Opinion
မြန်မာ - မူမမှန်မှု အသစ်
လွန်ခဲ့သော တစ်နှစ် က
မြန်မာနိုင်ငံမှ ပဋိပက္ခကို ခွဲခြမ်းစိတ်ဖြာရာတွင် အမှန်တကယ် လက်နက်ကိုင် တိုက်ပွဲများမှ သော်လည်း ကောင်း ၎င်းတိုက်ပွဲများမှ လက်ငင်းအကျိုးသက်ရောက်မှုများဖြစ်သည့် သေဆုံးနှုန်း၊ စွန့်ခွာမှု၊ မီးရှို့ တိုက်ခိုက်မှု၊ လေကြောင်းတိုက်ခိုက်မှုနှင့် အရပ်သား နေရပ်ပြောင်းရွှေ့ရမှုတို့မှ လည်းကောင်း ရရှိသည့် တိုက်ရိုက် အချက်အလက်များက လွှမ်းမိုးထားသည်။
၎င်းတို့အားလုံးမှာ ပြည်တွင်းစစ်၏ လမ်းကြောင်းကို ဆုံးဖြတ်ရာတွင် ထည့်သွင်းစဉ်းစားရမည့် အရေးကြီးသည့် ရှုထောင့်များဖြစ်သည်။ လတ်တလောဖြစ်ပေါ်ခဲ့သော အရာရှိများ၊ အစိုးရအဖွဲ့၊ အကြီးတန်း စစ်အာဏာရှင်များ သို့မဟုတ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီတို့မှ ထုတ်ပယ် ရှင်းလင်းခြင်းများနှင့် စစ်အာဏာရှင်ထောက်ခံသူ လက်နက်ရောင်းဝယ်သူများဟု စွပ်စွဲခံရသူများကို လုပ်ကြံသတ်ဖြတ်ခြင်းများသည်လည်း နိုင်ငံရေးလားရာ များကို ခွဲခြမ်းစိတ်ဖြာရာတွင် အရေးပါသည်။
မြန်မာ့အရေး ခွဲခြမ်းစိတ်ဖြာခြင်းတွင် ဖြစ်နိုင်သည့် စစ်အာဏာရှင် အားနည်းလာမှုကို သိရှိဆုံးဖြတ် နိုင်ရန် ပဋိပက္ခမဟုတ်သည့် အချက်များကို အာရုံစိုက်သင့်သော်လည်း ပို၍ အရေးကြီးသည်မှာ မြန်မာ လူ့အဖွဲ့အစည်း အပေါ် ထိခိုက်မှုအပေါ် အာရုံစိုက်သင့်သည်
မြန်မာ့အရေး ခွဲခြမ်းစိတ်ဖြာခြင်းတွင် ဖြစ်နိုင်သည့် စစ်အာဏာရှင် အားနည်းလာမှုကို သိရှိဆုံးဖြတ် နိုင်ရန် ပဋိပက္ခမဟုတ်သည့် အချက်များကို အာရုံစိုက်သင့်သော်လည်း ပို၍ အရေးကြီးသည်မှာ မြန်မာ လူ့အဖွဲ့အစည်း အပေါ် ထိခိုက်မှုအပေါ် အာရုံစိုက်သင့်သည်။ ဥပမာအားဖြင့် စွမ်းအင်ကဏ္ဍမှ အပြောင်းအလဲများနှင့် ဆင်းရဲဒုက္ခများ လျော့ကျခြင်းနှင့် တိုးမြင့်ခြင်းတို့နှင့် အပြန်အလှန်ချိတ်ဆက် နေသည့် ရာဇဝတ်မှုများဖြစ်သည်။
ကမ္ဘာ့ဘဏ်က မြန်မာနိုင်ငံသည် ၂၀၂၃ ခုနှစ် ပထမနှစ်ဝက်တွင် စီးပွားရေးတည်ငြိမ်လာခြင်း၊ ငွေကြေးဖောင်းပွမှု တည်ငြိမ်နေခြင်း၊ အချို့စီးပွားရေးလုပ်ငန်းများ အထူးသဖြင့် အထည်ချုပ် ကဏ္ဍတွင် တိုးတက်လာခြင်းတို့ရှိပြီး “ကွဲရှလွယ်သည့် ပြန်လည်ထူထောင်မှု” ကြုံတွေ့လာရသည်ဟု ဆိုသော်လည်း အာဏာသိမ်းမှုအလွန် ကစဉ့်ကလျားဖြစ်မှု၏ ကာလကြာရှည် အကျိုးသက်ရောက်မှု များနှင့် စစ်အရာရှိများ၏ အကြီးအကျယ် ထိခိုက်ပျက်စီးစေသည့် ဆုံးဖြတ်ချက် ချမှတ်ခြင်းများ ကြောင့် ရေရှည်တွင် စီးပွားရေးအလားအလာ ကောင်းမွန်မှု မရှိပေ။
အဓိက စိုးရိမ်ဖွယ်တစ်ခုမှာ စွမ်းအင်ကဏ္ဍဖြစ်သည်။ နေရာအနှံ့ လျှပ်စစ်ပြတ်တောက်မှုများက စီးပွားရေး လုပ်ငန်းများ၊ ထုတ်လုပ်ရေးလုပ်ငန်းများနှင့် အိမ်ခြေများကို ထိခိုက်နေသည့်အတွက် မြန်မာ နိုင်ငံ၏ ၂၀၃၀ ခုနှစ်တွင် တစ်နိုင်ငံလုံး လျှပ်စစ်မီး ရရှိရေးသည် ယခုအခါ ဖြစ်နိုင်ချေ ရှိပုံမပေါ်တော့ပေ။ ယခင်ဆယ်စုနှစ် များအတွင်း အချိန်ကြာမြင့်စွာ မီးပျက်ခြင်းများ မရှိခဲ့သော်လည်း ယခုအခါ ရန်ကုန်သို့ ၎င်းအခြေအနေ ပြန်လည်ရောက်ရှိလာပြီဖြစ်သည်။
လျှပ်စစ်ဓာတ်အားထုတ်လုပ်ရာတွင် အတားအဆီးများ ပိုမိုဆိုးရွားလာခြင်း၊ လောင်စာဆီဈေးနှုန်းများ သုံးဆခန့် အထိ မြင့်တက်လာခြင်းတို့ကြောင့် အများပြည်သူ သယ်ယူပို့ဆောင်ရေးနှင့် ကုန်စည်ဖြန့်ဖြူး ရေးတို့တွင် ကုန်ကျ စားရိတ်များ အဆမတန် မြင့်တက်လာခဲ့သည်။
ကမ္ဘာ့ဘဏ်၏ နောက်ဆုံးအစီရင်ခံစာ 'အမှောင်ထဲမှာ' တွင် "စွမ်းအင်ကဏ္ဍမှ မည်သည့်စိန်ခေါ်မှုမဆို နိုင်ငံရေး မတည်ငြိမ်မှု၊ ပဋိပက္ခနှင့် ကျယ်ပြန့်သော အထွေထွေစီးပွားရေးအခြေအနေများနှင့် ဖွဲ့စည်းတည်ဆောက်ပုံ ဆိုင်ရာတို့နှင့် အခြေခံကျကျ ချိတ်ဆက်နေသည်။ ၎င်းတို့ကို ရေတိုနည်းလမ်း များဖြင့် လွယ်ကူစွာ ပြင်ဆင်ရန် မဖြစ်နိုင်ဘဲ ရေရှည်အတွက် သင့်လျော်သော စီမံကိန်းပေါ်တွင် အခြေခံသည့် ရေရှည် ချဉ်းကပ်မှုနှင့် တည်ငြိမ်သော တိုးတက်မှု လိုအပ်သည်။” ဟု ကောက်ချက်ချထားသည်။
သို့ရာတွင် စစ်တပ်၏ တလွဲအုပ်ချုပ်မှုကို အဓိပ္ပါယ်မဲ့မှု ထပ်မံအားဖြည့်သည့်အနေဖြင့် စစ်ကောင်စီက ၂၀၂၃ ခုနှစ်ကို အီလက်ထရောနစ်ကားများ အခွန်မဲ့ တင်သွင်းခွင့် စမ်းသပ်သည့်နှစ်ဟု ကြေငြာခဲ့ကာ စက်တင်ဘာလ အထိ အစီးရေ ၂,၇၀၀ ကျော် မှတ်ပုံတင်ပြီးဖြစ်သည်
သို့ရာတွင် စစ်တပ်၏ တလွဲအုပ်ချုပ်မှုကို အဓိပ္ပါယ်မဲ့မှု ထပ်မံအားဖြည့်သည့်အနေဖြင့် စစ်ကောင်စီက ၂၀၂၃ ခုနှစ်ကို အီလက်ထရောနစ်ကားများ အခွန်မဲ့ တင်သွင်းခွင့် စမ်းသပ်သည့်နှစ်ဟု ကြေငြာခဲ့ကာ စက်တင်ဘာလ အထိ အစီးရေ ၂,၇၀၀ ကျော် မှတ်ပုံတင်ပြီးဖြစ်သည်။
အာဏာသိမ်းမှုနောက်ပိုင်း ပဋိပက္ခနှင့် စီးပွားရေးမရေရာမှုသည် ကျယ်ပြန့်လာသော ပြောင်းရွှေ့ အခြေချမှု များကို ဖြစ်ပေါ်စေခဲ့သည်။ မကြာသေးမီက လေ့လာမှုများအရ ပြည်တွင်း ပြောင်းရွှေ့ရခြင်း အကြောင်းများမှာ စီးပွားရေးအကြောင်းရင်းများနှင့် ရာသီဥတုပြောင်းလဲမှုဖြစ်စဥ်ကြောင့် ဖြစ်သော် လည်း ၂၀၂၁ ခုနှစ်နောက်ပိုင်း တွင်မူ လက်နက်ကိုင် ပဋိပက္ခများသည် အဓိက အကြောင်းရင်း ဖြစ်လာခဲ့သည်ဟု သိရသည်။
ပြည်ပပြောင်းရွှေ့အခြေချရခြင်းအကြောင်းမှာ ထင်ရှားပါသည်။ မြန်မာ လူလတ်တန်းစား အများအပြား အိမ်နီးချင်းနိုင်ငံများသို့ ထွက်ခွာကြခြင်းသည် တိကျစွာ အရေအတွက် မပြုနိုင်သော်လည်း အစုအပြုံလိုက် ထွက်ခွာကြခြင်းမှာ ယခင်နိုင်ငံရေးအကျပ်အတည်းများကြောင့် ထွက်ခွာကြသည့် ဒုက္ခသည်များနှင့် ရွှေ့ပြောင်း လုပ်သားများနှင့် ကွဲပြားနေသည်။ ပိုမိုငယ်ရွယ်သည့် ကျွမ်းကျင်မှု တပိုင်းတစနှင့် လုပ်သားများသည် ဂျပန်နှင့် တောင်ကိုရီးယားနိုင်ငံတို့တွင် မှတ်ပုံတင်ထားသည့် အလုပ်များ လုပ်ကိုင်ရန် ထွက်ခွာနေကြသည်။
နိုင်ငံပိုင်မီဒီယာက ယခုနှစ် အောက်တိုဘာလတွင် လုပ်သား ၃၀,၀၀၀ သည် "ကုန်ထုတ်လုပ်ရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆောက်လုပ်ရေး လုပ်ငန်းများတွင်” လုပ်ကိုင်ရန် တောင်ကိုရီးယားနိုင်ငံသို့ ထွက်ခွာသွားကြ ကြောင်း ဖော်ပြထားသည်။
ကုမ္ပဏီဝတ်စုံများ ဝတ်ဆင်ထားသည့် မှတ်ပုံတင်ထားသည့် လုပ်သား အမြောက်အများ ရန်ကုန် လေဆိပ်တွင် နေ့စဉ်တွေ့မြင်နေရပြီး ဂျပန်နှင့် ကိုရီးယားဘာသာစကားသင်တန်းများတွင် အပ်နှံစာရင်း ပေးမှုများလည်း မြင့်တက်လာခဲ့သည်။ ၎င်း ပြောင်းရွှေ့လုပ်သားလှိုင်းလုံးများသည် ထိုင်းနိုင်ငံတွင် ရောက်ရှိပြီးဖြစ်သည့် ခန့်မှန်းခြေ လေးသန်းသော လုပ်သားများနှင့် မလေးရှားနှင့် စင်ကာပူနိုင်ငံတို့တွင် ကာလကြာရှည်ရောက်ရှိ နေကြသော အသိုင်းအဝိုင်းများတွင် ပါဝင်လာကြမည်ဖြစ်သည်။
ယခုနှစ် စက်တင်ဘာလတွင် မှတ်ပုံတင်ထားသည့် ရွှေ့ပြောင်းလုပ်သားအားလုံးသည် ၎င်းတို့၏ လုပ်ခလစာ ၂၅ ရာခိုင်နှုန်း ကို တရားဝင်လမ်းကြောင်းများမှ လွှဲပြောင်းရမည်ဖြစ်ကာ ယင်းသို့ မလွှဲပြောင်းလျှင် ဆက်လက် မှတ်ပုံတင်ခြင်းမှ ငြင်းပယ်ခံရမည်ဖြစ်သည်။
စစ်အာဏာပိုင်များက ရွှေ့ပြောင်းလုပ်သားများ၏ ဝင်ငွေ ၁၀ ရာခိုင်နှုန်းကို အခွန်အဖြစ် ပေးရမည် ဖြစ်ကြောင်း၊ နိုင်ငံကူးလက်မှတ် သက်တမ်းတိုးရန် တရားဝင် ပြေစာလည်း ပြသရမည် ဖြစ်ကြောင်းလည်း ကြေငြာထားသည်။ ငွေအရင်းအနှီးများ ပြောင်းရွှေ့မှုတိုးမြင့်လာခြင်းမှာ မြန်မာ့လူလတ်တန်းစားများက ၎င်းတို့၏ စုဆောင်းငွေများ လုံခြုံစေရန် ဒေသတွင်း ဘဏ်များသို့ ပြောင်းရွှေ့နေခြင်းဖြစ်ကြောင်းနှင့် အချို့ဖြစ်ရပ်များတွင် မြန်မာဘဏ် များကို ချမှတ်သည့် အနောက် နိုင်ငံများ၏ ဒဏ်ခတ်အရေးယူမှုများကို ရှောင်ရှားရန်ဖြစ်သည်။ သို့သော် စစ်အာဏာရှင်တို့သည် အလုပ်သမားများထံမှ မတရား ရရယူရန်အတွက်မူ လက်တံရှည်ပေသည်။
လူထုနှင့် ၎င်းတို့၏ ပိုင်ဆိုင်မှုများအပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများ မြင့်တက်လာကြောင်းကို ပုံမှန် တင်ပြနေသည့် မီဒီယာများနှင့် မြန်မာနိုင်ငံအတွင်းမှ "ကိုယ်တွေ့အထောက်အထား” များက ဖော်ပြနေကြသည်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် အာဏာမသိမ်းခင်ကလည်း ကိုယ်ကျင့်တရား ကောင်းမွန်သည့် ဥပဒေ စိုးမိုးရေး အဖွဲ့ အစည်းမဟုတ်ခဲ့ဘဲ လမ်းပိတ်ဆို့မှုများနှင့် စစ်ဆေးရေးပွိုင့်များတွင် သားရဲတိရစ္ဆာန် ပိုဆန်လာခြင်း၊ လာဘ်ငွေ တောင်းခံခြင်း၊ ရာဇဝတ်မှုများကို ငွေမပေးလျှင် စုံစမ်းစစ်ဆေးခြင်းမပြုခြင်း စသည်တို့ ပိုမိုလုပ်ဆောင် လာခဲ့သည်
မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် အာဏာမသိမ်းခင်ကလည်း ကိုယ်ကျင့်တရားကောင်းမွန်သည့် ဥပဒေ စိုးမိုးရေး အဖွဲ့ အစည်းမဟုတ်ခဲ့ဘဲ လမ်းပိတ်ဆို့မှုများနှင့် စစ်ဆေးရေးပွိုင့်များတွင် သားရဲတိရစ္ဆာန် ပိုဆန်လာခြင်း၊ လာဘ်ငွေ တောင်းခံခြင်း၊ ရာဇဝတ်မှုများကို ငွေမပေးလျှင် စုံစမ်းစစ်ဆေးခြင်းမပြုခြင်း စသည်တို့ ပိုမိုလုပ်ဆောင် လာခဲ့သည်။
အာဏာသိမ်းမှုအလွန် အဖွဲ့စုံပါဝင်ဖွဲ့စည်းထားသည့် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးတပ်ဖွဲ့သည် အဓိက နယ်စပ်ဖြတ်ကျော်ရာနေရာများ၊ နေရာစုံမှ စစ်ဆေးရေးပွိုင့်များမှ မှောင်ခိုကုန်သွယ်မှုများကို ကြားဖြတ် ဖမ်းဆီးနေကြောင်း နေ့စဉ် အစီရင်ခံနေကာ သစ်၊ မှတ်ပုံတင်မထားသည့် မော်တော် ဆိုင်ကယ်များနှင့် စားသုံးကုန်များ သိမ်းဆည်းရမိနေသည်။ စစ်ကောင်စီသည် စနစ်တကျ အကျင့်ပျက်ခြစားမှုများကို တရားဝင် ကုန်သွယ်မှုအဖြစ် မျက်နှာဖုံးတပ်ကာ အကျင့်သိက္ခာကောင်းမွန် ဟန်ဆောင်နေခြင်းသာဖြစ်သည်။
ယခင်ကပင် အဓိကပြဿနာတစ်ခုဖြစ်သည့် မူးယစ်ဆေးဝါးသုံးစွဲမှုသည် အာဏာသိမ်းပြီးနောက် သိသိသာသာ မြင့်တက်လာသည်။ မြန်မာ မဟာဗျူဟာနှင့် မူဝါဒ အင်စတီကျူ၏ မကြာသေးခင်က စစ်တမ်းတစ်ခုတွင် ဆေးခြောက်၊ ဈေးပေါသော အမ်ဖီတမင်း (ယာဘ)၊ အက်တစီ၊ ကိုကိန်း၊ ခရစ်စတယ် မက်သမ်ဖတမင်းနှင့် ကီတမင်းတို့ သုံးစွဲမှု မြင့်တက်လာသည်ဟု ဖော်ပြခဲ့သည်။ စစ်ကောင်စီထိန်းချုပ်မှုအောက်မှ နယ်စပ်ဒေသ အချို့တွင် "happy water”(မူးယစ်ဆေးဝါးများ ရောစပ်ထားသည့် အရည်) အလွဲသုံးစားမှု လတ်တလောနှစ် များအတွင်း မြင့်တက်လာသည်။
စစ်တပ်ခေါင်းဆောင်ပိုင်းနှင့် ၎င်းတို့ကို ထောက်ခံသူများ၏ အသိုင်းအဝိုင်းတို့သည် ၎င်းဆင်းရဲဒုက္ခ အားလုံးမှ ကင်းလွတ်နေသည်။ မြို့ပြ "တည်ငြိမ်မှု” နှင့် အရပ်သား "ခံနိုင်ရည်ရှိမှု” တို့တွင် အကောင်းမြင်ဝါဒ ပြန်လည် ရှုမြင်လာကြသည်။ သို့သော် ၎င်းမှာ ပုံမှန်ဖြစ်စေခြင်း မဟုတ်ပါ။ တကယ်တမ်းမှာ "မူမမှန်မှု အသစ်” သာ ဖြစ်ပါသည်။
ကိုးကား - The Intepreter
ပုံစာ - ၁၄ ရက် ဇန်နဝါရီလ ၂၀၂၃ ခုနှစ် ရန်ကုန်မှ ချောင်းအတွင်း ပလုံးကောက်သူများ။ (Photo: AFP via Getty Images)
Top News
လွန်ခဲ့သော ၁၆ ရက် က
လွန်ခဲ့သော ၂၀ ရက် က
လွန်ခဲ့သော ၂၀ ရက် က