bap-logo
Opinion

ဗိုလ်ချုပ်မှူးကြီးဥက္ကဌထံပေးစာ (၈၅)

TrIketxjhYBNsZ_xyfPaT-image

လွန်ခဲ့သော ၂ နှစ် က

ဗိုလ်ချုပ်မှူးကြီးဥက္ကဌခင်ဗျာ



ဒီတစ်ပတ် ဗိုလ်ချုပ်မှူးကြီးဥက္ကဌကို မြင်ရတာ မီးပုံထဲကျတဲ့ ပင့်ကူတစ်ကောင်ကို မြင်နေရသလိုပါပဲ။ တွန့်လိမ် ကောက်ကွေး လွန့်လွန့်လူးနေတော့သကိုး။



နိုင်ငံတော်ဟာ ပုံမှန်ဟုတ်မဟုတ် စစ်ဆေးနေမဲ့အစား ကိုယ့်ရဲ့ စိတ်ကျန်းမာရေးကရော ပုံမှန်ရှိရဲ့လားဆိုတာ မိသားစုပိုင် ဆေးရုံကြီးမှာ စစ်ဆေးကြည့်ပါဦး ခင်ဗျာ။ အာရောဂျံ မရမံ လာဘံ မဟုတ်လား။



ရှည်နေပြီးသား အာဏာရှင်သက်ဆိုးကို ထပ်ဆွဲဆန့်လိုက်တာကလည်း အခပေးရုပ်သံလိုင်းမှာ သက်တမ်း တိုးတာထက်တောင် လွယ်ကူမြန်ဆန်သေးပါရဲ့။



အတွင်း ၃၇ မင်း၊ အပြင် ၃၇ မင်းနတ်တွေ အဲလေ မြို့နယ်ပေါင်း ၃၇ ခုကို စစ်အုပ်ချုပ်ရေး ကြေညာလိုက်တယ်ဆိုတော့ အရပ်စကားပြောရရင်ဖြဲတော့မယ်’ ‘ကြဲတော့မယ်ဆိုတဲ့ အချက်ပြမှုလားဆိုပြီး မောင်စခမျာ ကြောက်ဒူးများတောင် တုန်မိပါသေး။ စတန်းဒက်အာမီဆိုတာ မဟုတ်တာဆို မလုပ်ရဲတာ မရှိဘူး မဟုတ်လား။

 


သေချာပြန်စူးစမ်းကြည့်တော့ စာရွက်ထဲပါတဲ့ မြို့နယ်တွေမှာ ဗိုလ်ချုပ်မှူးကြီး ဥက္ကဌလူတွေက စိပ်ပုတီး လက်ထဲ ကိုင်ပြီး ကတုတ်ကျင်းထဲကနေ ခေါင်းကို မပြူရဲတဲ့ နေရာတွေ ဖြစ်နေတာတွေ့ရတော့မှပဲ စိတ်အေးရပါတော့ တယ်။



စတန်းဒက်အာမီကြီးရဲ့ ကတုတ်ကျင်းဝိပဿနာအစွမ်း ကမ္ဘာကို လွှမ်းရမည်ပေါ့လေ။



တလောက ရန်ကုန်မြို့လယ်ကောင်မှာ ဓာတ်ပုံလေးတွေကိုင် အလံတွေ တစ်ထောင်ထောင်နဲ့ ဘယ်သူများလဲ ဆိုတာ ကြည့်မိတော့ ရှေ့ဆုံးမှာ စစ်ဝတ်စုံနဲ့ပုံထဲကလူကို ခပ်ဝေးဝေးက မြင်မိတာပဲ။



မင်္ဂလာဒုံက စစ်သချိုင်း ဘယ်တုန်းကများ မြို့လယ်ရွေ့လိုက်သလဲဆိုပြီး မျက်လုံးမျက်ဆံများတောင် ပြူးမိပါသေးတယ်။



ဒီလောက် လူနည်းပုံထောက်ရင်တော့ အတော်မျက်နှာမွဲတဲ့လူရဲ့ အသုဘပဲဆိုပြီး ပုံတွေ အတင်းလိုက်ကြည့်မှ အမြဲတစေ ထေ့ပြုံးပြုံးတတ်တဲ့ ဗိုလ်ချုပ်မှူးကြီးဥက္ကဌပုံကို ရင်ခွင်ပိုက်လျှက် သားလေး တွေ့မိတော့တာပါပဲ။ အသုဘ အစမ်းဇာတ်တိုက်တာ အခြားလွတ်ရာ ကျွတ်ရာ လုပ်လို့ရပါတယ်ခင်ဗျာ။ အခု မြို့လယ်ကောင်ဆိုတော့ ဖြတ်သွားဖြတ်လာတွေအတွက် လာဘ်တိတ်ကုန်မှာ စိုးရိမ်မိလို့ပါ။



ကျန်းမာရေးအထူးဂရုစိုက်ပါ ဗိုလ်ချုပ်မှူးကြီးဥက္ကဌခင်ဗျာ။ ကိုယ့်ဟာကို တိုးထားတဲ့ သက်တမ်းလေး မဆုံးခင် ထွက်သွားရင် တကယ့် အသုဘမှာ ဒီထက်လူနည်းနိုင်တာမို့ အကြံပြုတာပါ။



အာဆီယံမှာ အန်ကယ်ဆန်တို့ဆီက ဗိုလ်ချုပ်ကြီးနဲ့တွေ့ရင်လည်းဟောင်းအာယူ၊ အိုင်ဟုပ်ယူအာဝဲလ်ဆိုပြီး နုတ်ခွန်းဆက်လိုက်ပါဦးလို့ ပြောရင်း စာကို အဆုံးသတ်လိုက်ပါတယ်။



ပြည်သူထောင်စု သမ္မတနိုင်ငံထဲက ဂျန်နရေးရှင်းစက



Burma Associated Press

မြန်မာ
စစ်ကောင်စီ
မင်းအောင်လှိုင်
စစ်အုပ်ချုပ်ရေး
သရော်စာ

Share With
bap-logo