Politics
စစ်ကောင်စီပိုင်မြေများရောင်းချမှု ပရောဂျက်များထပ်မံစတင်
လွန်ခဲ့သော ၃ နှစ် က
ရန်ကုန်၊ ဇန်နဝါရီ ၁၆။
မတရားသိမ်းယူထားသည့် စစ်ကောင်စီပိုင်မြေများကို နွေဦးတော်လှန်ရေးရန်ပုံငွေအတွက် ရောင်းချမှု ပရောဂျက်များဖြစ်သည့် ရဲရင့်နွေဦး (ကမ္ဘာအေး)နှင့် နွေဦးစံရိပ်မွန်အိမ်ယာ (၁၊၂၊၃) များကို ထပ်မံ ရောင်းချနေပြီဖြစ်ကြောင်း End of Dictatorship မှသိရသည်။
Spring Valour Condominium Apartments (ရဲရင့်နွေဦး) ကွန်ဒိုတိုက်ခန်းများသည် ကမ္ဘာအေး ဘုရားလမ်းမ ပေါ်တွင်တည်ရှိပြီး၊ ၁၀၆ စစ်ကောင်စီတပ်ပိုင်မြေနေရာတွင် Condominium တိုက်ခန်းများ ဆောက်လုပ်ပြီး ရောင်းချပေးသွားမည်ဖြစ်သည်။
နွေဦးစံရိပ်မွန်အိမ်ယာ (၁၊၂၊၃) အဖြစ် လှိုင်သာယာမြို့နယ်၊ ဘုရင့်နောင်တံတားအဆင်းဘယ်ဘက်ရှိ စစ်ကောင်စီ တပ်ပိုင်မြေ ဧက ၂၀၀ ကျော်၊ တောင်ဒဂုံ Spring Victory စီမံကိန်းနေရာမှလျာထား မြေနှင့် မင်္ဂလာဒုံလေဆိပ် လမ်းဆုံ အကျော်သီရိမင်္ဂလာလမ်းအတွင်းစစ်ကောင်စီတပ်ပိုင်မြေ ဧက ၈၀ ကျော် အစရှိသည့်နေရာများ ဖြစ်ကာ ယင်းနေရာ ၃ နေရာတွင် စုစုပေါင်းတန်ဖိုးမျှတအိမ်ခန်း ၂၅၀၀ ခန့် ဆောက်လုပ်ရောင်းချ ပေးသွားမှာ ဖြစ်ကြောင်း ယင်းအဖွဲ့အစည်းထံမှသိရသည်။
" ရဲရင့်နွေဦး (ကမ္ဘာအေး) မြေနေရာအနေဖြင့် အချက်အခြာကျသည့်မြေနေရာဖြစ်ပြီး၊ တော်လှန်ရေး ကာလ အလွန်တွင် စီးပွါးရေးအဆင့်မြင့်အဆောက်အဦးများ၊ Hotels၊ Business Centres စသည် များကို ဆက်စပ် ဖေါ်ဆောင်သွားရန် ရည်ရွယ်ထားပါတယ်" ဟုEnd of Dictatorship မှဆိုသည်။
အဆိုပါပရောဂျက် ၂ ခုလုံးရှိအခန်းများကို Studio ၊ အိပ်ခန်း ၁ခန်း၊ ၂ခန်း၊ ၃ ခန်းပါများဖြင့် ဖွဲ့စည်း ရောင်းချပေး သွားမည်ဖြစ်ကာ၊ ရဲရင့်နွေဦး (ကမ္ဘာအေး) အတွက် ပထမအကြိမ်ငွေပေးချေမှု ၄၀ ရာခိုင်နှုန်းကို ၃ လ အတွင်း ၃ ကြိမ် ခွဲသွင်းနိုင်ကာ ဝယ်ယူသူမှကွန်ဒိုဂရမ်မြေအားပူးတွဲ ပိုင်ဆိုင်နိုင်မည် ဖြစ်ကြောင်းသိရသည်။
နွေဦးစံရိပ်မွန်အိမ်ယာ (၁၊၂၊၃) အနေဖြင့်ပထမအကြိမ်ငွေပေးချေမှု ၃၀ ရာခိုင်နှုန်းကို ၁၂ လအတွင်း ၁၂ ကြိမ် ပေးသွင်းနိုင်ကာ၊ ယင်းအိမ်ရာများမှာ အငှားမြေပေါ်တွင်ဆောက်လုပ်ခြင်းဖြစ်သည့်အတွက် မြေပိုင်ရှင် အစိုးရ ဖြစ်ကြောင်းလည်း EOD ကထုတ်ပြန်ပြောဆိုထားသည်။
အဆိုပါ End of Dictatorship ၏ ပရောဂျက်များမှာ ၂၀၂၂ နှစ်ဆန်းပိုင်းတွင်နွေဦးတော်လှန်ရေး ရန်ပုံငွေ ကို အထိရောက်ဆုံးထောက်ပို့နိုင်ရန် ဆွေးနွေးရာမှ စတင်လုပ်ဆောင်ခဲ့ပြီး၊ ပရောဂျက်တိုင်းမှာ ရာခိုင်နှုန်း အများအပြား အောင်မြင်ခဲ့ကြောင်းသိရသည်။
Burma Associated Press