Education
ဆရာ/မဖြစ် “Diploma in Teaching” သင်တန်းကို နွေဦးတက္ကသိုလ်က ဖွင့်လှစ်မည်
လွန်ခဲ့သော ၃ နှစ် က
ဇန်နဝါရီ ၂၉
စာသင်ကြားခြင်းကိုစိတ်ဝင်စားပြီး ဆရာ၊ဆရာမအဖြစ်အသက်မွေးဝမ်းကျောင်းပြုချင်သူများအတွက် နွေဦး တက္ကသိုလ်က ပထမဆုံးအကြိမ်အဖြစ် “Diploma in Teaching” အတန်းကို မကြာမှီတွင် ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း ကြေညာသည်။

ကျောင်းသား၊သူများကို ပျိုးထောင်ပေးရသည့်ဆရာတစ်ဦးအနေဖြင့် အတွေးအခေါ်ဒဿနပိုင်းဆိုင်ရာ၊ စိတ်ပညာ ပိုင်းဆိုင်ရာနှင့် လူမှုဗေဒပိုင်းဆိုင်ရာ အခြေခံပညာရပ်ဗဟုသုတတွေသာမက ဘာသာရပ်အလိုက် သင်ခန်းစာ များကို အထိရောက်ဆုံး သင်ကြားပို့ချခြင်းအတတ်ပညာနှင့် ပညာရေးစစ်ဆေး တိုင်းတာမှုဆိုင်ရာ အခြေခံ သိရှိစရာများကို လေ့လာထားရန်လိုအပ်ကြောင်း နွေဦးတက္ကသိုလ်က ဆိုသည်။
ထို့ကြောင့် နွေဦးတက္ကသိုလ်အနေဖြင့် “School of Education” မှ “Diploma of Teaching” အတန်း ကိုဖွင့်လှစ်သွားမည်ဖြစ်ပြီး၊ အဆင့်မြင့်ပညာရပ်ဒီပလိုမာသင်တန်းဖြစ်သည့်အတွက် သင်တန်းကာလ ၉ လ ဝန်းကျင် ကြာမြင့်မည်ဖြစ်ကာ၊ Semester ၃ ခု ခွဲကာ တက်ရောက်ရမည်ဟု ထုတ်ပြန်ချက်က ဆိုထားသည်။
အဆိုပါဒီပလိုမာသင်တန်းကိုတက်ရောက်ပြီးသည့် ကျောင်းသား၊သူများအနေဖြင့်Philosophy နှင့် ပညာ သင် ကြားခြင်း ကြားမှအချိတ်အဆက်များကို သိရှိကာလက်တွေ့ပြန်လည်အသုံးချနိုင်ခြင်း၊ သင်ကြားရမည့် သင်ရိုးညွှန်းတမ်းကိုကောင်းစွာ နားလည်ပြီးဘာသာရပ်အလိုက်ပညာ သင်ကြားမှု နည်းစနစ်ကောင်းများ သိရှိလာမည်ဖြစ်ကြောင်းနှင့် စာသင်ကြားမှုအပိုင်းတွင်သာမကတတ်မြောက်မှု ပြန်လည် စစ်ဆေးရာမှာလည်း အသုံးချနိုင်မည့် နည်းလမ်းအမျိုးမျိုးကိုသဘောပေါက်နားလည် သွားမည်ဟုလည်း ဆိုသည်။
" ဒါ့ကြောင့် ဆရာအတတ်ပညာနှင့်ပတ်သတ်ပြီး အခြေခံကျသော အသိပညာ၊ ကျွမ်းကျင်မှုနှင့် အတွေးအခေါ် အယူအဆများကို စာတွေ့လက်တွေ့ ပေါင်းစပ်ကာသင်ယူလိုသူများ တက်ရောက်သင့်ပါတယ်" ဟု ယင်းအဖွဲ့ အစည်းက ရှင်းပြထားသည်။

ဒီပလိုမာသင်တန်းကြေးမှာ ၁၅၀,၀၀၀ ကျသင့်မည်ဖြစ်ပြီး၊ တက်ရောက်သင်ကြားလိုသူများအနေဖြင့် ယခုလ ၃၁ ရက် နောက်ဆုံးလျှောက်ထားနိုင်မှာဖြစ်ကြောင်းနှင့် သင်တန်းကိုဖေဖော်ဝါရီ ၁၁ ရက်တွင် စတင်သွားမှာ ဖြစ်သည်ဟု ယင်းကဆိုသည်။