bap-logo
Data

စစ်ကောင်စီလက်ထက် ကန်ဒေါ်လာ သန်း ၉၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးများ ဖမ်းမိခဲ့

gbUJ61biI95V7eoA-n6FM-image

လွန်ခဲ့သော ၂ နှစ် က

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၇။

 

စစ်တပ်အာဏာသိမ်းထားသည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ ယခုနှစ် ဇန်နဝါရီလကုန်အထိ အမေရိကန် ဒေါ်လာ သန်း ၉၀၀ ကျော်(၉၆၆.၅၂၅) သန်း တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းမိခဲ့သည်ဟု စစ်ကောင်စီ လက်အောက်ခံ သတင်းစာများတွင်ဖော်ပြသည်။

 

စစ်အာဏာသိမ်းခဲ့သည့် ၂၀၂၁ ဖေဖော်ဝါရီလမှ ၂၀၂၂ နှစ် ဇန်နဝါရီလအထိတွင် ကန်ဒေါ်လာ ၄၆၉.၇၄၈ သန်း တန်ဖိုးရှိ မူးယစ်ဆေးဝါးများဖမ်းဆီးရမိခဲ့ပြီး ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီမှ ဇန်နဝါရီလကုန်အထိ ကန်ဒေါ်လာ ၄၉၆.၇၇၇ သန်း ဖမ်းဆီးရမိသည့်အတွက် ပြီးခဲ့သည့်နှစ်တွင် ကန်ဒေါ်လာ ၂၇ သန်းကျော် တန်ဖိုးနှင့် ညီမျှသည့် မူးယစ်ဆေးဝါးများ ပိုမိုဖမ်းဆီးရမိသည်ဟုဆိုသည်။

 

မူးယစ်ဆေးဝါးဖမ်းဆီးရရှိမှုကို တွက်ချက်ရာတွင် အမေရိကန် တစ်ဒေါ်လာလျှင် ၂၁၀၀ ကျပ်နှုန်းဖြင့် တွက်ချက် ထားသည်ဟုဆိုသည်။

 

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ခြောက်နှစ်ကြာ ဘိန်းစိုက်ပျိုးဧရိယာကျဆင်းမှု ရပ်တန့်ခဲ့ပြီး ၂၀၂၂ ခုနှစ် အတွင်း ဘိန်းစိုက်ပျိုးမှု ၃၃ ရာခိုင်နှုန်း ခုန်တက်သွားသည်ဟု ကုလသမဂ္ဂ အစီရင်ခံစာတစ်စောင်က မကြာသေးမီကဖော်ပြထားသည်။


 
လွန်ခဲ့သည့် ၂ နှစ်ခန့်က စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဘိန်းစိုက်ပျိုးမှု ကြီးထွားလာခြင်းသည် နိုင်ငံရေး၊ စီးပွားရေးမတည်ငြိမ်မှုများနှင့် တိုက်ရိုက်ဆက်စပ်မှုရှိသည်ဟု ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇ၀တ်မှုဆိုင်ရာ ရုံး (UNODC) မှ တာဝန်ရှိသူတစ်ဦးက ပြောခဲ့သည်။


 
"၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ စစ်အာဏာသိမ်းပြီးနောက်ပိုင်း စီးပွားရေး၊ လုံခြုံရေးနဲ့ အုပ်ချုပ်ရေး ကမောက်ကမ ဖြစ်စဉ်တွေကြောင့် အခြေအနေ ပိုဆိုးရွားသွားတာပါ။ ဝေးလန်ခေါင်သီတဲ့ဒေသက လယ်သမားတွေ၊ အထူး သဖြင့် ပဋိပက္ခဒဏ်ကို မကြာခဏခံစားရလေ့ရှိတဲ့ဒေသက တောင်သူတွေ အနေနဲ့ ဘိန်းပြန်စိုက်ဖို့ကလွဲရင် တခြားရွေးချယ်စရာ မရှိသလောက်ပါပဲ" ဟု UNODC ၏ ဒေသဆိုင်ရာ ကိုယ်စားလှယ် Jeremy Douglas က ဆိုသည်ဟု ရိုက်တာသတင်းတစ်ခုတွင် ဖော်ပြထားသည်။

  
၂၀၂၂ ခုနှစ်တွင် မြန်မာနိုင်ငံ ဘိန်းစိုက်ပျိုးမှု ၃၃ ရာခိုင်နှုန်းတိုးလာပြီး ဘိန်းအထွက်နှုန်း ၈၈ ရာခိုင်နှုန်းအထိ ရှိလာနိုင်သည်ဟု UNODC မှ အာဏာသိမ်းပြီး ဘိန်းစိုက်ရာသီအစတွင် ကောက်ယူခဲ့သည့် အချက်အလက်များ အရ သိရသည်။

  
ကိန်းဂဏန်းအားဖြင့် အဆိုပါအရေအတွက်သည် ယမန်နှစ်ဘိန်းစိုက်ပျိုးဧရိယာ ဟက်တာ ၄၀၀၀၀ (၉၉၀၀၀ ဧက) ထက် အနည်းငယ်ပိုတိုးလာပြီး ဘိန်းထွက်နှုန်းမှာ မက်ထရစ်တန်ချိန် ၇၉၀ နှင့် ညီမျှသည်။

 

တရုတ်၊ ထိုင်း၊ လာအိုနိုင်ငံတို့နှင့် နယ်ချင်းစပ်တည်ရှိသည့် ရှမ်းပြည်နယ်အရှေ့ပိုင်းပိုင်းတွင် ဘိန်းစိုပျိုးမှု ၃၉ ရာခိုင်နှုန်း (အမြင့်မားဆုံး) ဖြစ်ကြောင်း သိရသည်။


 
ကုလ၏၂၀၂၁ အစီရင်ခံစာတွင် ဂြိုလ်တုဒေတာကို အဓိကအသုံးပြု၍ စိုက်ပျိုးဧရိယာသတ်မှတ်ခဲ့သည်။


 
မြန်မာနိုင်ငံ၏ နှစ်စဉ်ဘိန်းထုတ်လုပ်မှုတန်ဖိုးသည် အမေရိကန်ဒေါ်လာ ၂ ဘီလီယံအထိ ရှိလာနိုင်ပြီး မူးယစ် ဆေးဝါးအများစုသည် အိမ်နီးချင်းနိုင်ငံများနှင့် ကမ္ဘာ့ဈေးကွက်သို့ မှောင်ခိုတင်ပို့နေကြောင်း အစီရင်ခံစာက ဆက်လက်ဖော်ပြသည်။

 

ပုံစာ - အာဏာသိမ်းပြီးနောက် ရန်ကုန်တွင် ပြူလုပ်သည့် ဖမ်းဆီးရမိ မူးယစ်ဆေးဝါး မီးရှို့ဖျက်ဆီးမှု အခမ်းအနားတစ်ခုကိုတွေ့ရစဉ်

Burma Associated Press

ဘိန်း
အာဏာသိမ်း
စစ်ကောင်စီ
မူးယစ်ဆေးဝါး
ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇ၀တ်မှုဆိုင်ရာရုံး

Share With
bap-logo