Politics
စစ်ကောင်စီအနေဖြင့် ဒေသတွင်းတည်ငြိမ်မှု နှင့် လုံခြုံရေးအပေါ်တွင် ခြိမ်းခြောက်နေဟု ဦးကျော်မိုးထွန်းပြော
လွန်ခဲ့သော ၃ နှစ် က
ဘီအေပီ၊ ဇန်နဝါရီလ ၁၄
စစ်ကောင်စီအနေဖြင့် ဒေသတွင်းတည်ငြိမ်မှုနှင့်လုံခြုံရေးအပေါ်တွင် ခြိမ်းခြောက်နေသည်မှာ ထင်ရှားကြောင်း သံအမတ်ကြီးဦးကျော်မိုးထွန်းက ပြောသည်။
ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် ပြုလုပ်သည့် ‘နိုင်ငံများအကြားတရားဥပဒေစိုးမိုးမှုရှိစေရေး' ခေါင်းစဉ်ဖြင့် ဝန်ကြီးအဆင့် ဆွေးနွေးမှုအစည်းအဝေးတွင် ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီးက ပြောခဲ့ခြင်းဖြစ်သည်။
စစ်တပ်ကတရားမဝင် စစ်အာဏာသိမ်းခဲ့သည့်အချိန်မှစကာ တရားဥပဒေစိုးမိုးမှုကိုဖျက်ဆီးခဲ့ပြီး ပြည်တွင်းနှင့် ဒေသတွင်း ကြီးလေးသောနောက်ဆက်တွဲဖြစ်စဉ်များကို ဖြစ်ပေါ်စေခဲ့ကြောင်း၊ ယင်းဖြစ်စဉ်နှင့်ပတ်သက်ကာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က ၎င်း၏ မိန့်ခွန်းတွင်မြန်မာနိုင်ငံ၌ စစ်အာဏာသိမ်းပြီးနောက်တရားဥပဒေစိုးမိုးမှု ပျက်သုဉ်းသွားသည်ဟု မှန်ကန်စွာထောက်ပြ သွားခဲ့ကြောင်းသိရသည်။
မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောစုံစမ်းစစ်ဆေးရေးယန္တရား (IIMM) အနေဖြင့် ၎င်းစုစည်းထား သည့် သက်သေအထောက်အထားများအား လေ့လာထားရှိမှုကိုအခြေခံကာ စစ်တပ်က အကြမ်း ဖက်မှုများကို စနစ်တကျနှင့် ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်နေခြင်းဖြစ်သည်ဟု ထုတ်ဖော်ထားပြီး၊ ယင်းပြစ်မှုများသည် လူသားမျိုးနွယ်စု အပေါ်ကျူးလွန်သည့် ရာဇဝတ်မြောက်သည့်အမှုများ ဖြစ်ကြောင်း ဦးကျော်မိုးထွန်းကပြောသည်။
"စစ်တပ်အနေနဲ့ ပြည်တွင်းတည်ငြိမ်မှုကို အာမခံဆောင်ကျဉ်းပေးနိုင်ခြင်းမရှိဘဲ ဒေသတွင်း တည်ငြိမ်မှုနှင့် လုံခြုံရေးအပေါ်တွင် ခြိမ်းခြောက်လျက်ရှိသည်မှာ လွန်စွာထင်ရှားကြောင်း၊ စစ်တပ်သည် နယ်စပ်ဖြတ်ကျော် မှုခင်းများအတွက် လုံခြုံသည့်ရပ်ဝန်းတစ်ခုကိုဖန်တီး ပေးလျက်ရှိတယ်" ဟု ၎င်းက ဆိုသည်။
လက်ရှိတွင်စစ်တပ်အနေဖြင့် သောင်းရင်းမြစ်တလျှောက်ပြစ်မှုဇုန် (၁၅) ခုကိုဖန်တီးပေးထားကာ၊ ယင်းဒေသတွင် နိုင်ငံအနည်းဆုံး (၃၀) ကျော်မှ အပြစ်မဲ့ပြည်သူများ လိမ်လည်လှည့်ဖြားခြင်းခံရပြီး လူကုန်ကူးမှုများ အဓိက ဖြစ်ပေါ်နေကြောင်း၊ ယင်းမှာ အိမ်နီးချင်းနိုင်ငံများနှင့် ကမ္ဘာ့နိုင်ငံများ၏ လုံခြုံရေးအတွက် စိုးရိမ်ရသည့် ကြီးမားသော ခြိမ်းခြောက်မှုဖြစ်နေသည်ဟု ဦးကျော်မိုးထွန်းက ထည့်သွင်းပြောကြားခဲ့သည်။
ထို့ကြောင့် လုံခြုံရေးကောင်စီအနေဖြင့် ကြီးလေးသောနိုင်ငံတကာရာဇဝတ်မှုများအတွက် တာဝန်ခံ မှုရှိစေရန် ယခင်က ကိုင်တွယ်ဖြေရှင်းပေးနိုင်ခဲ့သဖြင့် မြေပြင်အခြေအနေအတွက်လည်း အပြုသဘောဆောင်သည့် ရေရှည် အကျိုးရလဒ်များ ဖြစ်ပေါ်စေခဲ့ကြောင်း၊ သို့ဖြစ်ရာ မြန်မာနိုင်ငံ အရေးကိစ္စနှင့် ပတ်သက်၍လည်း အလားတူ ဆောင်ရွက်နိုင်ရန်လုံခြုံရေး ကောင်စီတွင်လိုအပ်သည့် လုပ်ငန်းစဉ်များရှိနေပြီဖြစ်ကြောင်းသိရသည်။
ထို့အပြင် စစ်တပ်မှရက်စက်ကြမ်းကြုတ်သည့် အကြမ်းဖက်မှုများထပ်မံကျူးလွန်ခြင်း အားကြိုတင် ကာကွယ် နိုင်ရေးနှင့် စစ်တပ်မှအကျိုးခံစားနေသည့် ပြစ်ဒဏ်ခတ်ခြင်းမခံရသည့်ကျင့်စဉ်ကိုဖြေရှင်း ပေးနိုင်ရေး တို့ကို ထိရောက်သည့် အရေး ယူဆောင်ရွက်မှုများပြုလုပ်ရန်လည်း ဦးကျော်မိုးထွန်းက လုံခြုံရေးကောင်စီနှင့် အဖွဲ့ဝင် နိုင်ငံများအားတောင်းဆိုခဲ့သည်။
Photo Credit- Permanent Mission of Myanmar to the United Nations
Burma Associated Press