bap-logo
Opinion

ဗိုလ်ချုပ်မှူးကြီးဥက္ကဌထံပေးစာ (၈၆)

K78i2kOkWfkBjQ-Ng4B8a-image

လွန်ခဲ့သော ၂ နှစ် က

ဗိုလ်ချုပ်မှူးကြီးဥက္ကဌခင်ဗျာ

 

ပြည်သူတွေထောင်ထဲစုထားချိန်မှာ ပြုလုပ်တဲ့နေ့မို့လို့ ဒီနေ့ကို ပြည်သူထောင်စုနေ့လို့ပဲ ခေါ်ရင် ပိုမှန်ပါလိမ့်မယ်။

 

ပြည်သူထောင်စုမက ပြည်ထောင်စု ဘာနေ့ပဲဖြစ်ဖြစ် ဗိုလ်ချုပ်ကြီးကနေ ရပ်ကွက်ရုံးပြာတာအထိ မလာမနေရ ဆိုတော့ ပွဲလူဝင်အောင်လုပ်တတ်တဲ့နေရာမှာတော့ ဗိုလ်ချုပ်မှူးကြီးဥက္ကဌကို ပြည်တွင်းပြည်ပ ပွဲစီစဉ်သူတွေ အတုယူသင့်ပါတယ်။

 

ဒီနေ့မတိုင်မီ မောင်စကတစ်ယောက် ဟိုလုပ်ဒီလုပ်ရင်းနဲ့ တယ်လီဗွီးရှင်းရှေ့မှာ မျက်နှာချင်းဆိုင်မိခဲ့ပါတယ်။ ကိုယ်ကြိုက်တဲ့ သရုပ်ဆောင်မ ချောချောလေးတွေနဲ့ ရုပ်ဆိုးဆိုးဒါရိုက်တာတွေ သူပုန် ဖြစ်ကုန်ကထဲက တယ်လီ ဗွီးရှင်း နဲ့ မျက်နှာချင်းမဆိုင်ခဲ့တာ အတော်ကြာပါပြီ။

 

တယ်လီဗွီးရှင်းရှေ့ မျက်နှာချင်းဆိုင်လိုက်တယ်ဆိုရင်ပဲ နာရီအချိန် သတင်းမှာ ဗိုလ်ချုပ်မှူးကြီး ဥက္ကဌ မျက်နှာကို တန်းခနဲနေအောင်တွေ့မိတာပါပဲ။ နဂိုက ကျက်သရေနည်းတဲ့ မျက်နှာဟာ အတော်လေး ရင့်ရော် သွားပေတာပဲလို့ ထင်မှတ်ရပါတယ်။

 

တိုင်းပြည်မှာ တကယ်မဖြစ်တာတွေကို သိချင်စိတ်ကြောင့် မောင်စကလည်း သတင်းကို ဆက်ကြည့်နေမိ ပါတယ်။

 

အဲဒီမှာ စိတ်ဝင်စားစရာတစ်ခုက သတင်း အစီအစဉ်ရဲ့ အင်္ဂါစဉ်ပါပဲ။

 

ပထမဦးစွာ တိုက်ပုံဝတ်လိုက် ယူနီဖောင်းဝတ်လိုက်ဆိုတဲ့ ဗိုလ်ချုပ်မှူးကြီးက လာ၊ အဲဒီနောက်မှ နေပြည်တော်ကို ထိုင်တော်မူ ကိုယ်တော်ကြီးကလာတယ်ဆိုတော့ ဪနောင်ပွင့်မဲ့ ဂျူနီယာလောင်းလျာမို့ ဘုရားထက်ကြီးတဲ့ ဘုရားလူကြီးကို သတင်းမှာ အရင်ပြရတာပေပဲဆိုပြီး လက်အုပ်များတောင် ယောင်လို့ ချီမိတော့မတတ်ပါပဲ။

 

မရိုသေ့စကား ထိုင်တော်မူ ကိုယ်တော်ကြီးရဲ့ ဖင်အောက်ထဲထည့်တဲ့ ရတနာတွေကို လာပေးကြသူတွေဟာ လည်း ယူနီဖောင်းဝတ် ဗိုလ်မှူး ဗိုလ်ချုပ်တွေဟာ ခပ်များများဆိုတော့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် မာရဝိဇယ ကိုယ်တော်ကြီး ဖြစ်သွားပြီလားလို့တောင် ထင်မှတ်မိပါရဲ့။

 

အလုံးစုံ စွန့်လွတ်ထားပြီး နိဗ္ဗာန်ကို မျက်မှောက်ပြုသွားပြီဖြစ်တဲ့ ဂင်္ဂါဝါဠု သဲစုမကသော ဘုရားတွေဟာလည်း မြန်မာပြည်ရောက်မှ ဥစ္စာစောင့်တွေ ဖြစ်မှန်းမသိ ဖြစ်ရတာပါပဲ။

 

သူကြီးဘုရား ရွာသားကောင်းမှုဆိုသလို သတင်းကြေညာသူရဲ့ အပြောအရ ဦးဆောင်ဘုရားဒကာ ဗိုလ်ချုပ်မှူးကြီးဥက္ကဌရဲ့ကောင်းမှုဆိုတော့လည်း အခြားဆု ပြည့်ပြည့်မပြည့်ပြည့် ရာထူး ရာခံ တက်လမ်းကို တော့ ကိုယ်တော်ကြီးက ဆောင်မနိုင်ပါလိမ့်မယ် မဟုတ်လားခင်ဗျာ။

 

ဘုရားမမရင်လည်း အဲဒီလူတွေလုပ်တာနဲ့ တပ်ရှေ့မှာဆို နွားတောင်ဖြတ်လျှောက်ရဲမှာ မဟုတ်တော့ပါဘူး။ သူတို့ ရာထူးတက်ဖို့ စစ်သားတွေ စုနေရတော့သကိုး။

 

သတင်းအစီအစဉ်မှာ ဆိုးဂျားတွေ၊ ပဂိုးဒါးတွေလာပြီးရင်တော့ အဲလိဖန့်ကြောင်းပါပဲခင်ဗျာ။

 

မြန်မာပြည်မှာ မကြာမကြာပျော်နေတာဆိုလို့ နေပြည်တော်ကို မအူမလည်ရောက်လာတဲ့ ဆင်တစ်ကောင်ပဲ ရှိတာ မဟုတ်လားခင်ဗျာလို့ ပြောရင်း စာကို အဆုံးသတ်လိုက်ပါတယ်။

 

ပြည်သူထောင်စု သမ္မတနိုင်ငံထဲက ဂျန်နရေးရှင်းစက

 

Burma Associated Press

မြန်မာ
မင်းအောင်လှိုင်
စစ်ကောင်စီ
သရော်စာ

Share With
bap-logo