Politics
ပအိုဝ်းဒေသ ဆီဆိုင်မြို့ကို ဝင်တိုက်မယ်ဆိုတဲ့ သတင်းကြောင့် ကျောင်းသား တွေ အိမ်ပြန်လွှတ်
လွန်ခဲ့သော တစ်နှစ် က
နိုဝင်ဘာ ၂၀။
ရှမ်းပြည်နယ်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့က အခြေခံပညာကျောင်းတွေမှာ ကျောင်းသား၊ကျောင်းသူတွေကို ဒီနေ့ နိုဝင်ဘာလ ၂၀ ရက် နေ့လယ်မှာ နေအိမ် ပြန်လွှတ်ပေးနေကြတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
"၁၁ ခွဲတော့အကုန်ပြန်ရပြီ၊ ဆရာမတွေပေးပြန်တာ၊ ပုံမှန်ဆိုရင်ညနေ ၃ နာရီ ကျော်မှ ဆင်းပေးတာ၊ ကျောင်းမပို့တဲ့ မိဘတွေအများကြီး၊ မနက်ကတည်းက ကလေးတွေစာမသင်ကြရဘူး၊ ပြန်လာကြပြီ တခုခုဆို ဘာမှ မလုပ်တတ်တော့ဘူး" လို့ ဆီဆိုင်မြို့မှာနေထိုင်တဲ့ ကျောင်းသားမိခင်တစ်ဦးက ပြောပါတယ်။
ဒီလ ၂၀ ရက် ကစပြီး ၃ ရက်အတွင်း ဆီဆိုင်မြို့က စစ်တပ်တပ်စွဲထားတဲ့ နေရာတွေမှာ တိုက်ခိုက်မူတွေ ပြုလုပ်တော့မယ်ဆိုတဲ့သတင်းတွေကြောင့် ဆီဆိုင်မြို့ခံတွေ စိုးရိမ်နေကြတယ်လို့ ပြောပါတယ်။
ဆီဆိုင်မြို့ကစျေးတွေ ဖွင့်ထားပေမယ့် ဆိုင်အချို့ပိတ်ထားပြီး လာဝယ်သူတွေ နည်းနေတယ်လို့ သိရပါတယ်။
"ကျောင်းမပို့ရဲဘူး တခုခုဆိုကလေးတွေပိတ်မိနေမှာစိုးလို့ အိမ်မှာပဲ ခေါ်ထားကြတယ်၊ အရင်ရက်က စစ်ရဟတ်ယာဥ်တွေလည်း ဝဲနေတော့ တိုက်ပွဲဖြစ်တော့မှာလားဆိုပြီး လန့်နေကြတာပေါ့"လို့ ဆီဆိုင်မြို့ခံ တစ်ဦးက ပြောပါတယ်။
ဆီဆိုင်မြို့နဲ့ တစ်နာရီခွဲခန့်ကားမောင်းရတဲ့ ကရင်နီ (ကယား) ပြည်နယ်၊ လွိုင်ကော်မှာ တိုက်ပွဲတွေ ပြင်းထန်နေပြီး၊ စစ်ရှောင်အများစုက ဆီဆိုင်မြို့ အပြင် အခြားမြို့နယ်တွေကို စစ်ရှောင်ဖို့ ဆီဆိုင်မြို့ကနေ ဖြတ်သန်းသွားကြရပါတယ်။
ပုံစာ - ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့မဈေး (ပုံဟောင်း)
Top News
လွန်ခဲ့သော ၄ ရက် က