Politics
ဒီပဲယင်း အင်းတိုင်နှင့် ချောင်းနား ကျေးရွာအား စစ်ကောင်စီတပ် မီးရှို့၊ ဒေသခံအချို့အား ဖမ်းဆီးထား
လွန်ခဲ့သော ၃ နှစ် က
ဒီပဲယင်း၊ ဇန်နဝါရီ ၁၀
စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့ အင်းတိုင်နှင့် ချောင်းနား ကျေးရွာ ဒေသခံအချို့ကို စစ်ကောင်စီတပ်က ယမန်နေ့က စစ်ကြောင်းဝင်ရောက်ပြီးနောက် ဖမ်းဆီးသွားကြောင်း ဒီပဲယင်းမြို့နယ် ညီနောင်များအဖွဲ့မှ သိရသည်။
" မနေ့က ရွာကိုဝင်ပြီး မီးရှို့တယ်။ ဒေသခံအချို့ကို ဖမ်းသွားတယ်။ တချို့ ပျောက်ဆုံးနေတယ်လို့ ကနဦး သိရတယ်" ဟု ၎င်းအဖွဲ့က ဆိုသည်။
စစ်ကောင်စီတပ်သည် အဆိုပါ ကျေးရွာများသို့ ယမန်နေ့ မွန်းလွဲပိုင်းတွင် ဝင်ရောက်လာခဲ့ပြီးနောက် ကျေးရွာအတွင်းရှိ နေအိမ်များအား မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။
ယင်းသို့ မီးရှို့ဖျက်ဆီးစဉ် နှင့် စစ်ကြောင်းများ ဝင်ရောက်လာစဉ် မတိမ်းရှောင်နိုင်ဘဲ ကျန်ရှိနေသည့် သက်ကြီးရွယ်အိုနှင့် ကိုယ်ဝန်ဆောင်မိခင်တချို့ကို ဘေးလွတ်ရာသို့ ကယ်တင်ရာတွင် စစ်ကောင်စီ တပ်တချို့နှင့် ထိတွေ့မှုရှိခဲ့ကြောင်း ဒီပဲယင်းမြို့နယ် ညီနောင်များအဖွဲ့က ဆိုသည်။
ဒီပဲယင်းမြို့နယ်ရှိကျေးရွာများအား စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပြီးခဲ့သည့်ဒီဇင်ဘာလမှစ၍ စစ် ကြောင်းထိုး လျက်ရှိ ပြီး၊ ၂၀၂၂ ခုနှစ် ဒီဇင် ဘာလအတွင်း ကျေးရွာပေါင်း ၃၀ ကျော်ကိုမီးရှို့ ဖျက်ဆီး ခဲ့သည့်အတွက် အိမ် ခြေ ၃၀၀၀ ကျော် မီးလောင်ဆုံးရှုံးခဲ့သည်။
လက်ရှိ မြန်မာနိုင်ငံ၏ လက်နက်ကိုင်ပဋိပက္ခဖြစ်စဉ်များကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် ပြည်တွင်း စစ်ပြေးဒုက္ခသည် ၁,၉၁၂,၇၆၉ ဦးထက်မနည်းရှိလာခဲ့ပြီး၊ ထိတွေ့တိုက်ပွဲများပိုမြင့်တက် လာသည်နှင့်အမျှ ၂၀၂၂ ခုနှစ်အတွင်း ပြည်တွင်းစစ်ပြေးဒုက္ခသည် ၁,၃၅၅,၁၄၄ ဦးထက်မနည်း တိုးလာခဲ့ကြောင်းသိရသည်။
ပုံစာ။ စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးခဲ့သည့်နေအိမ်များ
ဓာတ်ပုံ။ ဒီပဲယင်းမြို့နယ် ညီနောင်များ အဖွဲ့