြင့် သူ့ကျွန်ဘဝအုပ်ချုပ်မှု အဆုံးသတ်သွားခဲ့သည်။
သူ့ကျွန်မှသည် စစ်ကျွန်ဆီ
-----------------------
သူ့ကျွန်ဘဝက လွတ်မြောက်တော့ မြန်မာတွေ ကြိုးစားပမ်းစားဖြင့် တိုင်းသစ်ပြည်သစ် တည်ဖို့ မျှော်လင့်ခဲ့ ကြသည်။ လွတ်လပ်ရေးရပြီး ၃ လအကြာမှာပဲ ဗမာပြည်ကွန်မြူနစ်ပါတီ တောခိုသွားသည်။ ထိုမှသည် သက်ဆိုးရှည်သော ပြည်တွင်းစစ်ဖြစ်လာသည်။
စစ်တပ်သည် နိုင်ငံရေးတွင် ဝင်ချည်ထွက်ချည်ဖြင့် နောက်ဆုံးကိုယ်ပိုင်နေရာဟုမှတ်ယူပြီး နိုင်ငံရေးမှ မထွက်တော့သည်မှာ ယနေ့တိုင်ဖြစ်သည်။
လွတ်လပ်ရေးရသည်မှစ၍ ပြန်လည်ရေတွက်သော် ပါလီမန်ဒီမိုကရေစီခတ် ၁၀ နှစ်၊ ထို့နောက် အာဏာရှင် ဦးနေဝင်း၏ တော်လှန်ရေးကောင်စီနှင့် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ အာဏာသိမ်းသည်က ၂၆ နှစ်နှင့် ဦးသန်းရွှေက ၁၈ နှစ် အုပ်ချုပ်ခဲ့သည်။
၂၀၁၁ ခုနှစ်တွင်မှ မြန်မာပြည်တွင် အရပ်သားတစ်ပိုင်းအစိုးရတက်လာပြီး ၂၀၁၅ တွင်မှ အရပ်သား အစိုးရစစ်စစ် အာဏာရလာခြင်းဖြစ်သည်။ ၂၀၂၁ သို့ ရောက်သောအခါ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အာဏာသိမ်း ပြန်သည်။
ထို့ကြောင့် လွတ်လပ်ရေးရပြီး ၇၅ နှစ်အတွင်း နှစ်ပေါင်း ၂၀ ခန့်သာ အရပ်သားများအုပ်ချုပ်ရခြင်းဖြစ်ပြီး ကျန် နှစ်ပေါင်း ၅၅ နှစ်ခန့်မှာ စစ်တပ်က ထင်သလို မင်းမူနေခြင်းသာဖြစ်သည်။
ထို့ကြောင့် အင်္ဂလိပ်ဆီမှ လွတ်လပ်ရေးရပြီးနောက် မြန်မာပြည်သူတွေကို စစ်တပ်က ကျွန်ပြုသည်မှာ ၅၅ နှစ်တိုင်ရှိခဲ့ပြီဖြစ်သည်။
အကျိုးဆက်
-------------
ပါလီမန်ခေတ်တွင် နိုင်ငံရေးမတည်မငြိမ် အကွဲအပြဲပြဿနာ ကြီးခဲ့သော်လည်း အင်္ဂလိပ်လက်ကျန် ဖွံ့ဖြိုးမှု အရှိန်ဖြင့် မြန်မာသည် နိုင်ငံတကာအလယ်တွင် လူရိုသေရှင်ရိုသေဖြစ်သည်။
နိုင်ငံတကာဆက်ဆံရေးတွက် ဘက်မလိုက်ဆက်ဆံရေးဖြင့်လည်းကောင်း၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေး ဘန်ဒေါင်းမူ ၅ ချက်ကို ကိုင်စွဲခြင်းဖြင့်လည်းကောင်း နိုင်ငံကြီးများနှင့် တူတူတန်တန် ဆက်ဆံနိုင်ခဲ့သည်။
ထို့အတူ စီးပွားရေးတွင်လည်း တိုင်းသစ်ပြည်သစ်အတွက် စီးပွားရေးအခွင့်အလမ်းကောင်းများကို ကြိုးစား ဖော်ထုတ်နိုင်ခဲ့သည်။ ပညာရေးတွင် နိုင်ငံခြားကျောင်းသားများကပင် လာရောက်ဆည်းပူးရသည်အထိ ရန်ကုန် တက္ကသိုလ်သည် ဂုဏ်သတင်းကြီးခဲ့ပေသည်။
သို့သော်လည်း စစ်တပ်အုပ်ချုပ်ပြီး နှစ်ပေါင်း ၅၅ နှစ်အကြာ၊ ယနေ့အချိန်တွင် မြန်မာနိုင်ငံသည် နိုင်ငံတကာ အလယ်တွင် အပယ်ခံဖြစ်သည်။
ဒေသတွင်း အာဆီယံအစည်းအဝေးကိုမျှ မတက်ရ။ ကုလသမဂ္ဂတွင် ကိုယ်စားပြုခွင့်မရှိ။ စီးပွားရေးတွင် ကုန်ဈေးနှုန်းကကြီး၊ ငွေကြေးဖောင်းပွမှုက မြင့်၊ နိုင်ငံရေးမတည်ငြိမ်လို့ စီးပွားရေးလုပ်မရ၊ ဖွံ့ဖြိုးမှု အနည်းဆုံး နိုင်ငံများစာရင်းမှ လွတ်မြောက်ရေး အရပ်သား အစိုးရနှစ်ဆက် ကြိုးစားခဲ့ရသည့် အခွင့်အလမ်းကောင်းများမှာ ယခုအခါ သဲထဲရေသွန်သလို ဖြစ်သွားသည်။
အကြောင်းမှာ ၂၀၂၁ တွင် စစ်တပ်က အာဏာသိမ်းသွားသောကြောင့်ဖြစ်သည်။ နိုင်ငံသားအများအပြား ပြည်ပသို့ထွက်ပြေးရသည်။ ပညာရှင် အများအပြားလည်း နိုင်ငံကို စွန့်ခွာကုန်သည်။
ပြည်တွင်း ကျေးလက်နေပြည်သူများ၏ အိုးအိမ်များ မီးရှို့ခံရသည်။ ဒေသခံများ ရွာလုံးကျွတ် ထွက်ပြေးရသည်။ စစ်တပ်က လေကြောင်းကနေ တရစပ်တိုက်ခိုက်နေသည်ဖြစ်ရာ စစ်ဘေးဒုက္ခသည်များ များပြားလာသည်။
နယ်ဘက်ကျေးဘက်တွင်သာမဟုတ်။ မြို့ရွာများတွင်လည်း ဒုက္ခကမသေး။ ဧည့်သည်လာလျှင် သို့မဟုတ် သန်းခေါင်စာရင်းမရှိလျှင် ဧည့်စာရင်းတိုင်ရသည်။ တိုင်လျှင်လည်း ဧည့်စာရင်းကြေးက ကျပ် ၂,၀၀၀ မှ ၃,၀၀၀ အထိ ပေးရသည်။
အချိန်မတော် သန်းခေါင်ကျော် ခြင်ထောင်လှန်ဧည့်စာရင်းစစ်သည်။ တစ်မြို့တစ်ရွာ ဖြတ်သန်းသွားလာပါက စစ်ရေးဂိတ်ရှေ့တွင် မတ်တပ်ရပ် တန်းစီလမ်းလျှောက်ပြီး စစ်ဆေးခံရသည်။ စိတ်မထင်လျှင် ဖုန်းတွေကို ယူစစ်ပြီး သူတို့ကိုဝေဖန်သည့် အကြောင်းအရာများ တွေ့ရှိလျှင် ဖမ်းဆီးပြန်သည်။ ဆိုင်ကယ်ပင်စီးမရ။ စီးလျှင် လိုက်ဖမ်းပြီး ထွက်ပြေးလျှင် သေနတ်ဖြင့် လိုက်ပစ်ပြန်သည်။
တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်းဘက်ဆိုလျှင် ညဘက်ကင်းစောင့်ရသည်။ မစောင့်နိုင်လျှင် တစ်လလျှင် ကင်းကြေး ၃,၀၀၀ ကောက်ကြပြန်သည်။
ဤသည်မှာ စစ်တပ်ပေးသည့် ဒုက္ခများဖြစ်သည်။
မြန်မာသည် အင်္ဂလိပ်လက်အောက်မှ လွတ်မြောက်သည်မှာ ၇၅ နှစ်ရှိပြီ။ ထို့နောက် စစ်ကျွန် လက်အောက် ၅၅ နှစ် ကျရောက်ခဲ့သည်။ ထို့ကြောင့် မလွတ်လပ်သေး။ အထက်တွင်ဆိုခဲ့သလို အနေအထိုင် မလွတ်လပ်သည် သာမက အတွေးအခေါ်အားဖြင့်လည်း မလွတ်လပ်သေး။
လွတ်လပ်သည့် အတွေးအခေါ်များကို ဖွင့်ဟဖော်ထုတ်ရာ စာပေ၊ ဂီတ၊ ဇာတ်သဘင် အနုပညာဆိုင်ရာ တွင်လည်း ကန့်သတ်ချုပ်ချယ်မှုများလုပ်သည်။ အချက်အလက်မှန်များကို ဖော်ထုတ်သည့် လွတ်လပ်ပြီး အမှီအခိုကင်းသည့် ပုဂ္ဂလိက မီဒီယာများ ရပ်တည်မရအောင် အမျိုးမျိုးကြံဆောင်သည်။ ဖမ်းသည်၊ ဆီးသည်၊ထောင်ချသည်။ လက်ဝေခံမီဒီယာများကို ငွေကြေးထောက်ပံ့မွေးထုတ်၍ မီဒီယာကို မီဒီယာဖြင့် တိုက်သည်။
ထိုလက်ဝေခံမီဒီယာများမှတဆင့် ဘာသာရေးမှိုင်းတိုက်ကာ အစွန်းရောက် အမျိုးသားရေးဝါဒ ကြီးထွားအောင် ဖြန့်ဖြူးသည်။ စစ်တပ်သက်ဆိုးရှည်ရေးနှင့် အာဏာတည်မြဲရေးကို ဦးတည်သော လုပ်ဆောင်ချက်များကိုသာ ခွင့်ပြုနေခဲ့ခြင်းဖြစ်လေသည်။ ဤနည်းဖြင့် စစ်တပ်သည် လူထုအတွေးအခေါ်ကို သင်းသတ်နေခဲ့လေသည်။
လွတ်မြောက်ခြင်းတရား
---------------------
စစ်တပ်သည် လူထုကိုကျောခိုင်းသွားသည်မှာ ကြာခဲ့ပြီဖြစ်သည်။
၂၀၂၁ အာဏာမသိမ်းမီ ၁၀ နှစ်ကမူ သူတို့၏ အတိတ်က ဆိုးယုတ်မှုတွေကို သင်ပုန်းချေကာ အနာဂတ် ဖက်ဒရယ် ပြည်ထောင်စုဆီ စစ်တပ်နှင့်အတူ လျှောက်လှမ်းဖို့ ပြည်သူတချို့နှင့် ပညာတတ် အကောင်းမြင်သမားများက မျှော်လင့်ခဲ့ကြသေးသည်။ ကြိုးလည်းကြိုးစားခဲ့ကြသည်။ NLD ကိုယ်တိုင်လည်း စစ်တပ်နှင့် အမျိုးသားရင်ကြား စေ့ရေးလမ်းကို လျှောက်ခဲ့သေးသည်။
သို့သော် စစ်တပ်ကား နိုင်ငံရေးတွင် အစ်ကိုကြီးအဖအရာလုပ်ရန်သာ ကြံစည်ပြီး အာဏာကို ချုပ်ကိုင်ရန်သာ ကြိမ်ဖန်များစွာကြိုးပမ်းခဲ့သည်။ ကြိုးပမ်းနေဆဲဖြစ်သည်။
ယခုအခါ ရင်ကြားစေ့ရေးကိုမျှ ပြည်သူက လက်မခံ။ ရင်ကြားစေ့ရေးသည် စစ်ကျွန်သက် ရှည်ကြာရေး စီမံချက် ဟု ယူဆနေကြသည်။ ဤမျှအထိ လူထုက စစ်တပ်ကို မုန်းနေကြခြင်းဖြစ်သည်။
သို့သော်လည်း စစ်တပ်စီးပွားရေးဒေါက်တိုင်များနှင့် စစ်တပ်လက်ဝေခံများကလည်း နေရာအနှံ့တွင် အတိုင်း အတာ တစ်ရပ်အထိ ရှိနေပြန်သည်။
“စစ်တပ်သည် မြန်မာနိုင်ငံရေးတွင် ကျေးဇူးရှင်၊ စစ်တပ်မကယ် တိုင်းပြည်ကွယ်မည်၊ စစ်တပ်မရှိလျှင် အနောက် နိုင်ငံတွေ ခြေရှုပ်၍ ရုပ်သေးအစိုးရတက်လာမည်။ ဗုဒ္ဓဘာသာပျောက်ကွယ်သွားမည်။ အမျိုးဘာသာ ပျောက် ကွယ်သွားမည်” ဟူသည် လူပြိန်းကြိုက်လှုံ့ဆော်မှုများက အတော်ပင် အလုပ်ဖြစ်နေသေးသည်ကို တွေ့ရသည်။
“စစ်တပ်သည် မြန်မာနိုင်ငံရေးတွင် ကျေးဇူးရှင်၊ စစ်တပ်မကယ် တိုင်းပြည်ကွယ်မည်၊ စစ်တပ်မရှိလျှင် အနောက် နိုင်ငံတွေ ခြေရှုပ်၍ ရုပ်သေးအစိုးရတက်လာမည်။ ဗုဒ္ဓဘာသာပျောက်ကွယ်သွားမည်။ အမျိုးဘာသာ ပျောက်ကွယ်သွားမည်” ဟူသည် လူပြိန်းကြိုက် လှုံ့ဆော်မှု များက အတော်ပင် အလုပ်ဖြစ်နေသေးသည်ကို တွေ့ရသည်။
သာဓကဆိုရလျှင် ကုလလုံခြုံရေးကောင်စီဆုံးဖြတ်ချက်နှင့်ပတ်သက်ပြီး ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ရန်ကုန်၊ မန္တလေး၊ ပုသိမ်နှင့် မော်လမြိုင်တို့တွင် စစ်တပ်ထောက်ခံသူများ၏ ဆန္ဒပြပွဲများကိုကြည့်လျှင် လူပြိန်းကြိုက် ဝါဒတွေ အားကောင်းနေကြောင်းတွေ့နိုင်မည်ဖြစ်သည်။
ဤသို့သော အတွေးအခေါ်များက စစ်ကျွန်စော်နံနေပေသေးသည်။
လွတ်လပ်ရေး ရယူခဲ့သော အမျိုးသားခေါင်းဆောင်ကြီးများ၏ ရည်ရွယ်ချက်မှာ နိုင်ငံကို ကမ္ဘာ့အလယ် ထည်ထည်ဝါဝါရပ်တည်နိုင်ရေး ရည်ရွယ်ခဲ့သည်။ ယခုမူ ကမ္ဘာ့အလယ်ဝေးလို့ အိမ်နီးချင်းနိုင်ငံများနှင့်ပင် တန်းတူရည်တူ မဆက်ဆံနိုင်ချေ။
ယနေ့ အချိန်သည် နှစ်ပေါင်း ၅၀ ကျော် စစ်ကျွန်လက်အောက် ကျရောက်ခဲ့ခြင်းကို အဆုံးသတ် ရမည့်အချိန်အခါ ဖြစ်သည်။ ယခုအချိန်ထက် ကောင်းသော အချိန်ဟူ၍မရှိ။ အတွေးအခေါ် လွတ်လပ်ခြင်း၊ အမှန်ကို မြင်ခြင်း၊ ဉာဏ်ပညာ ဦးဆောင်ခြင်းဟူသည့် ကိုယ့်အားကိုယ်ကိုးတရားများနှင့် အပြောင်းအလဲကို ဖော်ဆောင်ရမည့် အချိန်ကာလဖြစ်သည်။
ထို့ကြောင့် ၇၅ နှစ်မြောက် လွတ်လပ်ရေးနေ့တွင် လူထုသည် ကိုယ့်ဘဝကိုယ်အမှန်မြင်ပြီး စစ်ကျွန် အဖြစ်မှ လွတ်မြောက်ရေး ကိုယ့်အတိုင်းအတာနဲ့ကိုယ် ကြိုးစားဖို့ကသာ လိုရင်းဖြစ်ပေသည်။
Top News
လွန်ခဲ့သော ၁၉ ရက် က
လွန်ခဲ့သော ၂၃ ရက် က
လွန်ခဲ့သော ၂၃ ရက် က