bap-logo
Opinion

အသိတရား တန်ချိန်

LGhuy_jBN_6et1xHxmWFQ-image

လွန်ခဲ့သော တစ်နှစ် က

မကြာခင်က အသံဖိုင်တစ်ခု လိုင်းပေါ်တက်လာ၍ နားထောင်ရသည်။ အသံအရ နေရာက မကွေးတိုင်းအတွင်းရှိ နယ်မြေခံစခန်းတစ်ခုကို တော်လှန်ရေးအဖွဲ့များ ဝင်ရောက်တိုက်ခိုက်စဉ် စစ်ကောင်စီတပ်၏ အောက်ခြေ တပ်သားများက အထက်ကို အစီရင်ခံနေသောအသံဖိုင်ဖြစ်သည်။

 

အသံဖိုင်ထဲတွင် နယ်မြေခံစခန်းရှိ တပ်သားတစ်ယောက်အသံကို ကြားရပြီး အခြေအနေက သူတို့ ဖက်ရှိ သယောင် အတော်အသင့်စိတ်ချထားဟန် ပြောဆိုနေခြင်းဖြစ်သည်။ သူ့စကားသံတွင် "အဘ" ဆိုသူထံ စိတ်ချပါ ဆိုသော ကားကိုပင်ကြားရသည်။ နောက်အကြိမ်များတွင် ထိုအရိပ်က တစထက်တစ ပျောက်ကွယ်လာရင်း အမောတကောနှင့် စိုးရိမ်ဟန်က သိသာလာသည်။

 

နောက်ပိုင်းစကားသံများထဲတွင် ဘယ်သူဖြင့် ကျသွားပြီ၊ ဘယ်သူကဒဏ်ရာရနေပြီ စသဖြင့် အဆက်မပြတ် အစီရင်ခံသည်။ သို့ရာတွင်အထက်က အဘကတော့ ထိုသေရေးရှင်ရေးနှင့်ပတ်သက်ပြီး သူကိုယ်တိုင် ကျည်ကွယ်မျက်ကွယ်၌ ရှိနေ၍ပဲလားမသိ စိုးရိမ်စိတ်ရှိပုံမရဘဲ ခပ်အေးအေးသာ တုံ့ပြန်သည်ကို ကြားရ၏။ ဒဏ်ရာရနေသူကို သေဆုံးနေသူထံက ခြောက်လုံးပြူး ယူကိုင်ပြီး လက်ပစ်ဗုံးနှင့်စောင့်နေရန် ဆိုတာမျိုး ထိ အဘက ညွှန်ကြားသည်။

 

ထိုသို့ဖြင့်တိုက်ပွဲရှိန် မြင့်သထက်မြင့်လာချိန် အောက်ခြေတပ်သားက လေယာဉ်ပစ်ကူပေးဖို့တောင်းဆိုရာ အဘက လွှတ်ပေးမည်ဆိုသည်။ နောက်တစ်ခါ ပြန်ဆက်သွယ်ချိန်လေယာဉ် လွှတ်ပေးဖို့ ထပ်တောင်းဆို တော့လည်း လွှတ်ပေးမည်ပဲဖြစ်သည်။ ဤသို့ဖြင့် နောက်ဆုံးအကြိမ် ဆက်သွယ်လာမှုထဲ စခန်း၏ စည်းရိုး ကျိုးပေါက်ပြီး အထဲမလှမ်း မကမ်းပါ မီးလောင်နေပြီဖြစ်ကြောင်း အစီရင်ခံချိန် လေယာဉ်လွှတ်ပေးဖို့ တောင်းခံတော့ "လွှတ်လိုက်ပြီ" "လေထဲ ရောက်နေပြီ"ဟု အဘကစကားပြန်သည်။ ထိုသို့ဖြင့် ဤသည်ကနောက်ဆုံးအသံအဖြစ် မှတ်တမ်းမှတ်ရာ ကျန်ရစ်သည်။

 

ထိုအသံဖိုင်ကိုနားထောင်ကြသူ ပြည်သူများကြားတွင် နားထောင်အပြီး အမျိုးမျိုးတုံ့ပြန်ကြရာ သနားကရုဏာနှင့် ယှဉ်သော တုံပြန်ချက်မျိုး မရှိသလောက် နည်းပါးသည်ကို တွေ့ရ၏။ တချို့ နာနာကျင်ကျင်ဖြင့် နည်းတောင်နည်း သေးတယ် ဆိုသည့်သဘော ထင်မြင်ချက်ပေးသည်။ တချို့ကတော့ ရယ်ကြပြုံးကြသည်။ ဤသည်ကပင်ပြည်သူ့ သဘောထားဟုဆိုရတော့မည်။ မည်သို့ဆိုစေ ရှောင်လွှဲမရသောအဖြစ်ဟုသာ ယူဆရတော့မည်။

 

အသံဖိုင်ထဲတွင် အပိုင်းနှစ်ပိုင်းပါမည်။ ပထမပိုင်းက အဘမည်သော အထက်အရာရှိများဖြစ်သည်။ ထိုအရာရှိ များ ကိုယ်၌ ဖြတ်သန်းခဲ့သော ကာလတလျှောက်လုံး လက်ရှိရာထူးရရှိရေးကစ၍ အရာရာတွင် အထက်ဖား အောက်ဖိ လုပ်ရင်း တည်ဆောက်ခဲ့သည်ဖြစ်ရာ သူတို့၏ စိတ်တွင် ရာထူးဌာနန္တရနှင့် လာဘ်လာဘကလွဲ၍ တခြားမရှိပေ။

 

လက်ရှိတော်လှန်ရေးကာလ၌ပင် လက်ရဲဇက်ရဲဖြင့် ပြည်သူအပေါ်၊ အောက်လက်ငယ်သားတွေအပေါ် ရသမျှ လည်ပင်း ညှစ်နေသူများဖြစ်ရာ သူတို့ဆီက ထွက်လာသည့်စကားမှန်သမျှ ယုံကြည်စရာ မရှိသည်ကသေချာ၏။ ခုကိစ္စတွင်လည်း ထိုနည်းအတိုင်းဖြစ်သည်။

 

လက်အောက်ငယ်သား၏ အစီရင်ခံတင်ပြမှုထက် သူ့ရာထူး မထိခိုက် ရေးစိုးရိမ်ကာ ငယ်သားအပါ်မစားရဝခမန်း မျှော်လင့်ချက်ပေးရင်း အသက်စွန့်တိုက်ခိုင်းခြင်းဖြစ်သည်။ ဆိုရလျင် သူ့စကားမှန်သမျှ၏ ဝတ်ကျေတန်းကျေ သဘောထက် မပိုသော အနေအထားသည်ပင် သူတို့ကျင်လည်နေသော ယန္တရား၏ယိုးယွင်းပျက်စီးနေမှု အတိုင်း အဆဟု ပြောရတော့မည်၊ မည်ကာမတ္တနှင့် ဝတ်ကျေတန်းကျေ တာဝန်ယူမှုတို့က ထိုအင်စတီကျူးရှင်းအတွင်း ပျော်ရွှင်စွာပေါင်းဖက်နေကြသည်။

 

အလားတူစွာ အစီရင်ခံတင်ပြသော လက်အောက်ငယ်သားတို့ဘဝကလည်း ဝမ်းနည်းရမည်လား၊ သနားရ မည်လား မသိတတ်နိုင်။ တစ်တိုင်းပြည်လုံးအနေနှင့် တော်လှန်ရေးက အရှိန်မြင့်လာချိန်၌ပင် အထက်အမိန့်ကို ယုံစားရင်း စခန်းကို ကာကွယ်သည့်လုပ်ရပ်က ဦးနှောက်အသိဉာဏ်နည်းပါးခြင်းဟုသာ ဆိုရတော့မည်။ ရှမ်းမြောက်တစ်ခွင်မက စစ်ကိုင်းနှင့် မကွေး၊ ကရင် ပဲခူး စသည်ဖြင့်နေရာစုံတွင် ဖြစ်ပွားနေသော တော်လှန်ရေးတပ်ဖွဲ့များ၏ နယ်မြေ ထိုးဖောက်မှုများ၊ သိမ်းပိုက်မှုများက တစ်ပြည်လုံးသိနေသည့်တိုင် သူတို့ မသိကြလေသလားဟု စဉ်းစားစရာဖြစ်သည်။ သတင်းပိတ်ဆို့ ဖြတ်တောက်ခံရမှုကြောင့် ဖြစ်ကြောင်းကုန်စင် မသိနိုင်လျင်တောင် အတိုင်းအတာ တစ်ခုထိတော့ သိမည်မှာသေချာသည်။

 

သို့ဖြစ်ရာ အခြေအနေ၏ပြင်းအားနှင့်သက်ရောက်နိုင်မှုကို မဆဝါးနိုင်၍ပဲလား၊ ဒါမှမဟုတ်အရေးယူခံရမှာ ကြောက်၍ပဲလား မပြောတတ်၊ ရူးမိုက်စွာဖြင့် အမိန့်နာခံရင်း ဇာတ်သိမ်းမလှစွာ အဆုံးသတ်သည်။ အထက် အမိန့်နှင့် လက်တွေ့မြေပြင်၏ အကျိုးအကြောင်းကို မစဉ်းစား၊ မဆင်ခြင်နိုင်သော ဦးနှောက်များက တိုင်းပြည် ကာကွယ်နေသည် ဆိုခြင်းက ပြည်သူများအတွက် ဝမ်းနည်းစရာ ဝမ်းရေစပ်မှုပင်ဖြစ်သည်။ စင်စစ် အဆိုပါ အသံဖိုင်သည် လက်ရှိ စစ်ကောင်စီတပ်များအတွင်း အောက်ခြေတွင် ဖြစ်ပေါ်နေသော ပကတိအခြေအနေဟု ဆိုရလိမ့်မည်။

 

ထိုသို့သော လည်ပတ်မှုမျိုးဖြင့် ပြည်သူအပေါ် ဆယ်စုနှစ်ပေါင်းများစွာ ဖိနှိပ်ဒုက္ခပေးခဲ့ခြင်း ဖြစ်သည်။ သို့ဖြစ်ရာ လက်ရှိပြည်သူများ ကြုံ နေရသောအခက်အခဲအကျပ်အတည်းမှန်သမျှ၏ ဇစ်မြစ်က စစ်ကောင်စီဦးဆောင်သော လက်နက်ကိုင်တပ် များ ဖြစ်ရာ ဤသည်ကိုတိုက်ဖျက်ကြရန်ပင်ဖြစ်သည်။

 

ဤသို့ဖြစ်သည့်အားလျှော်စွာ စစ်ကောင်စီ၏ နောက်လိုက်အောက်ခြေတပ်သားများအဖို့ ယခုအချိန်က နောက်ဆုံး အချိန်ဆိုသည်ကို နားလည်ကြရန်လိုပြီ။ တော်လှန်ရေး၏အရှိန်က ရှေ့လျောက် မြင့်သထက် မြင့်လာတော့မည် ဖြစ်ရာ မိမိ၏ အသက်အပြင် မိသားစုအရေးကိုပါ ထည့်သွင်းတွက်ချက်ရန် အချိန်တန်ပြီ ဖြစ်သည်။ ကိုယ့်ဘေးရှိ လူများ နောက်ဆုံးလမ်းက ဘယ်လမ်းလဲဆိုသည်ကို မျက်မြင်သိရှိပြီး ဖြစ်သောကြောင့် လမ်းမှန်ကိုရွေးချယ်ရန် အချိန် ကျရောက်နေပြီ။

 

သို့ဖြစ်ရာတော်လှန်ရေး အဖွဲ့များနှင့် ပြည်သူ့ထံခိုဝင်ရန်မှတပါးအခြားမရှိသည်အား အသိတရား တန်ချိန် ဖြစ်ပေတော့သည်။

 

Burma Associated Press

စစ်တပ်
စစ်သားများ
ဗိုလ်ချုပ်ကြီးများ
စစ်ကောင်စီ

Share With
bap-logo