Politics
လွိုင်ကော်က စစ်ရှောင်လာတဲ့ စစ်ကောင်စီဝန်ထမ်းတွေ လစာရဖို့ မျှော်လင့်နေ
လွန်ခဲ့သော တစ်နှစ် က
ဒီဇင်ဘာ ၃၀။
ကရင်နီပြည်၊ လွိုင်ကော်ကနေစစ်ရှောင်လာတဲ့ စစ်ကောင်စီဝန်ထမ်းတွေ လစာရဖို့ မျှော်လင့်နေကြတယ်လို့ ဆီဆိုင်မြို့ကို စစ်ရှောင်လာကြသူဝန်ထမ်း အချို့ဆီက ပြောပါတယ်။
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ဝန်ထမ်းတွေ လစာမရတာ ၂ လရှိနေပြီလို့ လွိုင်ကော်မြို့ကနေ စစ်ဘေးရှောင်လာသူ ဝန်ထမ်းတဦးက ပြောပါတယ်။
" ရုံးဘက်ကတော့ စစ်ရှောင်ဝန်ထမ်းတွေ စာရင်းကောက်နေတယ်ပြောတယ်၊ စထွက်လာကတည်းဘာမှမပါဘဲ ဒီအတိုင်း ပြေးလာကြရတာ၊ အခြေအနေ မကောင်းလို့ပိတ်မိနေရင် စားဖို့ဆိုပြီးဆန်အိတ်တွေ၊ ဆီပုံးတွေ ဒီတိုင်း ထားခဲ့ရတာ၊ အခုတောင်ဘုန်းကြီးကျောင်းက အလကားကျွေးနေလို့မငတ်တာ လစာကရမယ်လို့တော့ ပြောတယ်" လို့ ဆီဆိုင်မြို့မှာစစ်ရှောင်လာတဲ့ စစ်ကောင်စီ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ဝန်ထမ်းတဦးက ပြောပါတယ်။
လက်ရှိ လစာမရတဲ့ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ဝန်ထမ်း ၂၃၀ ကျော် ရှိနေပြီး၊ ဒီစစ်ရှောင် ဝန်ထမ်းတွေဟာ ဆီဆိုင်မြို့၊ ညောင်ရွှေမြို့ နဲ့ တောင်ကြီးမြို့မှာ နေထိုင်နေကြတယ်လို့ သိရပါတယ်။
လွိုင်ကော်မြို့မှာ ရင်ဆိုင်တိုက်ပွဲပြင်းထန်လာလို့ Non-CDM ဝန်ထမ်းတွေဟာ နေ့စဥ်ဆီဆိုင်မြို့ကို လာရောက် နေကြရတယ်လို့ သိရပါတယ်။
"တိုက်ပွဲဖြစ်နေရင်ရပ်နေရတယ်၊ ပြီးရင်ဆက်သွားကြနဲ့ ကားဘီးတစ်လှိမ့်ချင်း လှိမ့်လာကြရတာ၊ လခလဲမရတာ ကြာတော့ စားစရာတွေ လဲမရှိတော့ဘူး၊ မြို့ထဲမှာဝန်ထမ်းပိုင်းက လူကြီးတွေပဲကျန်ခဲ့ကြတာ ဝန်ထမ်း လိုင်းခန်းတွေလဲ သော့တွေဖျက်ခံရပြီး ပစ္စည်းတွေအခိုးခံနေကြရတယ် ဘာမှမကျန်ဘူးလို့ ဆိုင်မြို့မှာ စစ်ရှောင်လာတဲ့ ကျောင်းဆရာမတဦးက ပြောပါတယ်။
ဆီဆိုင်မြို့ကိုစစ်ရှောင်လာကြတဲ့အထဲမှာ CDM ဝန်ထမ်းတွေလည်း ပါဝင်နေကာ ရရာအလုပ်လုပ်နေကြရပြီး ၊အချို့က CDM မှန်း မသိအောင် လျှို့ဝှက်နေကြရတယ်လို့ သိရပါတယ်။
လက်ရှိဆီဆိုင်မြို့မှာ စစ်ရှောင်သူဦးရေသောင်းဂဏန်းမကရှိနေပြီး ဘုန်းကြီး ကျောင်းတွေနဲ့ မြို့စွန်က မြေကွက် လပ် အလွတ်တွေမှာ တဲထိုးနေထိုင် နေကြရပြီး အခက်ခဲတွေရှိနေတယ်လို့ သိရပါတယ်။
ပုံစာ - လွိုင်ကော်မှ စစ်ရှောင်အချို့ ယာယီနေထိုင်ရာတစ်ခု
Top News
လွန်ခဲ့သော ၅ ရက် က
လွန်ခဲ့သော ၆ ရက် က
လွန်ခဲ့သော ၁၀ ရက် က