bap-logo
Local News

ULA/AA ကို တရားမဝင်အဖွဲ့အစည်းဟု ဆက်ပြောနေပါက တိုက်ပွဲလမ်းကြောင်းပေါ် ရောက်သွားမည်

mYM_I7cNeUUVuYFDfLgPQ-image

လွန်ခဲ့သော ၂ နှစ် က

ရခိုင်၊ ဖေဖော်ဝါရီ ၂၇

 

စစ်ကောင်စီသည် ULA/AA က တရားမဝင်အဖွဲ့အစည်းဖြစ်ကြောင်း ဆက်လက်ပြောကြားနေပါက တိုက်ပွဲ လမ်းကြောင်းပေါ် ပြန်ရောက်သွားနိုင်သည်ဟု ယနေ့ကျင်းပသည့် အာရက္ခပြည်သူ့အစိုးရ သတ္တမအကြိမ် သတင်းစာရှင်းလင်းပွဲတွင် ULA/AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက သတိပေး လိုက်သည်။

 

ရခိုင်ပြည်နယ်အတွင်း ရက္ခိုင်တပ်တော်နှင့် AA/ULA အဖွဲ့က တရားမဝင်အဖွဲ့အစည်းဖြစ်ကြောင်း စစ်ကောင်စီ က ကျေးရွာများအတွင်းစည်းရုံးရေးဆင်းပြောကြားလျက်ရှိကြောင်း ၎င်းက ဆိုသည်။

 

မြန်မာစစ်တပ်က တစ်ရွာဝင်တစ်ရွာထွက် ULA/ AA နဲ့မပတ်သက်ဖို့။ အဆက်အသွယ်မလုပ်ဖို့၊ ကူညီ ထောက်ပံ့မှုမပေးဖို့ တရားမဝင်အဖွဲ့အစည်းဆိုပြီး လိုက်ပြောနေတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး အထူးသတိထား စောင့်ကြည့်နေတယ်။ မြန်မာစစ်တပ်က ဒီလိုအပြုအမှုတွေကို ဆိုးဆိုးဝါးဝါး ဆက်လုပ်ရင် တိုက်ပွဲလမ်းကြောင်း ကို အချိန်မရွေးပြန်ရောက်သွားနိုင်တယ်” ဟု ULA/AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ဆိုသည်။

 

ယခုနှစ်ပိုင်အတွင်းစစ်ကောင်စီသည် တောင်ကုတ်၊ သံတွဲ၊ မောင်တောမြို့နယ်အတွင်းရှိ ကျေးရွာများတွင် တစ်ရွာဝင် တစ်ရွာထွက် ULA /AA နှင့် မပတ်သက်ရန်၊ အဆက် အသွယ်မလုပ်ရန်အပါအဝင် ကူညီ ထောက်ပံ့မှုများ မပေးရန်နှင့် ULA /AA သည် တရားမဝင်အဖွဲ့အစည်း ဖြစ်ကြောင်း ပြောဆိုမှုများ ရှိနေခြင်း ဖြစ်သည်။

 

လက်ရှိရခိုင်ပြည်တွင် သေနတ်သံများတိတ်နေသော်လည်း အာမခံချက်အပြည့်အဝမရှိသေးကြောင်း၊ မြန်မာ စစ်တပ် ၏ နည်းဗျူဟာအရ တစ်ဖက်တွင်အပစ်ရပ်ထားပြီး အခြားတစ်ဘက်တွင် စိတ်ဓာတ်၊လူ၊ လက်နက်၊ ရိက္ခာ အင်အားဖြည့်တင်းမှုများနေ့စဉ်ပြုလုပ်နေကြောင်း ULA/AA ပြောရေး ဆိုခွင့်ရှိသူ ဦးခိုင်သုခက ဆိုသည်။

 

ရွေးကောက်ပွဲကနေ ရခိုင်ပြည်သူများ၏ အခြေခံပြဿနာကိုဖြေရှင်းနိုင်မည်မထင်၍ ULA/AA က လက်နက် ကိုင် တော်လှန်နေခြင်းဖြစ်ပြီး ရခိုင်ပြည်နယ်အတွင်းရှိ နိုင်ငံရေးပါတီများအနေဖြင့် စစ်ကောင်စီကျင်းပမည့် ရွေးကောက်ပွဲ ဝင်ပြိုင်ခြင်း၊ မပြိုင်ခြင်းက ပါတီသဘောထားဖြစ်ကြောင်း ၎င်းက ပြောသည်။

 

 

Burma Associated Press

 

ရခိုင်
စစ်ကောင်စီ
ရက္ခိုင့်တပ်တော်
ရွေးကောက်ပွဲ
အပစ်ရပ်

Share With
bap-logo