bap-logo
International

ဖိလစ်ပိုင်စစ်အခြေစိုက်စခန်းများသို့ အမေရိကန် ပိုမိုဝင်ရောက်ခွင့်ပြုမည်

XUztjMlRwTSI4eKHdEySO-image

လွန်ခဲ့သော ၂ နှစ် က

မနီလာ - ဖေဖော်ဝါရီ  


 
ဖိလစ်ပိုင်သည် ၎င်းတို့၏ စစ်အခြေစိုက်စခန်းများသို့ အမေရိကန်စစ်တပ်ကို တိုးမြှင့်ဝင်ရောက်ခွင့်ပြုလိုက်ပြီ ဖြစ်ကြောင်း နှစ်နိုင်ငံတာဝန်ရှိသူများက ပြောကြားလိုက်သည်။


 
အဆိုပါကြေညာချက်သည် တောင်တရုတ်ပင်လယ် ရေပိုင်နက်အငြင်းပွားမှုနှင့်ပတ်သက်၍ တရုတ်ဘက်မှ သဘောထားတင်းမာလာသလို တစ်ဖက်တွင် ထိုင်ဝမ်နှင့်တရုတ်ကြားလည်း တင်းမာမှုမြင့်တက်နေချိန်တွင် ထွက်ပေါ်လာခြင်းဖြစ်သည်။


 
၂၀၁၄ခုနှစ်တွင် ရေးထိုးခဲ့သည့် တိုးမြှင့် ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက် (EDCA) အရ ဝါရှင်တန်အစိုးရကို ဖိလိစ်ပိုင်၏ နောက်ထပ်နေရာလေးခုကို ဝင်ရောက်ခွင့်ပြုမည်ဖြစ်ကြောင်း နှစ်နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။


 
အမေရိကန်ကလည်း EDCA အရ ဖိလစ်ပိုင်ရှိ နေရာငါးခုတွင် အခြေခံအဆောက်အအုံရင်းနှီးမြှုပ်နှံမှု ၈၂ သန်းကျော် ထည့်ဝင်သွားမည်ဟု ကြေညာထားပြီးဖြစ်သည်။


 
EDCA
အရ အမေရိကန်သည် ဖိလစ်ပိုင်နိုင်ငံအတွင်း ပူးတွဲလေ့ကျင့်ရေး၊ စက်ပစ္စည်းကိရိယာများ ကြိုတင် နေရာချထားခြင်းနှင့် ပြေးလမ်းများ၊ လောင်စာဆီသိုလှောင်ရုံနှင့် စစ်ဘက်အိမ်ရာများကဲ့သို့သော အဆောက် အဦများ တည်ဆောက်ခြင်းအတွက် ဝင်ရောက်ခွင့်ရရှိမည်ဖြစ်သည်။ သို့သော် အမြဲတမ်းစစ်ရေး လှုပ်ရှားခွင့် ရှိမည်မဟုတ်ပေ။


 
အမေရိကန် ကာကွယ်ရေးဝန်ကြီး Lloyd Austin သည် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ထိုင်ဝမ်နှင့်ပတ်သက်ပြီး တရုတ် ၏ လုပ်ရှားမှုများကို ဟန့်တားရန်ကြိုးပမ်းချက် တစ်စိတ်တစ်ပိုင်းအနေဖြင့် ဖိလစ်ပိုင်နိုင်ငံအတွင်း လုံခြုံရေး တိုးမြှင့်ဆွေးနွေးရန် မနီလာသို့ လာရောက်ခဲ့ကြောင်း သိရသည်။


 
အမေရိကန်ဝင်ရောက်လာမည့် နေရာသစ်များနှင့်ပတ်သက်၍ နှစ်နိုင်ငံထုတ်ပြန်ချက်တွင် အသေးစိတ် ဖော်ပြမထားသော်လည်း ထိုင်ဝမ်နှင့်အနီးဆုံး ဖိလစ်ပိုင်မြောက်ပိုင်းက Luzon ကျွန်းနှင့် တောင်တရုတ် ပင်လယ် တွင် အငြင်းပွားမှုနှင့်ရင်ဆိုင်နေရသည့် Spratly Islands ကျွန်းကိုအသုံးပြုရန် တောင်းဆိုထားကြောင်း ဖိလစ်ပိုင် စစ်တပ်အရာရှိဟောင်းက ပြောဆိုထားသည်။


 
အဆိုပါကိစ္စနှင့်ပတ်သက်၍ မနီလာရှိ တရုတ်သံရုံးကို မှတ်ချက်တောင်းဆိုခဲ့သော်လည်း ပြန်လည်ဖြေကြား ခဲ့ခြင်းမရှိပေ။


 
ကာကွယ်ရေးဝန်ကြီး Austin သည် ဖိလစ်ပိုင်ကာကွယ်ရေးဝန်ကြီး Carlito Galvez နှင့်မတွေ့ဆုံမီ သမ္မတ ဖာဒီနန် မားကို့စ်ဂျူနီယာနှင့်လည်း သမ္မတနန်းတော်တွင် ကြာသပတေးနေ့က တွေ့ဆုံခဲ့ပြီး အမေရိကန်အနေဖြင့် ဖိလစ်ပိုင်အတွက် အတတ်နိုင်ဆုံးကူညီသွားရန် အဆင်သင့်ရှိကြောင်း ပြောကြားခဲ့သည်။


 
 
Source – Reuters


 
ဓာတ်ပုံ - အမေရိကန် ကာကွယ်ရေးဝန်ကြီး Lloyd Austin III နှင့် ဖိလစ်ပိုင်သမ္မတ Ferdinand Marcos Jr.

 

 

ဖိလစ်ပိုင်
အမေရိကန်

Share With
bap-logo