Opinion
အမေရိကန်သံတမန်ဟောင်း ရှုမြင်သည့် အရှေ့တောင်အာရှမှ ‘အနှောင့်အယှက်ပေးနေသည့် ကွဲပြားမှုများ’
လွန်ခဲ့သော တစ်နှစ် က
Scot Marciel က အမေရိကန်အစိုးရအနေဖြင့် တရုတ်လွှမ်းမိုးမှုကို တန်ပြန်ရန်ကြိုးပမ်းမည့်အစား ဒေသတွင်း ပိုမိုထိတွေ့ဆက်ဆံရေး အာရုံစိုက်သင့်ကြောင်း ပြောဆိုသည်။
အရှေ့တောင်အာရှနိုင်ငံများသည် မြန်မာ့အာဏာသိမ်းမှု အကျပ်အတည်းနှင့် တောင်တရုတ်ပင်လယ်မှ တရုတ်၏ ချဲ့ထွင်ရေးဝါဒတို့အပေါ်တွင် "အနှောင့်အယှက်ပေးနေသည့် ကွဲပြားမှုများ” အကြား ညပ်နေသည် ဟု ဝါရင့် အမေရိကန်သံတမန် Scot Marciel က ပြောကြားသည်။
အင်ဒိုနီးရှားနှင့် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ဟောင်းသည် မကြာသေးမီက အပြစ်မကင်းသည့် မိတ်ဖက်များ - အမေရိကန်ပြည်ထောင်စုနှင့် အရှေ့တောင်အာရှ (Imperfect Partners: The United States and Southeast Asia ) စာအုပ်ကို ထုတ်ဝေခဲ့ပြီး ယခုအချိန် အမေရိကန်အနေဖြင့် ဒေသတွင်းတွင် တရုတ် လွှမ်းမိုးမှုကို အာရုံမစိုက်ဘဲ ထိတွေ့ဆက်ဆံရန်အားထုတ်မှုများအပေါ် ဦးစားပေးသင့်သည်ဟု ဖော်ပြထားသည်။
အမေရိကန်အစိုးရအနေဖြင့် "အားလုံးအတွက် တသမတ်တည်းဖြစ်မှု၊ စိတ်ချရမှု၊ ယုံကြည်ရမှုနှင့် မိတ်ဖက် ကောင်းဖြစ်ကြောင်း ပိုမိုပြသသင့်ပါတယ်။” ဟု Marciel က Al Jazeera ကို ပြောကြားသည်။
အမေရိကန်အစိုးရအနေဖြင့် "အားလုံးအတွက် တသမတ်တည်းဖြစ်မှု၊ စိတ်ချရမှု၊ ယုံကြည်ရမှုနှင့် မိတ်ဖက် ကောင်းဖြစ်ကြောင်း ပိုမိုပြသသင့်ပါတယ်။” ဟု Marciel က Al Jazeera ကို ပြောကြားသည်။
Imperfect Partners: The United States and Southeast Asia စာအုပ်သည် တစ်ကိုယ်ရေမှတ်တမ်းနှင့် အမေရိကန်နှင့် အရှေ့တောင်အာရှအကြား ဆက်ဆံရေးအပေါ် နိုင်ငံခြားရေးမူဝါဒ ဆန်းစစ်လေ့လာမှုတို့ ပေါင်းစပ်ထားခြင်းဖြစ်ကာ Marciel ၏ ဆယ်စုနှစ်ချီသံတမန်လုပ်ကိုင်ခဲ့မှုအပေါ် အခြေခံထားသည်။
၎င်းသည် ၁၉၈၅ ခုနှစ်တွင် နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ဝင်ရောက်ခဲ့ပြီး ဗီယက်နမ်စစ်ပွဲနောက်ပိုင်း ဟနွိုင်းတွင် တာဝန်ကျသည့် ပထမဦးဆုံး အမေရိကန်သံတမန်ဖြစ်လာခဲ့သည်။ ၎င်းတာဝန်ထမ်းဆောင်မှုတစ်လျှောက် ဖိလစ်ပိုင်မှ လူထုအာဏာပုန်ကန်မှု၊ ထိုင်းနိုင်ငံ အာဏာသိမ်းမှုတုန့်ပြန်ရေးနှင့် မြန်မာနိုင်ငံမှ ရိုဟင်ဂျာ လူမျိုးတုံး သတ်ဖြတ်မှုအထိ ဒေသတွင်း နေရာအနှံ့အပြားမှ ကြုံတွေ့မှုများ ရှိခဲ့သည်။
Marciel သည် နိုင်ငံခြားရေးတာဝန်မှ ၂၀၂၂ ခုနှစ်တွင် အငြိမ်းစားယူခဲ့ပြီး စတန်းဖို့ဒ်တက္ကသိုလ်၏ Walter H Shorenstein အာရှ-ပစိဖိတ် သုတေသနစင်တာတွင် Oksenberg-Rohlen အဖွဲ့ဝင်အဖြစ် လက်ရှိတာဝန်ယူ ထားသည်။
Al Jazeera က Marciel ကို ၎င်း၏ စာအုပ်အကြောင်းနှင့် ဒေသတွင်း နိုင်ငံရေးအကြောင်း တွေ့ဆုံမေးမြန်း ချက်များမှ အချို့ကို ကောက်နှုတ်ဖော်ပြထားပါသည်။
Al Jazeera: Imperfect Partners စာအုပ်မှာ အရှေ့တောင်အာရှနိုင်ငံက မတူညီတဲ့ နိုင်ငံတွေအကြောင်းကို ရှည်လျားတဲ့ ကာလတွေအထိ ဖော်ပြထားပါတယ်။ ဖိလစ်ပိုင်နဲ့ ဗီယက်နမ်တို့က အမေရိကန်နဲ့ သူတို့ရဲ့ ဆက်ဆံရေးကို ခိုင်မာအားကောင်းအောင် လုပ်နေကြတဲ့အချိန်မှာ ကမ္ဘောဒီးယား၊ မြန်မာနဲ့ လာအိုတို့က တရုတ်အဝန်းအဝိုင်းထဲ အခိုင်အမာရောက်နေပုံ ရပါတယ်။ အင်အားကြီးတွေရဲ့ အပြိုင်အဆိုင်အကြား အရှေ့တောင်အာရှမှာ ကွဲပြားမှုတွေ ဖြစ်နေတာ ပိုမိုနက်ရှိုင်းလာပါသလား။
Scot Marciel: အရှေ့တောင်အာရှမှာ အနှောင့်အယှက်ပေးနေတဲ့ ကွဲပြားမှုတွေ ရှိနေတာ အသေအချာပါပဲ။ ဒါပေမယ့် ဒါကို အမေရိကန်-တရုတ်ပြိုင်ဆိုင်မှုအတွက် အဓိက အကြောင်းလို့ မမြင်ဘူး။ အာဆီယံအတွင်း ကွဲပြားမှုတွေကိုလည်း တရုတ်လိုလားမှုနဲ့ အမေရိကန်လိုလားမှုအဖွဲ့တွေအကြား ကွဲပြားမှုလို့ မမြင်ပါဘူး။
ကျွန်တော်တို့မြင်နေရတာက အရှေ့တောင်အာရှနိုင်ငံအားလုံးက တရုတ်နဲ့ရော အမေရိကန်နဲ့ပါ ကောင်းမွန်တဲ့ ဆက်ဆံရေး လိုချင်နေကြပါတယ်။ အရေးကိစ္စနဲ့ အချိန်ပေါ်မူတည်ပြီး တချို့နိုင်ငံတွေက တစ်ဘက်ကို တခြား နိုင်ငံတွေထက် နည်းနည်းပိုယိမ်းတာ ရှိမယ်။ ဒါပေမယ့် သူတို့က ဂျပန်၊ ဩစတြေးလျနဲ့ အိန္ဒိယလို တခြားနိုင်ငံ တွေနဲ့လည်း သူတို့ရဲ့ ဆက်ဆံရေး အားကောင်းအောင် အထူးကြိုးစားနေကြပါတယ်။
ကွဲပြားမှုတွေက အမေရိကန်-တရုတ် အားပြိုင်မှုနဲ့ ဆက်နွယ်မှု ရှိကောင်း ရှိနိုင်တဲ့ ရုရှားရဲ့ ယူကရိန်းကို ကျူးကျော်မှု၊ မြန်မာနိုင်ငံက အခြေအနေ၊ တောင်တရုတ်ပင်လယ်အရေးတို့ဖြစ်လာတဲ့အချိန်မှာ စိုးရိမ်စရာ ဖြစ်လာပါတယ်။ ဒါပေမယ့် အားပြိုင်မှုက တောင်တရုတ်ပင်လယ် တင်းမာမှုရဲ့ အကြောင်းရင်း မဟုတ်ပါဘူး။
Al Jazeera: ၂၀၂၄ ခုနှစ်မှာ အာဆီယံဥက္ကဌနေရာကို လာအိုက တာဝန်ယူမှာ ဖြစ်ပါတယ်။ တောင်တရုတ် ပင်လယ်နဲ့ မြန်မာအရေးမှာ လာအိုဦးဆောင်မှုက ဘယ်လို အပြောင်းအလဲဖြစ်စေမယ်လို့ မျှော်လင့်ပါသလဲ။
Scot Marciel: အာဆီယံအဖွဲ့ဝင်တွေဟာ အရေးကိစ္စအတော်များများမှာ သဘောတူကြပေမယ့် တောင်တရုတ်ပင်လယ်အရေးအပါအဝင် အရေးကြီးတဲ့ ကိစ္စရပ်တစ်ချို့မှာ သဘောမတူတာတွေ ရှိပါတယ်။ တောင်တရုတ်ပင်လယ်ကိစ္စမှာ သဘောမတူညီမှုတွေက နယ်မြေပိုင်ဆိုင်မှု အရေးဆိုထားတဲ့ နိုင်ငံတွေရယ်၊ အရေးဆိုမထားတဲ့ နိုင်ငံတွေရယ်၊ တရုတ်အစိုးရနဲ့ အချင်းမများချင်တဲ့ နိုင်ငံတွေအကြားက သဘောမတူညီမှု ဖြစ်ပါတယ်။
လာအိုက မြန်မာနိုင်ငံက အကျပ်အတည်းအပေါ်မှာ ကြီးမားတဲ့ ပြောင်းလဲမှုကို ဦးဆောင်နိုင်မယ်ဆိုရင် ကျွန်တော် အံ့ဩမိမှာပါ။ အာဆီယံက ဘာလုပ်ရမယ်ဆိုတာ တကယ်မသိပါဘူး။ အင်ဒိုနီးရှားဥက္ကဌ တာဝန်ယူထားတဲ့ အချိန်မှာတောင် လေးစားမှုနဲ့ ပြောပါရစေ၊ အာဆီယံက ဘာမှ မလုပ်နိုင်သလေက်ပါပဲ။ လာအို တာဝန်ယူထားတဲ့ အချိန် ထူးထူးခြားခြားဖြစ်လာမယ့်ပုံ မရှိပါဘူး။
လာအိုက အင်ဒိုနီးရှားထက် ပိုပြီး နစကနဲ့ ထိတွေ့ဆက်ဆံမှု ရှိကောင်းရှိနိုင်ပါတယ်။ မြန်မာစစ်အာဏာရှင်ကို အာဆီယံထိပ်သီး နိုင်ငံရေးဆွေးနွေးပွဲတွေကို ပြန်ခေါ်လာဖို့က အာဆီယံတစ်ဖွဲ့လုံးရဲ့ ဆုံးဖြတ်ချက်ပဲ ဖြစ်ပြီး ဥက္ကဌရဲ့ ဆုံးဖြတ်ချက်မဟုတ်ဘူးလို့ပဲ ကျွန်တော် ယူဆပါတယ်။ လာအိုက နေပြည်တော်ကို သွားပြီး ဗိုလ်ချုပ် တွေနဲ့ ဆွေးနွေးတာတွေ လုပ်နိုင်ပါတယ်။ ဒါပေမယ့် ဒါက အကြောင်းမလှစွာနဲ့ပဲ မြေပြင်မှာတော့ အများကြီး ပြောင်းလဲသွားမှာ မဟုတ်ဘူး။
Al Jazeera: ထိုင်းဂျာနယ်လစ် Kavi Chongkittavorn က အမေရိကန် ဘားမား အက်ဥပဒေအကြောင်း ဆောင်းပါးမှာ 'ကြားခံစစ်ပွဲငယ်' တစ်ခုကို သတိပေး ရေးသားထားပါတယ်။ ဒါက ဘားမားအက် ဥပဒေ အကြောင်း နားလည်မှု လွဲတာကို အခြေခံပါသလား။
ဘယ်အရာကမှ အမေရိကန်အနေနဲ့ ကြားခံစစ်ပွဲတစ်ခုကို မီးထိုးပေးနေတယ်ဆိုတာ ကျွန်တော် မတွေ့ရပါဘူး။ အမေရိကန်နဲ့ တရုတ်နိုင်ငံနှစ်ခုမှာ နိုင်ငံတစ်ခုကပဲ ဒီပဋိပက္ခမှာ တစ်ဘက်ကို လက်နက်တွေ ထောက်ပံ့နေပါတယ်။ အဲဒီလို ထောက်ပံ့နေတာ အမေရိကန်မဟုတ်ပါဘူး
Scot Marciel: ကျွန်တော့်ရဲ့ သူငယ်ချင်းကောင်း Kavi ကို လေးစားမှုနဲ့ ပြောပါရစေ။ ဘားမားအက် ဒါမှမဟုတ် ဘယ်အရာကမှ အမေရိကန်အနေနဲ့ ကြားခံစစ်ပွဲတစ်ခုကို မီးထိုးပေးနေတယ်ဆိုတာ ကျွန်တော် မတွေ့ရပါဘူး။ အမေရိကန်နဲ့ တရုတ်နိုင်ငံနှစ်ခုမှာ နိုင်ငံတစ်ခုကပဲ ဒီပဋိပက္ခမှာ တစ်ဘက်ကို လက်နက်တွေ ထောက်ပံ့နေပါတယ်။ အဲဒီလို ထောက်ပံ့နေတာ အမေရိကန်မဟုတ်ပါဘူး။
အမေရိကန်က နှုတ်အားဖြင့် သံတမန်အထောက်အပံ့တွေသာမက လူသားချင်းစာနာမှု အကူအညီတွေ မြန်မာ လူထုကို ပေးခဲ့ပါတယ်။ နောက်ဆုံးမှာတော့ မြန်မာလူထုက စစ်တပ် အာဏာယူထားတာကို ပြင်းပြင်းထန်ထန် အလိုမရှိကြောင်း အမှတ်ရနေရမှာ ဖြစ်ပါတယ်။ ဒါက လူထုကြိုက်နှစ်သက်ထောက်ခံမှု မရတဲ့ ကြောက်စရာ အာဏာရှင်ပဲ။ အမေရိကန်နိုင်ငံက မြန်မာလူထုကို အများကြီး စာနာမှုရှိပြီး ထောက်ခံအားပေးပါတယ်။ ဒါပေမယ့် လက်နက်မထောက်ပံ့ပါဘူး။
မြန်မာ့အကျပ်အတည်းက အမေရိကန်နဲ့ တရုတ်အကြောင်းချည်းပဲ မဟုတ်ပါဘူး။ ဒါက မြန်မာနိုင်ငံထဲမှာ ဖြစ်ပျက်နေတာတွေဖြစ်ပြီးတော့ မြန်မာလူထုက 'စစ်တပ်နဲ့ပတ်သတ်လို့ တော်သင့်ပြီ။ စစ်တပ်အပြီးထွက်သွားဖို့ ငါတို့ အလိုရှိကြတယ်။’ လို့ ပြောနေကြတယ်။ ကျွန်တော် သူတို့မှန်တယ်လို့ထင်တယ်။ ကံမကောင်း အကြောင်း မလှတော့ သူတို့ကို နိုင်ငံအတော်များများက မထောက်ခံကြဘူး။ တချို့ အိမ်နီးချင်းနိုင်ငံတွေက စစ်အာဏာရှင် ကိုတောင် ထောက်ခံအားပေးလိုက်သေးတယ်။
ခုခံကာကွယ်ရေးအဖွဲ့တွေကို အမေရိကန်ကျောထောက်နောက်ခံအဖွဲ့တွေဖြစ်တယ်လို့ ဘားမားအက်ဥပဒေက တရုတ်ကို အလွန်အမင်းစိုးရိမ်မှု ဖြစ်စေပြီးတော့ အဲဒီ နားလည်မှုလွဲတာကနေ တရုတ်အစိုးရအတွက် စစ်အာဏာရှင်ကို ပိုပြီး ထောက်ပံ့အားပေးတာတွေ လုပ်လာမှာကို ကျွန်တော် စိုးရိမ်တယ်။
တရုတ်က ဒီမိုကရေစီနည်းလမ်းကျ ရွေးကောက်ခံ ဒေါ်အောင်ဆန်းစုကြည်အစိုးရနဲ့ လုံးဝ ကောင်းမွန်တဲ့ ဆက်ဆံရေးကို ကြိုက်နှစ်သက်ပါတယ်။ ဒီမိုကရေစီအင်အားစုတွေ မြန်မာနိုင်ငံမှာ အာဏာပြန်ရလာတဲ့အချိန်မှာ သူတို့လည်း တရုတ်နဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးကို လိုချင်ကြမှာပဲ။ ဒါက အဓိပ္ပါယ်ရှိပါတယ်။ ဒါကြောင့် တရုတ်အစိုးရအနေနဲ့ ခုခံကာကွယ်ရေးအဖွဲ့တွေဟာ အမေရိကန်ကြားခံတွေ ဖြစ်နေမှာ စိုးရိမ်ဖို့ မလိုသလို မြန်မာနိုင်ငံက အကျပ်အတည်းဟာ အမေရိကန်-တရုတ် အရေးလည်း မဟုတ်ပါဘူး။
ဘားမားအက်ဥပဒေဟာ ဒီမိုကရေစီ ပြန်လည်ထွန်းကားရေးနဲ့ အန္တရာယ်မရှိတဲ့ အထောက်အပံ့တွေ ပေးအပ်ဖို့ပဲ ဖော်ပြထားတာဖြစ်ပြီးတော့ လက်နက်ပေးအပ်ဖို့ မဟုတ်ပါဘူး။ ကြောက်မက်ဖွယ်စစ်တပ်ရဲ့ ဆယ်စုနှစ်တွေ ကြာအောင် ရက်စက်မှုတွေ ခံခဲ့ရတဲ့ လူထုအတွက် ဖြစ်ပါတယ်။ 'တော်လောက်ပြီ။ ငါတို့ အာဏာ ငါတို့ ပြန်လို ချင်တယ်။’ သူတို့ ဒါကို တစ်စုံတစ်ယောက်ရဲ့ ခိုင်းစေချက်ကြောင့် လုပ်နေတာ မဟုတ်ပါဘူး။
Al Jazeera: ရုရှားက မြန်မာစစ်အာဏာရှင်ကို ထောက်ခံအားပေးတဲ့နေရာမှာ တရုတ်ထက်ကို ပိုပြီး အရေးပါတဲ့နေရာယူထားပါတယ်။ မကြာသေးခင်က ဆွေးနွေးခဲ့တဲ့ စစ်အာဏာရှင်တွေကို နျူကလီးယားစွမ်းအင် ဖွံ့ဖြိုးတိုးတက်အောင် အားပေးမယ်ဆိုတဲ့ ဆွေးနွေးမှုမျိုးပေါ့။ မြန်မာနိုင်ငံနဲ့ ဒေသတွင်းမှာ ရုရှားအစိုးရဲ့ ပြုမူပုံတွေက အနှောင့်အယှက်ဖြစ်နေသလား။
Scot Marciel: ရုရှားရဲ့ အဖျက်စွမ်းအားက ဘယ်လိုလဲဆိုတာ ကျွန်တော်တို့ သတင်းတွေမှာ နေ့တိုင်း တွေ့နေရပါတယ်။ ပြီးတော့ သူတို့ရဲ့ မြန်မာစစ်အာဏာရှင်တွေကို ထောက်ပံ့အားပေးမှုက ဒီသဘောထားကို ရောင်ပြန်ဟပ်နေတာပဲ။ ဒါက လုံးဝ အဆုံးစွန်ထိ ကိုယ်ကျင့်တရားမဲ့တဲ့၊ သိက္ခာမဲ့တဲ့ နိုင်ငံခြားရေးမူဝါဒပဲ ဖြစ်ပြီး လက်နက်ရောင်းဖို့ အခွင့်အလမ်းပဲ ဖြစ်တယ်။
ရုရှားအစိုးရဟာ သူတို့ရဲ့ ဩဇာလွှမ်းမိုးမှုကို ချဲ့ထွင်ဖို့ ကြိုးပမ်းနေကြတာဖြစ်ပြီးတော့ မြန်မာနိုင်ငံမှာတော့ အရမ်း လွှမ်းမိုးနိုင်မယ်လို့ ကျွန်တော် မထင်ဘူး။ ကသောင်းကနင်းဖြစ်ပြီး ခံစားရတာတွေပဲ ဖန်တီးပေးလိမ့်မယ်။ မြန်မာက အဆုံးစွန် ဖြစ်ရပ်ပါ။ ရုရှားက အတိတ်က ထောက်ပံ့မှုတွေရဲ့ သမိုင်းဝင်အမွေအနှစ်ကြောင့် ဗီယက်နမ် နဲ့ လာအိုမှာ လွှမ်းမိုးမှုတစ်ချို့ ရှိနေတုန်းပဲ ဖြစ်ပါတယ်။
တရုတ်နဲ့ နှိုင်းယှဉ်ကြည့်ပါ။ တရုတ်အစိုးရက မြန်မာ့အကျပ်အတည်းမှာ ပိုပြီး ကူညီရာရောက်တဲ့ အခန်းကဏ္ဍကနေ ပါဝင်နိုင်ပါတယ်။ ဘာကြောင့်လဲဆိုရင် မတည်ငြိမ်မှုက တရုတ်ရဲ့ အကျိုးစီးပွား မဟုတ်ဘူး။ အာဏာရယူနိုင်တဲ့ ဒီမိုကရေစီအစိုးရတစ်ခုခုက တရုတ်အစိုးရနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးကို လိုလားမှာပဲ။ ဒါပေမယ့် ပူတင်အာဏာရနေသမျှတော့ ရုရှားအတွက် မျှော်လင့်ချက် မရှိဘူး။
ကိုးကား - Al Jazeera
ပုံစာ - မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ဟောင်း Scot Marciel (Photo: Courtesy of Scot Marciel)
Related Articles
Top News
လွန်ခဲ့သော ၁၆ ရက် က
လွန်ခဲ့သော ၂၀ ရက် က
လွန်ခဲ့သော ၂၀ ရက် က