bap-logo
Politics

အမေရိကန်နှင့် ပြေလည်ချင်၍ တနှစ် ဒေါ်လာ ၃ သန်းပေးရသည့် လော်ဘီအဖွဲ့ကို မြန်မာစစ်အုပ်စုငှား

oQRdxXdG244FgbrF6CY6H-image

လွန်ခဲ့သော ၈ နာရီ က

BAP၊ ဩဂုတ် ၇။

အာဏာသိမ်းစစ်အုပ်စုသည် အ​မေရိကန်နှင့် ​ပြေလည်ချင်သည့်အတွက် ​တနှစ် ​ဒေါ်လာ ၃ သန်း​ပေးရသည့် ​လော်ဘီအဖွဲ့ကို ငှားရမ်းထားသည်၊

 

တရားမဝင်မြန်မာစစ်အုပ်စုသည် ၎င်းတို့၏ အတုအ ယောင်ရွေးကောက်ပွဲမတိုင်မီ နိုင်ငံရေးတရားဝင်မှု ရရှိရေး ကြိုးပမ်းသည့်အနေဖြင့် ၎င်းတို့ကျူးလွန်ခဲ့သည့် ရာဇဝတ်မှုကြီးများအား ဖုံးကွယ်ဖျောက်ဖျက်ရန်နှင့် ပုံရိပ်ကောင်းရရှိအောင် ခဝါချလျှော်ဖွပ်သန့်စင်ရန် အများပြည်သူ့ထံမှ ခိုးယူထားသော ဘဏ္ဍာငွေသန်းပေါင်းများစွာကို အသုံးပြု၍ အမေရိကန်ရီပက်ဘလစ်ကန်ပါတီနှင့် နီးစပ်သည့် လော်ဘီအဖွဲ့ DCI Group ကို ငှားရမ်းခဲ့ခြင်း ဖြစ်သည်ဟု Justice For Myanmar က ဆိုသည်။

 

"ရက်စက်ကြမ်းကြုတ်မှုကြီးများအား အပြစ်ပေးအရေးယူခံရမှု အလုံးစုံကင်းလွတ်စွာဖြင့် ကျူးလွန်လျက်ရှိသည့် စစ်အုပ်စုအတွက် အားပေးကူညီသူအဖြစ် ထမ်းဆောင်ဖို့ ရွေးချယ်လိုက်သည့် DCI Group ၏ ဆုံးဖြတ်ချက်ကို ကန့်ကွက်ရှုတ်ချသည်" ဟု JFM ကဆိုသည်။

 

DCI Group သည် စစ်အုပ်စု၏ ပြန်ကြားရေးဝန်ကြီးဌာနနှင့် ဇူလိုင်လ ၃၁ ရက်နေ့တွင် စတင်အသက်ဝင်မည့် စာချုပ်တစ်ရပ်အား လက်မှတ်ရေးထိုးခဲ့ပြီး၊ “ကုန်သွယ်ရေး၊ သဘာဝသယံဇာတနှင့် လူသားချင်းစာနာမှုအကူအညီ” ဆိုင်ရာများတွင် အမေရိကန်ပြည်ထောင်စုနှင့် ဆက်ဆံရေးများ “ပြန်လည်တည်ဆောက်ရေး” အတွက် ဆောင်ရွက်ရန် တစ်နှစ်စာအတွက် အမေရိကန်ဒေါ်လာ ၃ သန်း စုစုပေါင်းပေးချေရမည် ဖြစ်သည်။

 

အဆိုပါစာချုပ်ကို DCI Group ၏ စီမံခန့်ခွဲမှုမိတ်ဖက် Justin Peterson နှင့် စစ်အုပ်စု၏ အမြဲတမ်းအတွင်းဝန် ဝင်းကျော်အောင် ကိုယ်စားပြုသည့် ပြန်ကြားရေးဝန်ကြီးဌာနတို့အကြား လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။

 

နိုင်ငံခြားကိုယ်စားလှယ်မှတ်ပုံတင်ရေးဥပဒေစာရွက်စာတမ်းများတွင် DCI Group နှင့် အဓိကထိတွေ့ဆက်ဆံမည့်သူအနေဖြင့် စစ်အုပ်စုပြန်ကြားရေးဝန်ကြီးဌာန၏ ဒုတိယအမြဲတမ်းအတွင်းဝန် မြင့်ကျော်ကို စာရင်းသွင်းထားသည်။ မြင့်ကျော်သည့် စစ်အုပ်စု၏ ဝါဒဖြန့်ချိရေး “ပြန်ကြားရေးအဖွဲ့” တွင်လည်း အတွင်းရေးမှူး ဖြစ်သည်ဟု JFM က ဆိုသည်။

 

စစ်အုပ်စုက ငှားရမ်းခဲ့သည့် အ​မေရိကန်​​လော်ဘီအဖွဲ့ DCI Group သည် ရီပတ်ပလစ်ကန်ပါတီနှင့် နီးစပ်သည့် အဖွဲ့ ဖြစ်သည်။

 

DCI Group သည် ၂၀၀၂ ခုနှစ်ကလည်း ယခင်မြန်မာစစ်အုပ်စုနှင့် စာချုပ်တစ်ရပ် ရှိခဲ့ပြီး၊ စစ်အုပ်စု၏ ပုံရိပ်ကို ခဝါချသန့်စင်ရေးနှင့် “နိုင်ငံရေးရင်ကြားစေ့ရေးအတွက် တွေ့ဆုံဆွေးနွေးရေး” လမ်းကြောင်းကို တွန်းတင်ရေးတို့အတွက် အမေရိကန်အစိုးရအား လော်ဘီလုပ်ပေးခဲ့သည်ဟု JFM က ​ဖော်ထုတ်ထားသည်။

 

DCI Group သို့ ပထမအရစ်ငွေပေးချေမှုအဖြစ် အမေရိကန်ဒေါ်လာ ၁.၅ သန်းကို စစ်အုပ်စု၏ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအား ဖျက်သိမ်းပြီး​နောက် ‘နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်’ဖြင့် အစားထိုးဖွဲ့စည်းခဲ့သည့် ဇူလိုင်လ ၃၁ ရက်နေ့တွင် ပေးချေခဲ့ခြင်း ဖြစ်သည်။

 

ဓါတ်ပုံ - JFM

Burma Associated Press

 

 

အာဏာသိမ်းစစ်တပ်
အမေရိကား
DCI Group

Share With
bap-logo