bap-logo
Article

စစ်ဘေးကို ရှောင်လို့မရတဲ့ ချင်းတောင်တန်းကြီး ခေါ်နူးစုမ်

sbL7CNehiIvq0MU5hTGTG-image

လွန်ခဲ့သော ၃ နှစ် က

ပလိုင်း၊ကျောပိုးအိတ်၊အထုပ်အပိုးမျိုးစုံလွယ်ပိုးထားကြတဲ့ လူတွေဟာအခြေချ နေထိုင်ခဲ့ရာ မြို့၊ ရွာရဲ့ အဝေး၊ ဝေးနိုင်သမျှ ဝေးရာကို တရွှေ့ရွှေ့ ရွှေ့ပြောင်းထွက်ခွာသွားနေကြပါတယ်။ သူတို့ဟာ စစ်ဘေးကနေ လွှတ်ရာ လွှတ်ကြောင်း နေရာတွေဆီ ရှောင်ပြေးပုန်းခိုဖို့ သွားနေကြတာဖြစ်တယ်။

 

ဒါပေမယ့် အဲဒီထဲမှာ မပါဝင်နိုင်သူ တစ်ဦးရှိနေပါတယ်။

 

သူ့နာမည်က ခေါနူးစုမ် (သို့မဟုတ်) ဝိတိုရိယ (သို့မဟုတ်) နတ်မတောင်ဖြစ်ပါတယ်။

 

ခုနောက်ပိုင်းမှာတော့ သူ့ကို နတ်မတောင်လို့လူသိများလာခဲ့တဲ့ ဒီတောင်တန်းကြီးကတော့ သူ့ကို ဘယ်လိုပဲ ခေါ်ခေါ်၊ သူ့ဆီဘယ်သူတွေပဲ လာလာ၊ ရောက်လာသူတိုင်းကို ခန့်ညားလှပစွာ ဆီးကြိုတတ်မြဲပါပဲ။

 

အမြင့်ပေ ၁၀၂၀၀ကျော်ရှိတဲ့ ခေါ်နူးစုမ်တောင်က ချင်းပြည်နယ်၊ မင်းတပ်ခရိုင် (မင်းတပ်၊ ကန်ပက်လက်၊ မတူပီ) မှာ ထင်ရှားစွာ တည်ရှိပါတယ်။ 

 

သဘာဝအလှတရားတွေဝေဝေဆာဆာ ပိုင်ဆိုင်ထားသလို တစ်ဖက်မှာလည်း ချင်းလူမျိုးတို့ရဲ့ ယဉ်ကျေးမှု အမွေအနှစ်ကိုလည်း ထိန်းသိမ်းထားတဲ့နေရာတစ်ခု၊ ဇီဝမျိုးစိတ်တွေနဲ့ ယဉ်ကျေးမှု အမွေအနှစ်တွေကို ထိန်းသိမ်းထားတဲ့နေရာလည်းဖြစ်ပါတယ်။

 

ခေါ်နူးစုမ်ဟာ ကမ္ဘာဦးသစ်တောကြီးတွေ၊ ကမ္ဘာ့ရှားပါးမျိုးစိတ်တွေကို ထိန်းသိမ်းထားတဲ့ ဥယျာဉ် ဖြစ်သလို ချင်းလူမျိုးတွေရဲ့ နောက်ဆုံးမျိုးဆက်လို့တောင်ပြောနိုင်တဲ့ ပရဲထိုး၊ ပမဲထိုး ချင်းအမျိုးသမီးတွေ နေထိုင်တဲ့ နေရာ ဒေသတွေ ရှိနေပါတယ်။

 

ဒါကြောင့် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းရဲ့ သဘာဝအခြေခံ ခရီးစဉ်တွေအတွက် အရေးပါတဲ့နေရာ တစ်ခု ဖြစ်သလို၊ နိုင်ငံအတွက် တစ်ဖက်တစ်လမ်းက ဝင်ငွေရှာပေးနေတဲ့ အထင်ကရနေရာ တစ်ခုလည်း ဖြစ်ပါတယ်။

 

ခေါ်နူးစုမ်ကို လက်ရှိမှာ အမျိုးသားဥယျာဉ်အဖြစ် သတ်မှတ်ထိန်းသိမ်းထားပြီး၊ ကမ္ဘာအမွေအနှစ်အဆင့် ရောက်အောင် အရည်အသွေးကောင်းမွန်ခဲ့တဲ့ နေရာတစ်ခုလည်းဖြစ်ပါတယ်။ ဒါပေမယ့် တောင်ပေါ်ထိ ကားလမ်းဖောက်ပြီး၊ ဘာသာရေး အဆောက်အအုံတွေ တိုးချဲ့လာမှုတွေကြောင့် ကမ္ဘာ့အမွေအနှစ်ဆင့်ကို မရောက်ခဲ့ဘဲ အခုအချိန်ထိ အာဆီယံအမွေအနှစ် အမျိုးသားဥယျာဉ်တစ်ခုအဖြစ် တည်ရှိနေပါတယ်။

 

အခုလို အဖက်ဖက်ကနေ ကောင်းကျိုးပြုနေတဲ့ ချင်းတောင်တန်းကြီး ခေါ်နူးစုမ်ကို ငှက်နဲ့တောရိုင်း တိရစ္ဆာန်တွေ ကသာ မှီခိုနေထိုင်ကြတာမဟုတ်ပါဘူး။ ခေါ်နူးစုမ်က ကန်ပလက်နဲ့ မင်းတပ်မြို့ကိုလည်း သူ့ရင်ခွင်ထဲထည့်၊ နွေးထွေးစွာပွေ့ဖက်ထားသလို  မြို့ခံလူတွေက သူ့တောတောင်ရဲ့ တောရိပ်တောင်ရိပ်ကို အမှီခိုပြု နေထိုင်ထား စေခဲ့တာပါ။ 

 

ခေါ်နူးစုမ်ထဲက မျက်နှာဆေးထိုးထားတဲ့ ပရဲထိုး၊ ပမဲထိုးချင်းအမျိုးသမီးတွေလိုပဲ ဒီတောင်ပေါ် တစ်ခုတည်း မှာသာ တွေ့ရတဲ့ မျက်ခုံးဖြူငှက်ပြာခြောက်ဆိုတဲ့ ဒေသရင်းငှက်မျိုးစိတ်တစ်ခုကလည်း ထင်ရှား လှပါသေးတယ်။

 

အမြဲစိမ်းတော၊ တောင်ပေါ်တော၊ ထင်းရှူးတော ဂေဟစနစ်ဖြစ်ပြီး၊ ပြောင်၊ တောဆိတ်၊ တောင်ဆိတ်၊ မျက်ခုံးဖြူ ငှက်ပြာခြောက်၊ တောဝက်၊ ကျားသစ်၊ အင်းကျားနဲ့ ငှက်အမျိုးမျိုးတို့အတွက်လည်း ခေါ်နူးစုမ်တောင်က မှီခိုကျက်စားရာဖြစ်ပါတယ်။

 

သဘာဝအမွေအနှစ်၊ယာဉ်ကျေးမှုအမွေအနှစ်တွေနဲ့ ပြည့်နှက်နေတဲ့ ခေါ်နူးစုမ်က ငှက်ကြည့်ချင်သူတွေ၊ ခြေလျင် တောင်တက်သမားတွေနဲ့ လာရောက်လည်ပတ်ချင်သူတွေကို အစဉ်ဖိတ်ခေါ်နေခဲ့တာ ဖြစ်ပါတယ်။ သူ့နယ် တဝိုက်ရဲ့ အသက်သွေးကြောအဖြစ် မှီခိုအားကိုးနေရတဲ့ ဒီတောင်က ဒေသခံ အားလုံးအတွက် ရေခံမြေခံကောင်း တစ်ခုလည်း ဖြစ်ခဲ့ပါတယ်။

 

 

ဒါပေမယ့် အခုတော့ ခေါ်နူးစုမ်ခမျာ သူကိုယ်တိုင်နဲ့ သူ့ကို မှီခိုနေကြတဲ့ လူနဲ့ကျေးငှက် တိရိစ္ဆာန်တွေ အပါအဝင် အားလုံးသော သဘာဝပတ်ဝန်းကျင် ဂေဟစနစ်တစ်ခုလုံးအတွက် ရတက်မအေး ဖြစ်နေရပါပြီ။

 

ပြီးခဲ့တဲ့ရက်တွေက ခေါ်နူးစုမ်တောင်တည်ရှိတဲ့ မင်းတပ်နဲ့ ကန်ပက်လက်မြို့အပါအဝင် ကျေးရွာတွေမှာ အာဏာ သိမ်းစစ်ကောင်စီနဲ့ ချင်းပြည်နယ်ကာကွယ်ရေးတပ်ဖွဲ့တို့ အပြင်းအထန်တိုက်ပွဲ ဖြစ်ပွားခဲ့ကြပါတယ်။ နှစ်ဖက်လုံး ကျဆုံးမှုတွေဖြစ်ခဲ့သလို စစ်ကောင်စီက မြို့ပေါ်၊ ကျေးလက်မကျန် ဒေသခံတွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေ ကို ဖျက်ဆီးခြိမ်းခြောက် ထိတ်လန့်စေခဲ့ပါတယ်။

 

လုံခြုံမှုမရှိတော့တဲ့ မြို့ရွာတွေမှာ နေထိုင်လို့မရတော့တာမို့ စွန့်ခွာဖို့ ဖြစ်လာခဲ့ကြတဲ့ ဒေသခံတွေဟာ စစ်ဘေး ကင်းလွတ်ရာနေရာဒေသတွေဆီကို တိမ်းရှောင်ကြရပါတယ်၊ ဒေသခံတွေအတွက် စစ်ဘေး ကင်းလွတ်ရာ နေရာတွေထဲမှာ မင်းတပ်နဲ့ကန်ပက်လက်ဒေသနဲ့ အနီးဆုံးဖြစ်တဲ့ ခေါ်နူးစုမ်တောင် ပတ်ဝန်းကျင်လည်း ပါဝင်ခဲ့ပါတယ်။

 

စစ်ဘေးရှောင်ဒေသခံတွေဟာ ခေါ်နူးစုမ်တောင်ဝန်းကျင်က ချောင်းနံဘေးတွေ၊ သစ်ပင်၊ သစ်တောအောက် တွေနဲ့ ကျောက်ဆောင်၊ ကျောက်ခေါင်းတွေအောက်မှာ စစ်ဘေးကိုရှောင်ရင်း ခိုလှုံကြ ရပါတယ်။

 

နဂိုရှိရင်းကတည်းက လာရောက်သူ ဘယ်သူ့ကိုမဆို ဧည့်ဝတ်ကျေခဲ့သူ ခေါ်နူးစုမ်တောင်ကြီးဟာ အခုတစ်ဖန် သူ့ဆီရောက်လာခဲ့တဲ့ စစ်ဘေးရှောင်ဒုက္ခသည်တွေကိုလည်း မျက်ကွယ်မပြု၊ မညီးမညူ၊ အပြုံးအပျက်ဘဲ ဆီးကြိုခိုလှုံခွင့်ပေးခဲ့ပါတယ်။

 

အခုဆိုရင် စစ်ဘေးရှောင်ဒုက္ခသည်တွေ နေထိုင်နိုင်ဖို့ သူ့သဘာဝကြီးထဲက သစ်ဝါးတွေထုတ်ပေးရင်း အရိပ်အာဝါသစခန်းနေရာတွေ ဖြစ်စေခဲ့ပါတယ်။ အဝေးကြီးကို ပြေးရှောင်တိမ်းဖို့ မဖြစ်နိုင်ကြတဲ့ ဒေသခံ တွေဟာ ခေါ်နူးစုမ် အနီးအနား တောင်ရိပ်တောင်ရိပ်မှာ ခိုလှုံနားကြရင်း နေရာအဆောက် အအုံလေး ဖြစ်လာဖို့ သစ်ဝါးတွေ ခုတ်ယူသုံးစွဲကြရပါတယ်။

 

ဒီလို ခုတ်ယူသုံးစွဲတာကို ခေါ်နူးစုမ်ကြီးက ခွင့်လွှတ်ပေမဲ့ ခုတ်ယူသုံးစွဲမှုနောက်ဆက်တွဲ အပင်မျိုးစိတ်တွေ ပျက်စီးထိခိုက်နစ်နာရတာတွေကတော့ ခေါ်နူးစုမ်အတွက် ပြန်အစားထိုးမရနိုင်တဲ့ ဆုံးရှုံးမှုတွေပါပဲ။

 

တကယ်တမ်းတော့ ချင်းလူမျိုးတွေဟာ မိရိုးဖလာ ရွှေ့ပြောင်းတောင်ယာကို အဓိကလုပ်ကိုင်ကြပေမယ့် သစ်တော ထိန်းသိမ်းရေး စီမံကိန်းတွေကြောင့် သစ်ပင်တွေမခုတ်ရဘဲ ဝိုင်းဝန်းထိန်းသိမ်းရေး လုပ်ငန်းတွေမှာ ပါဝင်ခဲ့ကြပါတယ်။ 

 

ဒါပေမဲ့ စစ်ဘေးရှောင်အချိန်အခါကာလမှာတော့ ထိန်းသိမ်းမှုအရာတွေထက် လုံခြုံမှုအရေးက ဦးစားပေး ပိုဖြစ်လာတဲ့အခါ သစ်ဝါးတွေခုတ်လဲအသုံးပြုရသလို တစ်ဖက်မှာလည်း စစ်ကောင်စီရဲ့ ဓာတု လက်နက်နဲ့ လက်နက်ကြီးမျိုးစုံကို အသုံးပြုလာတာကြောင့် သစ်တောသစ်ပင်တွေများစွာ ထိခိုက် ပြုန်းတီးလာနေခဲ့ပါတယ်။ 

 

အသုံးပြုတဲ့ လက်နက်တချို့ကြောင့် သဘာဝပတ်ဝန်းကျင်ရဲ့ အစိတ်အပိုင်းဖြစ်တဲ့ မြက်ပင် တစ်ပင် ပြန်ပေါက်ဖို့ တောင် ခက်ခဲတာတွေရှိပါတယ်။ ခေါ်နူးစုမ်အတွက်ကတော့ သူ့တောတောင်ထဲရှိနေတဲ့ အသက်မွေးဝမ်းကျောင်း ဆေးဖက်ဝင်အပင်တွေ၊ သစ်ခွ၊ တောင်ဇလပ်၊ ဇီဝမျိုးစံမျိုးကွဲသာမက ပရဲထိုး အမျိုးသမီးတွေပါ ထိခိုက်နေတဲ့ အနေအထားပါပဲ။

 

ဒီနေ့ ဇွန်လ ၅ ရက်ဟာ ကမ္ဘာလုံးဆိုင်ရာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ ဖြစ်ပါတယ်။ ဒီနှစ်ဆောင်ပုဒ်က “Reimagine, Recreate, Restore” ဖြစ်ပါတယ်။

 

NUGကတော့ဂေဟစနစ်ပြန်လည် ထူထောင်ဖို့ သစ်ပင် စိုက်ကြစို့၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ထူထောင်ဖို့ ပြည်သူတစ်ရပ်လုံးပါဝင်စို့ဆိုပြီး တိုက်တွန်းထားပါတယ်။ ဒီနေ့မှာ ကြိုက်နှစ်သက်ရာ သီးပင်စားပင်တွေ စိုက်ပြီး စစ်အာဏာရှင်ကို တွန်းလှန်ကြဖို့ ဆော်သြထားပါတယ်။

 

ဒါပေမယ့် ခေါ်နူးစုမ်ကတော့ အခုအချိန်မှာ သစ်ပင်လာစိုက်သူတွေထက် သူ့ကိုယ်ပေါ်ကို စစ်ကောင်စီက ပစ်ချတဲ့ လက်နက်ကြီးတွေနဲ့ ဗုံးဒဏ်တွေ မကျရောက်ဖို့ကို ဆုတောင်းနေမိသလို သူ့ဆီ လာရောက် ခိုလှုံမယ့် စစ်ဘေး ရှောင်တွေ ဘေးကင်းရေးကိုသာ မျှော်လင့်နေမှာဖြစ်ပါတယ်။

 

ခေါ်နူးစုမ်တောင်က လူသားတွေလို စစ်ဘေးလွှတ်ရာကို ရှောင်ပြေးလို့မရနိုင်သလို ပြန်လည်ခုခံလို့လည်း မရနိုင် ပါဘူး။ ဒါပေမယ့် ခေါ်နူးစုမ်သာ စကားပြောခဲ့မယ်ဆိုရင် သူကိုယ်တိုင် နွေဦးတော်လှန်ရေးမှာ ပါဝင်ခဲ့ရတာ ဂုဏ်ယူပြီး၊ စစ်ကောင်စီရဲ့ စစ်ဘေးဆိုးကျိုးကိုလည်း အလူးအလဲခံစားနေရကြောင်း ပြောလာမှာအသေချာပါပဲ။

 

တစ်ဖက်မှာလည်း ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုဖြစ်လာပြီး ဂေဟစနစ်တွေ ပြန်လည်ထူထောင် ကောင်းမွန်လာနိုင်ဖို့ ဆုတောင်းနေမှာအမှန်ပါပဲ။

   

Burma Associated Press

နတ်မတောင် (ခ) ခေါ်နူးစုမ်
ချင်း
အာဏာသိမ်း
ဒုက္ခသည်

Share With
bap-logo