Opinion
‘လင်းလိုက် ပျက်လိုက်’ ကေ-၆ ထဲက စစ်ဆင်ရေးများ
လွန်ခဲ့သော တစ်နှစ် က
BAP၊ ဖေဖော်ဝါရီ ၁၂။
ကေ-၆ ဆိုတာ ကေအဲန်ယူတပ်မဟာ ၆ ကိုဆိုလိုတာပါ။
အဲဒီအကြောင်းမစခင် flags of our fathers ဆိုတဲ့ ဒုတိယကမ္ဘာစစ်ကာလ အမေရိကန် ဖြစ်ရပ်မှန်ရုပ်ရှင်ကို ညွန်းချင်ပါတယ်။
တိုက်ပွဲတစ်ခုမှာ ရန်သူ့နယ်မြေအတွင်း အလံထူနိုင်ခြင်းဟာ စစ်ပွဲနဲ့တိုက်ရိုက် စပ်ဆိုင် နေတဲ့ စစ်သားတွေကို သာမက တိုက်ရိုက်သက်ဆိုင်ခြင်းမရှိတဲ့သူတွေကိုပါ စိတ်ဓာတ် ခွန်အား ပေးစွမ်းနိုင် ပါတယ်။ အခြားတစ်ဖက်မှာလည်း ရန်သူကို စိတ်ဓာတ် ရေးရာအရ အသာစီးလွန်စွာ ရပါတယ်။
ဂျပန်မြေ အီဟိုဂျီမား Iwo Jima မှာ အမေရိကန်စစ်သားတွေ စိုက်ထူခဲ့တဲ့ အလံတော် ကြောင့် အစိုးရဟာ ပြည်သူ ထောက်ခံမှုအကြီးအကျယ်ရခဲ့ပါတယ်။
ဒါက ရုပ်ရှင်တကားမဟုတ်တဲ့ တကယ့်ဖြစ်ရပ်မှန်တစ်ခုပါ။
အဲဒီလိုပဲ ရှမ်းမြောက်နဲ့ ရခိုင်မှာ လွင့်ထူနေတဲ့ အလံတော်တွေဟာ သက်ဆိုင်ရာ ပြည်နယ် တင်မက နိုင်ငံတဝှမ်း ပြည်သူတွေရဲ့ ထောက်ခံမှုတိုးစေရုံမက ရန်သူတွေကို လည်း ကြောက်ဒူးတုန်စေပါတယ်။
တောင်ပိုင်းတိုင်းရဲ့ ကေ-၆ မှာတော့ အဲဒီအရာတွေနဲ့ လုံးဝကို ကွဲပြားခြားနားပါတယ်။
အာဏာသိမ်းမှု ၃ နှစ် ကေ-၆ ထဲက တိုက်ပွဲတွေဟာ အစိုးရအဆက်ဆက်မမှန်ခဲ့တဲ့ လျှပ်စစ်မီးလိုပါပဲ။
“ဟေး” ဆိုပြီး လက်ခုပ်လက်ဝါးတီးလိုက်၊ “ဟာ” ဆိုပြီး သက်ပြင်းချလိုက်နဲ့ပါ။
KNU သို့မဟုတ် တော်လှန်ရေးရဲ့ ခေါင်းကိုင်ဖခင်
ကေ-၆ အကြောင်းပြောရင် ကေအဲန်ယူကို ချန်ထားလို့မရပါဘူး။ ဒီနယ်မြေထဲမှာ ခြေချတဲ့ အဖွဲ့အားလုံးနီးပါးဟာ ကေအဲန်ယူရဲ့ ကွပ်ကဲမှုအောက်မှာရှိနေလို့ပါ။
ကွပ်ကဲမှုနေရာမှာရှိနေတဲ့ ကေအဲန်ယူခေါင်းဆောင်ပိုင်းမှာ အကြမ်းဖျဉ်းအားဖြင့် အုပ်စု သုံးစု ကွဲပါတယ်။
ဒုတိယနဲ့ တတိယ အုပ်စုနှစ်ခုစလုံးဟာ ပထမအုပ်စုကို ကျော်လွန်လုပ်ဆောင်လို့မရပါဘူး။ အချို့အရာတွေက ကေအဲန်ယူရဲ့ ဥပဒေစည်းမျဉ်းအရဖြစ်ပြီး အချို့အရာတွေကတော့ အကိုကြီး ညီလေး အထက်အောက် ဆက်ဆံရေးကြောင့်ဖြစ်ပါတယ်
အကြမ်းဖျဉ်းလို့ဆိုရတာက ဒီထက်မက ပိုနိုင်လို့ပါ။
ပထမ အုပ်စုက NCA မှ NCA ဆိုတဲ့ အုပ်စုပါ၊ ဒုတိယ အုပ်စုက တော်လှန်ရေးအင်အားစု၊ တတိယ အုပ်စုကတော့ နှစ်ဖက်စလုံးနဲ့အခြေအနေကြည့်လှုပ်ရှားတဲ့ အုပ်စုဖြစ်ပါတယ်။
ပထမ အုပ်စုကတော့ လူကြီးပိုင်းအများဆုံးပါဝင်ပြီး ပြောစရာမလိုအောင် တော်လှန်ရေးနဲ့ ပတ်သတ်ရင် စကားလုံးသုံးစွဲတာကအစ၊ သေနတ်မပေါက်ရနယ်မြေ သတ်မှတ်တာအဆုံး NCA အတိုင်းပဲ နေထိုင်ပါတယ်။ စစ်ကောင်စီဖိတ်သမျှပွဲတိုင်းလည်းတက်တဲ့ ပွဲကြိုက်ခင် အုပ်စုပေါ့။
ဒုတိယအုပ်စုကတော့ အမာအုပ်စုလို့ပြောလို့ရတဲ့ တိုက်လိုခိုက်လိုစိတ်ရှိတဲ့ လူလတ်ပိုင်း တွေပါတဲ့ တိုက်ခိုက်ရေး အုပ်စုပါ။ အတော်လေးတော့ အင်အားနည်းတဲ့အုပ်စုလို့ ဆိုရမှာပါ။
တတိယ အုပ်စုကတော့ အင်အားအကြီးဆုံးနဲ့ လူတန်းစားအစုံပါတဲ့ ရေလိုက်ငါးလိုက် အုပ်စုကြီးပါ။ BGF၊ DKBA၊ PC အားလုံးနဲ့သင့်တင့်တဲ့အုပ်စုဖြစ်ပါတယ်။
ဒုတိယနဲ့ တတိယ အုပ်စုနှစ်ခုစလုံးဟာ ပထမအုပ်စုကို ကျော်လွန်လုပ်ဆောင်လို့မရပါဘူး။ အချို့အရာတွေက ကေအဲန်ယူရဲ့ ဥပဒေစည်းမျဉ်းအရဖြစ်ပြီး အချို့အရာတွေကတော့ အကိုကြီး ညီလေး အထက်အောက် ဆက်ဆံရေးကြောင့်ဖြစ်ပါတယ်။
ဒီတော့ ကေ-၆ ထဲမှာ အဲဒီ အုပ်စုသုံးခုစလုံးရှိနေပြီး သူ့နေရာနဲ့သူ အားကောင်းပါတယ်။ ပြီးတော့ အဲဒီအုပ်စုအားလုံးဟာ ပြည်သူ့ကာကွယ်ရေးတပ်တွေကို ကွပ်ကဲရပါတယ်။
မြင်သာတာတစ်ခုပြောရရင် တပ်မဟာ-၆ အရပ်ဖက်အရဆို ဒူးပလာယာခရိုင် ဥက္ကဌ ဟောင်း ပဒိုရွှေမောင်းရဲ့ ဩဇာဟာ ယနေ့အချိန်အထိ အုပ်ချုပ်ရေးအဖွဲ့တွေဆီမှာ တစိတ်တပိုင်း သက်ရောက်မှု ရှိနေဆဲဖြစ်ပါတယ်။
အဲဒီလိုအခြေအနေမှာ လက်ရှိ ခရိုင်အဆင့် အုပ်ချုပ်ရေးအဖွဲ့တွေဟာလည်း စစ်ရေးဘက် က တပ်မဟာမှူးတွေကို အပြည့်အဝ ဩဇာလွှမ်းနိုင်တာမရှိပါဘူး။ သက်သေ သာဓကတွေ ခိုင်ခိုင်လုံလုံ ရှိပေမဲ့ ဒီနေရာမှာ ဖော်ပြဖို့ မလိုအပ်တာကြောင့် ချန်ထားခဲ့ပါမယ်။
ဒါက ကေအဲန်ယူရဲ့သူ့ထဲမှာကို ရှိနှင့်ပြီးသားပဋိပက္ခ အခြေအနေကို အပေါ်ယံလောက် ပြောပြခြင်းဖြစ်ပါတယ်။
PDF တွေကိုလက်ခံခြင်း
ကေအဲန်ယူ အုပ်ချုပ်မှုအောက်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကို ကြည့်ရ အောင်။
ဒီတပ်ဖွဲ့တွေကို လက်ခံသင်ကြားပေးခြင်းမရှိခင်က ကေအဲန်ယူဟာ NCA ကြောင့် တော်လှန်ရေးတပ်ဖွဲ့တွေကြားမှာ ဩဇာ ကျဆင်းစပြုနေတဲ့အချိန်ဖြစ်ပါတယ်။
တပ်မဟာ - ၆ မှာ စောသမူဟဲ ဦးဆောင်တဲ့ တပ်ရင်းအလိုက် လက်နက်ချပြီးနောက် ကော့ကရိတ် နယ်မြေထဲက ကေအဲန်ယူမှာ လက်နက်ခဲယမ်း လူသူဟာ ပြောပ လောက်အောင် မရှိတော့ပါဘူး။ သူ့နယ်မြေထဲမှာ ရန်သူ့စစ်စခန်းတွေ တိုးလာတာပဲ ရှိပါတယ်။
၂၀၀၀ ခုနှစ် နောက်ပိုင်းမှာ ကရင်လူငယ်တွေနဲ့ ကေအဲန်ယူကို ပြုပြင်ပြောင်းလဲလိုတဲ့ လူလတ်ပိုင်းတွေဟာလည်း သူတို့ကိုယ်တိုင်ပဲလက်လျှော့ပြီး တော်လှန်ရေးစိတ်နာကာ ထွက်ခွာသူ အများအပြားရှိခဲ့ပါတယ်။
အဲဒီလိုအခြေအနေမှာ အာဏာသိမ်းပြီးနောက် ကရင်မဟုတ်တဲ့ တော်လှန်ရေး အင်အားစု တွေကို လက်ခံ ကာ လေ့ကျင့်ပျိုးထောင်ပေးတဲ့နောက် ကျဆင်းနေတဲ့ ဩဇာဟာ အနည်းငယ် ပြန်တက် လာခဲ့ပါတယ်။ NCA ဆိုတဲ့ ချွန်းကလည်း ရှိနေပြန်တော့ သိုသိုသိပ်သိပ်ပဲ လေ့ကျင့်ပေးခဲ့ကြပါတယ်။
အဲဒီတိုက်ပွဲတွေအပြီးမှာ အဘက်ဘက်သော ဖိအားတွေကြောင့် မြဝတီ-ဝေါလေ လမ်းကို ပြန်ပေးခဲ့ရတာ၊ အင်အားထုတ်နုတ် စခန်းထိုင်ထားနိုင်ခြင်းမရှိတာကြောင့် သိမ်းထားတဲ့စခန်းအချို့မှာ ရန်သူက ပြန်အခြေချတာတွေကို လည်း ခွင့်ပြုနေရပါတယ်
လေ့ကျင့်ရင်းတိုက်
ကေအဲန်ယူက PDF တွေကို လေ့ကျင့်ပေးနေရင်းက ကေ-၆ ထဲက တိုက်ပွဲတွေဟာ ၂၀၂၁ နှစ်ကုန်ပိုင်း လောက်ကနေစပါတယ်။
အစောပိုင်းမှာ PDF တွေမှာ လူသာရှိပြီး လက်နက်မရှိတာကြောင့် ရန်သူစစ်တပ်က စစ်ကြောင်းထိုးလာတဲ့ အခါမှသာ တိုက်ပွဲဖော်ဆောင်ရတာဖြစ်ပြီး အခြေပြုထားတဲ့ စစ်စခန်းတွေ သွားရောက် တိုက်ခိုက် တာမျိုးတော့ မလုပ်နိုင်သေးပါဘူး။ ခုခံတိုက်ပွဲတွေ ထဲမှာမှ လေးကေကော်တိုက်ပွဲကတော့ အထင်ရှားဆုံးဖြစ်ပါတယ်။
ခုခံစစ်ကနေ ထိုးစစ်ဆင်တိုက်ပွဲတွေကတော့ ၂၀၂၂ မေလ လောက်မှစတာဖြစ်ပါတယ်။ သေ့ဘောဘိုး စခန်းကို သိမ်းယူနိုင်ခဲ့တာပါ။ အဲဒီနောက် မြဝတီ-ဝေါလေ လမ်းမကြီးကို ထိမ်းချုပ်တာ၊ ကြိတ်စခန်း၊ ရေတံလျှောက်စခန်း ကို သိမ်းယူတာ၊ ဥကရစ်ထကို ဝင်တိုက်တာ စတာတွေက ကေ- ၆ ထဲက ထင်ရှားတဲ့တိုက်ပွဲတွေဖြစ်ခဲ့သလို ထိုက်သင့်တဲ့ အောင်မြင် မှုတွေကို လည်း ရခဲ့ပါတယ်။
ဒါပေမဲ့ အဲဒီတိုက်ပွဲတွေအပြီးမှာ အဘက်ဘက်သော ဖိအားတွေကြောင့် မြဝတီ-ဝေါလေ လမ်းကို ပြန်ပေးခဲ့ရတာ၊ အင်အားထုတ်နုတ် စခန်းထိုင်ထားနိုင်ခြင်းမရှိတာကြောင့် သိမ်းထားတဲ့စခန်းအချို့မှာ ရန်သူက ပြန်အခြေချတာတွေကို လည်း ခွင့်ပြုနေရပါတယ်။
မြို့ပေါ်က စစ်အခြေစိုက်စခန်းတွေကိုတော့ ၂၀၂၃ ခုနှစ် နှစ်စပိုင်းမှာမှ ဆင်နွဲနိုင်ခဲ့ပါတယ်။ ၂၀၂၃ နှစ်စ လွတ်လပ်ရေးနေ့ ကြာအင်းဆိပ်ကြီး တိုက်ပွဲတွေက ထင်ရှားပါတယ်။ ဒါကလည်း တိုက်ပွဲဖော်ဆောင်တယ်လို့ပဲပြောလို့ရပြီး အောင်မြင်မှုကြီးကြီးမားမား ရခဲ့တာတော့ မရှိပါဘူး။
Chain of command
အခု ပြောခဲ့သမျှ ၂၀၂၃ နှစ်ကုန်ပိုင်းထိကာလတွေဟာ chain of command ဆိုတဲ့ ဆင့်ကဲ ကွပ်ကွဲမှုပုံစံနဲ့ ဆင်နွှဲတာမျိုးထက် အမည်အမျိုးမျိုးနဲ့ကွဲပြားနေတဲ့ အဖွဲ့တွေဟာ သူ့ဟာသူ တိုက်ပွဲဖော်ဆောင်ချင်သလို ဖော်ဆောင်ကြတာဖြစ်ပါတယ်။
ဒါကလည်း ကေအဲန်ယူနယ်မြေထဲမှာ အမည်အမျိုးမျိုးနဲ့ရပ်တည်နေကြတဲ့ တော်လှန်ရေး အဖွဲ့တွေရဲ့ အဖွဲ့ရဲ့ ကိုယ်ပိုင် နာမည်တည်ဆောက်လိုမှုနဲ့လည်းဆိုင်ပါတယ်။
ကေ-၆ မှာက ကေအဲန်ယူဟာ အရေးပါတဲ့နေရာမှာရှိတယ်ဆိုသော်ငြား ကချင်မှာလို၊ ရခိုင်မှာလို၊ ရှမ်းမြောက်မှာလို အမိန့်ကွပ်ကဲမှု တစ်ခုထဲ အောက်မှာ စစ်တိုက်နေကြတာ မဟုတ်ပါဘူး။ လွန်ခဲ့တဲ့ သုံးနှစ်တာ ကာလမှာပေါ့။
ကချင်၊ ရခိုင်၊ ရှမ်းမြောက်တွေမှာလည်း PDF တွေပါဝင်တိုက်ခိုက်နေပါတယ်။ ဒါပေမဲ့ သူတို့အားလုံးဟာ ကွပ်ကဲမှုအဖွဲ့ရဲ့ အမိန့်အတိုင်းသာတိုက်ခိုက်ရပြီး သီးခြားပုံစံ တိုက်ပွဲဖော်ဆောင် တိုက်ခိုက်လို့မရပါဘူး။ အဲဒီတိုက်ပွဲတွေမှာ ပါဝင်နေတဲ့ KNDF၊ BPLA၊ ကျောင်းသားတပ်တော်၊ မန္တလေး PDF တို့လို အဖွဲ့တွေဟာလည်း သူ့ဟာသူကွပ်ကဲမှု အားကောင်းပြီးသားအဖွဲ့တွေဖြစ်လို့ EAO နဲ့အတူ အဖွဲ့လိုက် အောင်မြင်မှုတွေကို တွေ့မြင်ရတာ ဖြစ်ပါတယ်။
ကေ-၆ မှာတော့ လူ ၁၀ ဂဏန်းလောက်နဲ့လည်း တပ်ခွဲတစ်ခုအမည်ပေး အဖွဲ့ဖွဲ့ ထား ကြတာ ရှိပါတယ်။ သိရှိထားရသလောက် ကေအဲန်ယူကလည်း ဒီကိစ္စတွေမှာ ပြင်းပြင်းထန်ထန် ဝင်ရောက် စွက်ဖက် တာမျိုး မလုပ်ပါဘူး။
အဖွဲ့များတဲ့အခါမှာ သီးခြားရန်ပုံငွေရရေးအပါအဝင် တိုက်ပွဲတွေမှာလည်း သူ့ထက်ငါ စွမ်းနိုင် ကြောင်း ပြိုင်ဆိုင်လိုစိတ်တွေရှိလာကြသလို သူ့အဖွဲ့ကဘယ်လို ဒီအဖွဲ့က ဘယ်လိုဆိုပြီး အပြစ်တင်လိုက်မျိုလည်း ရှိလာပါတယ်။
ဘုံရန်သူတော့ ဘုံရန်သူပဲ ဒါပေမဲ့ အဲဒီဘုံရန်သူကို အတူ ဘယ်လိုချေမှုန်းမလဲဆိုတာကို ကာလအတော် ကြာတဲ့ အထိ မလုပ်နိုင်ခဲ့ပါဘူး။
ကရင်နီမှာလည်း အဖွဲ့များပြီးအောင်မြင်နေတာပဲဆိုပြီး ခြေရာတိုင်းဖို့လည်း အခြေအနေ ခြင်းက ခြားနားပါတယ်။ ဗိုးဗြဲ၊ ဒီမောဆို၊ လွိုင်တော် စတဲ့ ကရင်နီက အစုအဖွဲ့တိုင်းဟာ အဲဒီ ဒေသခံလူငယ်တွေ အများစု ပါဝင်စုဖွဲ့ထားတာဖြစ်ပါတယ်။
မည်သို့ဆိုစေ MOD ရဲ့ ကနဦး စစ်ရေးရည်မှန်းချက်က ဒီက EAO နယ်မြေထဲမှာပဲ တသက်လုံးနေပြီး တိုက်ပွဲဖော်ဆောင်ဖို့မဟုတ်ပါဘူး
MOD
MOD ရဲ့ ကွပ်ကွဲမှုနေရာမှာရှိတဲ့ လူအချို့ဟာ သူတို့ရဲ့ နေပုံထိုင်ပုံထောင့်မကျိုးတာကြောင့် ဒီက အစုအဖွဲ့တွေရဲ့မျက်မုန်းကျိုးတာကို ခံနေရတာလည်း ဟိုးယခင်ကနေ ယနေ့တိုင် ပါပဲ။
ဒါ့အပြင် MOD အောက် စစ််ကြောင်းအချို့ရဲ့ ဦးဆောင်သူအချို့ဟာလည်း အကြောင်း အမျိုးအမျိုးကြောင့် ဦးဆောင်သူနေရာရှိနေပေမဲ့ စစ်ရေး အတွေ့အကြုံ လုံလောက်မှု မရှိတာကြောင့် ထိုက်သင့်သလောက် လေးစားမှုမရကြ တာလည်းရှိပါတယ်။
မည်သို့ဆိုစေ MOD ရဲ့ ကနဦး စစ်ရေးရည်မှန်းချက်က ဒီက EAO နယ်မြေထဲမှာပဲ တသက်လုံးနေပြီး တိုက်ပွဲဖော်ဆောင်ဖို့မဟုတ်ပါဘူး။
လေ့ကျင့်မယ်၊ တပ်ဆင်မယ်၊ စုဖွဲ့မယ်၊ တပ်ဖြန့်မယ် ဆိုပြီး သတ်မှတ်ထားတာရှိပါတယ်။
ဒီလိုအခြေအနေက အခု သုံးနှစ်အကြာမှ အကောင်အထည် ပေါ်လာခဲ့ပါတယ်။
အမည်အမျိုးအမျိုး တပ်ရင်းတွေစုပြီး ဗျူဟာသတ်မှတ်တာ၊ လက်နက်တပ်ဆင်တာ၊ တပ်ဖြန့်တာ၊ စစ်ဆင်ရေး တွေ ပူးပေါင်းလှုပ်ရှားတာတွေကို ဒီနှစ်ပိုင်းမှ လုပ်လာနိုင်တာက အရှိတရားပါပဲ။
ပြောပလောက်တဲ့အောင်မြင်မှုမရှိသေးတဲ့တိုင် ၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းမှာ ဆင်နွှဲတဲ့ ကော့ကရိတ်တိုက်ပွဲဟာ Chain of command တစ်ခုထဲအောက်မှာ တက်ညီလက်ညီ အရှိဆုံး တိုက်တဲ့ ပထမဆုံးပွဲလို့တောင်ဆိုလို့ရပါတယ်။
New normal PDF
New Normal ဆိုတဲ့ စကားကို ကိုဗစ်ကာလမှာ စကြားဖူးတာပါ။
အခုလည်း PDF အချို့ဟာ သုံးနှစ်အတွင်းမှာ ပြည်ပထွက်ခွာသွားတာ၊ ပြည်မထဲ ပြန်ဝင် တာ၊ ဒီမှာပဲ အိမ်ထောင်သားမွေးတာ သို့မဟုတ် တစ်ဖက်မှာကျန်နေတဲ့ မိသားစုကို ခေါ်ယူ ပြီး မိသားစုဘဝ ထူထောင်လိုက်တာ၊ ရာခိုင်နှုန်အားဖြင့် နည်းတယ်ဆိုရင်တောင် ရှေ့တန်းထက် နောက်တန်း တစ်နေရာမှာပဲ ကုပ်ကပ်နေချင်ကြတာ၊ ဒီလိုတွေလည်း ဖြစ်လာပါတယ်။
ဒီတော့ အခုဆို PDF ကလည်း သုံးနှစ်သားရှိပါပြီ။
သုံးနှစ်တာ အစ ကေ-၆ ခွင်မှာ အင်အား ၁,၀၀၀ ရှိတယ်ဆိုရင်၊ အဲဒီထဲက ၅၀ ထက်မနည်း ဟာ တိုက်ပွဲအသီးသီးနဲ့ ထုတ်လုပ်ရေးတွေမှာ ကျဆုံးခဲ့ပြီး ၅၀ လောက်က တိုက်ပွဲ ပြန်ပါလို့မရအောင် ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ ၁၀ ဂဏန်းလောက်ဟာ ကျန်းမာရေး အခြေအနေနဲ့ မတော်တဆမှုတွေကြောင့် သေဆုံးခဲ့ရပါတယ်။
ရှေ့မှာ ပြောခဲ့သလို new normal PDF တွေနဲ့ တဖက်ကို ပြန်သွားသူတွေပါ ထည့်တွက်ရင် ရှိရင်းစွဲအင်အားထက် ပြုန်းတီးခဲ့တာတော့ အမှန်ပါပဲ။
PDF ဟာ စစ်ကောင်စီလည်းမဟုတ်၊ EAO လည်း မဟုတ်တာကြောင့် လိုသမျှအင်အားကို ရပ်ထဲရွာထဲကနေ တောင်းလို့မရပါဘူး။
ဒီတော့ ဖွဲ့စည်းပုံစနစ်ကျလာတဲ့အချိန် လက်နက်ခဲယမ်းပြည့်စုံလာတဲ့ စစ်ဆင်ရေး ကာလ မှာ တောင်ပိုင်းက PDF တွေဟာ အင်အားကို ငဲ့တွက်ရပြန်ပါတယ်။
အဲဒီလိုအထွေထွေအကြောင်းအရာတွေကြောင့်ပဲ ကေ-၆ ထဲက တိုက်ပွဲတွေဟာ အစိုးရ အဆက်ဆက် မမှန်တဲ့ လျှပ်စစ်မီးလို “လင်းလိုက်၊ ပျက်လိုက်” ပါပဲ။
၂၀၂၄ ကတော့ နှစ်စပဲရှိပါသေးတယ်။
Burma Associated Press
Top News
လွန်ခဲ့သော ၁၆ ရက် က
လွန်ခဲ့သော ၂၀ ရက် က
လွန်ခဲ့သော ၂၀ ရက် က