bap-logo
Article

အင်တာနက်နှင့် လျှပ်စစ်မီးဖြတ်တောက်ခံရမှု တစ်နှစ်နီးပါးအကြာ

axgFby7nNueV6MhhUCtiG-image

လွန်ခဲ့သော ၂ နှစ် က

“ မီးစဖြတ်တုန်းက လာမလားနဲ့စောင့်နေသးတာ “ ဟုအသက် ၂၅ နှစ်အရွယ် မသံသာကဆိုသည်။
 
ည ၉ နာရီဝန်းကျင်သာ ရှိသေးသော်လည်း မသံသာတို့မိသားစုအိပ်ရာဝင်ပြီဖြစ်သည်။ တစ်ရွာလုံး ဘက်ထရီ သို့ ဆိုလာမီးကိုသာသုံးနိုင်ကြသည်။ လျှပ်စစ်မီးမရှိသောကြောင့် တစ်ရွာလုံးသည် အလင်းရောင်ပြပြသာ ထွန်းလင်းနိုင်သည်။
 
မသံသာတို့ရွာက မြို့နှင့်သိပ်မဝေးသည့်အပြင် လမ်းကောင်းပြီး လမ်းပန်းဆက်သွယ်ရေးလည်း ချောမွေ့သည်။ ရွာမှနေ၍ ကတ္တရာလမ်းမပေါ်တက်ရန် ဆိုင်ကယ်ဖြင့် သုံးမိနစ်ခန့်သာသွားရသည်။ ၁၉၉၀ ဝန်းကျင်ခန့်ကတည်းက လျှပ်စစ်မီး ရသောကြောင့် ရွာခံအများစုသည် လျှပ်စစ်မီးဖြင့် အသားကျနေပြီဖြစ်သည်။
 
ယခုနှစ် ဇန်နဝါရီတွင် မသံသာတို့ရွာအပါအဝင် ရွာပေါင်း နှစ်ဆယ်ကျော်ခန့် လျှပ်စစ်မီးအဖြတ် တောက်ခံလိုက်ရသည်။ ထို့ကြောင့် မသံသာတို့ လျှပ်စစ်မီးမရှိဘဲနေထိုင်ခဲ့ကြသည်မှာ ဆယ်လခန့် ရှိပြီဖြစ်သည်။
 
ဆိပ်ခွန်ရွာတွင် ယက်ကန်းစက်ရုံအများအပြား ရှိသောကြောင့် လျှပ်စစ်ဓါတ်အား သုံးစွဲမှုလည်း မျာပြားသည်။ ဇန်နဝါရီ ပထမအပတ်တွင် စစ်ကောင်စီယာဥ်တန်းဖြင့် ဆိပ်ခွန်ရွာအတွင်း မီတာခ လိုက်လံကောက်ခံခဲ့သည်။
 
စစ်ကောင်စီ မီတာကြေးကောက်ခံစဥ် ဒေသခံကာကွယ်ရေးတပ်ဖွဲ့များက ပဒေသာမိုင်းဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားများအပြင် အနီးရှိ ဓါတ်အားပေးတိုင်များလည်း လဲကျ ပျက်စီးခဲ့သည်။ ထိုအချိန်မှစ လျှပ်စစ်မီး ပျက်သွားခဲ့ရာမှ ပြန်မပြုပြင်ပေးဘဲ ယခုတိုင် လျှပ်စစ်မီး ဖြတ်ခံထားရခြင်းဖြစ်သည်။
 
ကြားကာလများတွင် စစ်ကောင်စီဘက်မှ လျှပ်စစ်မီးပြန်တပ်ပေးရန် သိန်းသုံးထောင်နှင့်တစ်ခါ သိန်းတစ်ထောင်နှင့်တစ်ခါ ကမ်းလှမ်းညှိနှိုင်းသော်လည်း ဒေသခံများနှင့်ညှိမရသောကြောင့် ယခုတိုင် လျှပ်စစ်မီးမရသေးပေ။
 
လျှပ်စစ်မီးပြတ်တောက်သွားချိန်တွင် မသံသာတို့ ဓါတ်ဆီ၊ ဒီဇယ်စသည်တို့ဖြင့်မီးစက်သုံးပြီး လျှပ်စစ်မီး နေရာတွင် အစားထိုးသုံးရသည်။ ဆိုလာစနစ်ကို လျှပ်စစ်မီးအစားထိုးပြီး တပ်ဆင် အသုံးပြုကြသည်။ ပါဝါဘဏ်များ အသုံးပြုကြသည်။
 
မနက်လင်းချိန်မှစ၍ တဂျုန်းဂျုန်းနှင့်မောင်းနှင်လည်ပတ်နေသည့် ယက်ကန်းစက်ကြီးများထံမှ ထွက်သည့် လည်ပတ်အားနှင့် ဖုန်းနှင့် ပါဝါဘဏ်များကို အားသွင်းကြသည်။ စမတ်ဖုန်း တစ်လုံး အသုံးပြုရန် ပါဝါဘဏ် တစ်လုံး ကိုလည်း လိုအပ်ပါသည်။ မဟုတ်လျှင် အခြားလူ၏ ပါဝါဘဏ်ကို ငှားရမ်းအသုံးပြုရပေမည်။ ဖုန်းအားသွင်းနိုင်သည့် လျှပ်စစ်မီး မရှိသောကြောင့်ဖြစ်သည်။
 
စက်ယက်ကန်းစက်ရုံတစ်ခုတွင်အလုပ်လုပ်သည့် မသံသာက မနက်အလုပ်သွားလျှင် ၎င်း၏ ဖုန်း၊ ပါဝါဘဏ်နှင့် အိမ်ရှိ မိသားစုဝင်များ၏ ပါဝါဘဏ်တို့ကိုယူသွားပြီး စက်ယက်ကန်းများ မောင်းနှင် နေချိန်တွင် အားသွင်းရသည်။
 
ယင်းမှာ ၎င်းတို့ရွာ လျှပ်စစ်မီးဖြတ်ခံရပြီးကတည်းကလုပ်ဆောင်ရသည့် နေ့စဥ် ဝတ္တရားတစ်ခု ဖြစ်သည်။
 
၎င်းအိမ်ပြန်ရောက်လျှင်မီးမှောင်ချိန်နှင့် မိသားစုဝင်များ၏ဖုန်းများ အားသွင်းရန် လိုအပ်သည့် အချိန်လည်း ဖြစ်သည်။ စမတ်ဖုန်းနှင့် အားသွင်းရန်လိုအပ်သည့် ဓါတ်မီးများကို ပါဝါဘဏ်နှင့်ပင် အားသွင်းအသုံးပြုကြသည်။
 
ငွေကြေးတတ်နိုင်သူများက ဆိုလာတပ်ဆင်ထားကြသည်လည်းရှိသလို မီးစက်ကိုလည်း အသုံးပြု ကြသည်။
 
ရွှေဘို့မြို့တွင် အင်တာနက်ရသော်လည်း ၎င်းတို့ရွာသည်အင်တာနက်လည်း အဖြတ်ခံထားရသည့် ဧရိယာတွင် ပါဝင်သည်။ ထို့ကြောင့် အင်တာနက်လည်းမရပေ။ အင်တာနက်နှင့် လျှပ်စစ်မီး နှစ်ခုလုံး အဖြတ်ခံထားရသောကြောင့် ဒေသခံများသည် ပြင်ပသတင်းများပြတ်တောက်လျက်ရှိသည်။
 
မသံသာတို့အိမ်တွင်တပ်ထားသည့် PSI စလောင်းကတော့ သူ့နေရာသူ ရှိဆဲပင်၊ မသံသာတို့ ဖြုတ်မပစ်ကြသေးပေ။
 
မသံသာတို့ရွာသည် ၁၉၉၀ ခုနှစ်အစောပိုင်းနှစ်များကတည်းက လျှပ်စစ်မီးရသောကြောင့် ခေတ် နောက်ကျသည့် အထဲတွင် မပါပေ။ ၂၀၁၅ ရွေးကောက်ပွဲပြီးသည့်နောက်တွင် မသံသာတို့ရွာသည် ၂၄ နာရီလျှပ်စစ်မီးရသည်။ မီးပျက်သည့်အကြိမ် အလွန်နည်းပြီးပျက်လျှင်လည်း နာရီပိုင်းခဏသာပင်။
 
မသံသာတို့ရွာသည် လျှပ်စစ်မီးကို ထိုကဲ့သို့ ၂၄ နာရီ ရသည့်အခြေအနေမှ ရုတ်တရက် လျှပ်စစ်မီး ပြတ်တောက်သွားခြင်းကို ခံရခြင်းဖြစ်သည်။ ထို့ကြောင့် မသံသာတို့ ဒေသခံများ လျှပ်စစ်မီး လုံးဝ အဖြတ်ခံရခြင်းနှင့် နေထိုင်ရခြင်းသည် မလွယ် ကူပေ။
 
ရွာတွင် တောင်ယာအလုပ်အပြင်ယက်ကန်းလုပ်ငန်းလည်း ထွန်းကားသောကြောင့် စက်ယကန်း စက်ရုံ အများအပြားရှိသည်။ ယက်ကန်းလုပ်ငန်းသည် လျှပ်စစ်မီးကိုမှီခိုခဲ့ရသည်။
 
မသံသာရွှေဘိုမြို့ပေါ်ရောက်လျှင် အင်တာနက်အသုံးပြုနိုင်သည်။ အင်တာနက်ရလျှင် ဗမာ ဇာတ်ကားများနှင့် မြန်မာစာ တန်းထိုး သို့မဟုတ် ဗမာနောက်ခံစကားပြော ထိုင်း၊ အိန္ဒိယ၊ ကိုရီးယား နှင့်တရုတ် ဇာတ်ကားများကို ဒေါင်းလုတ်ဆွဲရသည်။ ပြီးတော့ အင်တာနတ်နှင့် လျှပ်စစ်မီး မရသည့်ရွာရောက်လျှင် အချင်းချင်း Zapya Application နှင့်ပြန်ကူးကြသည်။
 
မသံသာ အလုပ်ကပြန်လာလျှင် ထိုဇာတ်ကားများကို သူ၏ဖုန်းနှင့်ကြည့်သည်။ မသံသာတို့၏ ဖျော်ဖြေရေး နှင့် စိတ်အပန်းဖြေရေးသည် ဆိုရှယ်မီဒီယာများတွင် မရှိ၊ Tik Tok လည်းမဆော့နိုင် သို့သော် Zapya မှတဆင့် မိတ်ဆွေများဆီမှ ကူးလာသည့် ရုပ်ရှင်နှင့် ဗွီဒီဇာတ်ကားများတွင်ရှိသည်။
 
ဒေတာသုံးပြီး အင်တာနက်သုံးကာ ဒေါင်းလုတ်ဆွဲရသောကြောင့် များပြားလှသည့် သတင်း အစီအစဥ်များကို ဒေါင်းလုတ် မဆွဲနိုင်ကြ။ သို့သော် ဖြစ်ကြောင်းကုန်စင် အညာတစ်ခွင်ကိုတော့ ကြိုက်ကြသည်။
 
မသံသာတို့ အချင်းချင်းကြား ဘာကားရှိလဲဟု နှုတ်ဆက်ကြသည်။
 
အိန္ဒိယကားအသစ် ရှိတယ်ယူမလားဟု ရိုင်းပင်းကြသည်။ ထမင်းဟင်းများကို ထင်း သို့မဟုတ် မီးသွေးလောင်စာများကို သုံးစွဲချက်ပြုတ်ကြသည်။ မီးမရှိသောကြောင့် အိမ်တွင် ကြည့်စရာ တီဗွီလည်း မရှိရာ တစ်ယောက်အိမ် တစ်ယောက် လည်ပတ်ကြသည်၊ စကားပြောကြသည်။
 
အမှောင်ထဲတွင် ဖုန်းမီး သို့ လက်နှိပ်ဓါတ်မီးကိုအားပြုကာ သွားလာကြသည်။ လူငယ်များက ဇာတ်ကား ကူးကြသည်၊ လူကြီးများက မီးစက်ဖြင့်မီးလင်းသည့် ဘုန်းကြီးကျောင်းတွင် စုဝေး ကြသည်။
 
“ အစပိုင်းတော့ကျင့်သားမရဘူး၊ မနည်းကျင့်သားရအောင်လုပ်ရတယ် “ ဟု မီးဖြတ်ခံထားရသည့် ရွာတစ်ရွာမှ အသက် သုံးဆယ် ဝန်းကျင် မကလျာက ပြောသည်။
 
ထိုသို့ပြောနေချိန် မကလျာက ၎င်း၏မိတ်ဆွေထံသို့ မက်ဆေ့ပို့နေသည်၊ မိုဘိုင်းဖုန်းမက်ဆင်ဂျာကို အသုံးပြုပြီး ပို့ခြင်းဖြစ်သည်။ ညဘက်ရွာအတွင်း လမ်းမီးမရှိသောကြောင့် အမှောင်ရိပ်က ပိုများသည်။
 
ထိုသို့ပင် အမှောင်ညတွေကို ကုန်ဆုံးကြသည်။ ဤနည်းဖြင့် စစ်ကောင်စီ သိန်းတစ်ထောင်နှင့်တစ်ခါ သိန်းသုံးထောင်နှင့် တစ်ခါလာညှိနှိုင်းသည်ကို ငြင်းပြီး တောင့်ခံထားနေကြဆဲဖြစ်သည်။
 
ယခုအချိန်ထိ တစ်နှစ်နီးပါးခန့် လျှပ်စစ်မီးဖြတ်တောက်ခံထားရသည့်ရွာပေါင်း ၂၀ ကျော်ခန့်ရှိသည်။ အချို့ရွာများသည် မီတာခကောက်ခံသည့် စစ်ကောင်စီအုပ်စုကို မိုင်းနှင့်တိုက်ခိုက်ခဲ့သည့် အချိန် နောက်ပိုင်းအတော်ကြာမှ ဒေသခံ ကာကွယ်ရေး အဖွဲ့များနှင့်တိုက်ပွဲဖြစ်ပြီး အဖြတ်ခံခဲ့ရခြင်း ဖြစ်သည်။
 
လက်ရှိအချိန်ထိ ရွှေဘိုမြို့နယ်အနောက်ဘက်ရှိ ဗိုလ်တဲကုန်းရွာမှစကာ ဒီပဲယင်းမြို့မရောက်ခင် ရွာများအားလုံး နီးပါး လျှပ်စစ်မီးဖြတ်တောက်ခံထားရသည်။ ယင်းဧရိယာအတွင်း ပျူစောထီးများ စိုးမိုးသည့် ရွာအချို့တွင် လျှပ်စစ်မီး ပုံမှန်လာသည်။
 
ဗိုလ်တဲကုန်း၊ ဆိပ်ခွန်၊ နံ့သာ၊ တင့်တယ်၊ ပေါက်ချိုင်၊ ဆောင်တန်း၊ ထန်းစင်၊ တက်တူ၊ ဝါးရုံကန်၊ သံပုရာခြံ၊ အိုးဘို၊ ကင်းဗြား၊ သန်းတော၊ ထူးကြီး၊ တည်ပင်၊ သပြေကန်၊ ရေကြည်ဝ၊ ဆိပ်သာ၊ ငါးဆူကုန်း၊ အုတ်ကံကုန်း၊ သစ်ကြီးတော၊ ရေတော်မူ၊ ကြောင်လျှာတော၊ ကျောက်မြင့် စသည့် ရွာများတွင် လျှပ်စစ်မီးဖြတ်တောက်ခံထားရသည်မှာ တစ်နှစ် နီးပါးရှိပြီဖြစ်သည်။
 
စစ်ကောင်စီက ဇန်နဝါရီ ၆ နောက်ဆုံးထား၍ မီတာခပေးဆောင်ရန်ကြေညာခဲ့သော်လည်း ပြည်သူ များက သွား မဆောင်ခဲ့ကြပေ။ သို့နှင့် ဇန်နဝါရီ ၁၅ တွင် အထက်ပါရွာများမီးဖြတ်ခံရပါတော့သည်။
 
လျှပ်စစ်မီးဖြတ်တောက်ခံရပြီးနောက် ရက်သတ္တပတ်အနည်းငယ်အကြာတွင်တစ်ကြိမ်၊ ဇွန်လ ဝန်းကျင်တွင် တစ်ကြိမ် စစ်ကောင်စီစစ်ကြောင်းထိုးသောကြောင့် ရွာမှထွက်ပြေးရကြောင်း မသံသာကပြောပြသည်။ ယခုချိန်တွင် မသံသာတို့ မိသားစုသည် စစ်ကြောင်းထိုးလျှင်ပြေးနိုင်ရန် အထုပ်ထုပ်၍ အသင့်ပြင်ထားလျက်ပင်။
 
လျှပ်စစ်မီးမရတော့သော်လည်း ရက်ကန်းရုံများတွင် အသံမတိတ်သွားသေးပေ၊ သို့သော် ဆီဖိုး စရိတ်ပိုမိုကုန်ကျကြရသည်။
 
မီးမရသောကြောင့် ရွှေ့ပြောင်းသွားသည့် ရက်ကန်းရုံများနှင့် အခြားလုပ်ငန်းများလည်းရှိကြောင်း မကလျာကဆိုသည်။
 
လုပ်ငန်းရှင်များရွာမှထွက်သွားသဖြင့် ထိုရွာရှိအလုပ်သမားများနှင့် လက်လုပ်လက်စားများ အခက်အခဲတွေ့ကြောင်း ဒေသခံကာကွယ်ရေးတပ်ဖွဲ့ခေါင်းဆောင်တစ်ဦးဖြစ်သည့် ကိုမင်းနိုင်က ဆိုသည်။ လုပ်ငန်းများ အဆင်မပြေသောကြောင့် တော်လှန်ရေးကို ထောက်ပံ့နိုင်မှု နည်းကြောင်း ဆက်ပြောသည်။
 
ဒေသခံကာကွယ်ရေးအဖွဲ့များအနေဖြင့်လည်း ဖယောင်းတိုင်ဖိုး၊ ဆီဖိုး စသည့် လျှပ်စစ်မီးနေရာတွင် အစားထိုး သုံးစွဲရသည့်စရိတ်ပိုမိုကုန်ကျကြောင်း ယင်းဒေသရှိ ဒေသခံကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦးဖြစ်သည့် အသက် လေးဆယ် အရွယ် ကိုအောင်ဝင်းက ပြောသည်။
 
သို့သော် လျှပ်စစ်မီးရရန် စစ်ကောင်စီကို အခွန်ဆောင်မည့်စိတ်ကူးတော့ အလျဥ်း မရှိကြပေ။
 
“ ရမယ့်လမ်းတော့မမြင်ပါဘူး၊ လျှပ်စစ်မီးက။ ဒီဘက်ကို ပြန်ဖြန့်ဖြူးပေးမယ့် ပုံစံမျိုး မရှိဘူး။ မီးပျက်နေတာ ကျတော်တို့ အတွက်တအားကြီး ထူးဆန်းတဲ့ အခက်အခဲတော့ မဟုတ်ဘူး“ ဟု ကိုမင်းနိုင်က ဆိုလေသည်။
 

 

စစ်ကိုင်း
လူမှုရေး

Share With
bap-logo