bap-logo
Politics

၁၁ ပါတီ အစိုးရဖွဲ့စည်းရန် ပြိုင်ဘက် စစ်တပ်နောက်ခံပါတီများနှင့် Pheu Thai ပါတီ ပူးပေါင်း

VEn8haNJGrFBE1BtONTqK-image

လွန်ခဲ့သော တစ်နှစ် က

ထိုင်းနိုင်ငံ၏ သာမန်ပြည်သူအလေးပေး Pheu Thai ပါတီက အစိုးရသစ်ဖွဲ့စည်းရန်အတွက် ၎င်း၏ ကာလရှည်ကြာရန်သူဖြစ်ခဲ့သော စစ်တပ်ကျောထောက်နောက်ခံပြုထားသည့် ပါတီများနှင့် သဘောတူညီချက် တစ်ခုကို တနင်္လာနေ့တွင် ကြေငြာလိုက်ပြီး ဖွဲ့စည်းပုံအခြေခံ ဥပဒေအသစ် အပါအဝင် ၎င်းတို့ပါတီ၏ ရွေးကောက်ပွဲကတိကဝတ်များကိုလည်း ဆက်လက်ဆောင်ရွက်သွားမည် ဟု ကတိပေးခဲ့သည်။

 

ရွေးကောက်ပွဲအနိုင်ရ ရေပေါ်ဆီဆန့်ကျင်ရေး Move Forward ပါတီက လွှတ်တော်တွင် ရှေးရိုးစွဲတို့၏ ခုခံမှုတို့ကို အရှုံးပေးလိုက်ရပြီးနောက် ထိုင်းနိုင်ငံ၏ လွှတ်တော်နှစ်ရပ်သည် အစိုးရဖွဲ့စည်းရန် အကျဉ်းအကျပ်သို့ ကျရောက်နေခဲ့သည်မှာ ရက်သတ္တပတ်အတန်ကြာခဲ့ပြီဖြစ်သည့်အတွက် ဒုတိယအနိုင်ရရှိသူ Pheu Thai ပါတီက နေရာယူလာခဲ့သည်။

 

အဆိုပြုထားသော ၁၁ ပါတီ မဟာမိတ်တို့သည် ငါးလကြာ အိမ်စောင့်အစိုးရကို အဆုံးသတ်နိုင်ချေရှိပြီး Pheu Thai နှင့် စစ်တပ်ကျောထောက်နောက်ခံပါတီများ၏ သဘောတူညီမှုက ဆယ်စုနှစ် နှစ်စုအကြာ မတည်ငြိမ်မှု ဖြစ်ပေါ်နေသည့် ကမောက်ကမဖြစ်စဉ်များနောက်ပိုင်း မတည်ငြိမ်မှုများ ဆက်လက်ကြာရှည်နေမည်ဟု စိုးရိမ်မှုများကိုလည်း ဆက်လက်ဖြစ်ပေါ်နေစေနိုင်သည်။

 

Pheu Thai ပါတီ၏ နိုင်ငံရေးနယ်ပယ်သို့ လွန်ခဲ့သည့် လအနည်းမှ ဝင်ရောက်လာခဲ့သူ အသက် ၆၀ အရွယ် အိမ်ခြံမြေသူဌေးကြီး Srettha Thavisin ကို ဝန်ကြီးချုပ်အဖြစ် မဲပေးဆုံးဖြတ်မှုကို လွှတ်တော်က အင်္ဂါနေ့တွင် ပြုလုပ်မည်ဖြစ်သည်။

 

Srettha က စစ်တပ်ကျောထောက်နောက်ခံပါတီများနှင့် အလုပ်လုပ်ရန် လိုအပ်သည်ဟု ပြောကြားခဲ့သည်။ ၎င်းပါတီများသည် သက်ဆင်နှင့် ၎င်း၏ ညီမ ယင်လတ်တို့ထံမှ ၂၀၀၆ ခုနှစ်နှင့် ၂၀၁၄ ခုနှစ်တို့တွင် အာဏာသိမ်းယူမှုများကို ဦးဆောင်ခဲ့သည့် စစ်တပ်က တည်ထောင်ခဲ့သော ပါတီများ ဖြစ်သည်။

 

“Pheu Thai ပါတီ ရှေ့ဆက်ဖို့အတွက်၊ လူတွေကို ကူညီဖို့အတွက် လူတွေကို လိမ်ညာတာမဟုတ်ဘဲ အခြေအနေမှန်အတိုင်း လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။ဟု ၎င်းက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

 

ပြီးခဲ့တဲ့ ၉ နှစ်မှာ Pheu Thai က အစိုးရထဲမှာ ရှိမနေခဲ့ပါဘူး။ ကျွန်တော်တို့မှာ အာဏာမရှိခဲ့ပါဘူး။ လူထုရဲ့ လူနေမှုအဆင့်အတန်း နိမ့်ကျခဲ့တာလည်း ရှင်းရှင်းလင်းလင်းပါပဲ။”

 

အငြင်းပွားဖွယ် သဘောတူညီမှု

 

၎င်းပူးပေါင်းမှုသည် မေလ ၁၄ ရက် ရွေးကောက်ပွဲတွင် Pheu Thai နှင့် Move Forward တို့က စစ်ဗိုလ်ချုပ်များဦးဆောင်သည့် ရှေးရိုးစွဲပါတီများအပေါ် အနိုင်ရရှိစေခဲ့သော ပြတ်ပြတ်သားသား ရလဒ်ထွက်အောင် မဲပေးခဲ့သူများအတွက် အငြင်းပွားဖွယ်ဖြစ်သည်။ ၎င်းရလဒ်သည် ကိုးနှစ်တာ အစိုးရ သို့မဟုတ် စစ်တပ်ကျောထောက်နောက်ခံမှုကို ငြင်းပယ်ကြောင်း ပဲ့တင်သံအဖြစ်လည်း ရှုမြင်ရသည်။

 

တနင်္ဂနွေနေ့က ဆန္ဒသဘောထားကောက်ယူမှုတစ်ခုတွင် ထိုင်းလူမျိုးအများစုက စစ်တပ်ကျောထောက်နောက်ခံ အဖွဲ့များပါဝင်သည့် ပူးပေါင်းမှုအကြံအစည်ကို သဘောမတူကြောင်း တွေ့ရသည်။

 

မဟာမိတ်ဖွဲ့ခြင်းသည် ရှေးရိုးစွဲရေပေါ်ဆီတို့က မျက်နှာသာမပေးသည့် ရွေးကောက်ပွဲအနိုင်ရသူတို့ အစိုးရဖွဲ့စည်းရန် အလွန်အမင်းခက်ခဲစေရန် စစ်တပ်က ရေးသားထားသော ဖွဲ့စည်းပုံအခြေခံဥပဒေမှ ထွက်ပေါ်လာခြင်းဖြစ်သည်။

 

Move Forward ပါတီ၏ တိုးတက်သော အစီအစဉ်ကို ထောက်ခံသူ လူငယ်နှင့် မြို့ပြထောက်ခံမှု ကြီးကြီးမားမားရရှိခဲ့သော်လည်း ပါလီမန်အတိုက်အခံကို မဲပေးခဲ့ပြီးဖြစ်ပြီး Pheu Thai ပါတီစုံကြိုးပမ်းမှုကို ရွေးကောက်ပွဲရလဒ် ပုံဖျက်ခြင်းနှင့် လူထုဆန္ဒနှင့် ဆန့်ကျင့်သည်ဟုဆိုကာ ထောက်ခံရန် ငြင်းဆိုခဲ့သည်။

 

Pheu Thai က ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒီမိုကရေစီအလေးသာအောင် ပြုပြင်သွားရန် ဆက်လက် လုပ်ဆောင်သွားမည်ဟု ပြောသော်လည်း အင်အားကောင်းသော ဘုရင်စနစ်နှင့် ဆက်နွယ်သည့် ဥပဒေများကို ပြင်ဆင်ခြင်းမှ ရှောင်ဖယ်သွားနိုင်သည်။

 

၎င်းပါတီသည် အနိမ့်ဆုံးလုပ်ခ တိုးမြှင့်ရန်၊ သက်ဆင်၏ ထင်ရှားသော မူဝါဒဖြစ်သည့် ဒစ်ဂျစ်တယ်ငွေကြေးထုတ်ဝေရန် ဆောင်ရွက်သွားမည်ဟူသော ကတိကဝတ်များ ဖြည့်စည်းမည်ဟုဆိုခဲ့သည်။

 

အသက် ၇၄ နှစ်ရှိပြီဖြစ်သည့် သက်ဆင်သည် ယခုရက်ပိုင်းအတွင်း သတင်းခေါင်းကြီးများတွင် နေရာယူထားကာ အဏာနှင့် အခြားအလွဲသုံးစားမှုများအတွက် အပြစ်ပေးခြင်းကို ကျော်လွှား၍ ဝရမ်းပြေးဖြစ်သော်လည်း ၁၇ နှစ်ကြာ မိမိကိုယ်တိုင် ပြည်ပြေးခံယူခဲ့မှုကို အဆုံးသတ်ပြီး အင်္ဂါနေ့တွင် မိခင်တိုင်းပြည်သို့ ပြန်လာမည်ဖြစ်ကြောင်း ထပ်မံပြောဆိုခဲ့သည်။

 

တနင်္လာနေ့က X လူမှုမီဒီယာ၌ သက်ဆင်၏ ရေးသားဖော်ပြချက်တွင် "ထိုင်းမြေပေါ်သို့ ပြန်လာနေထိုင်ပြီး အခြားထိုင်းလူမျိုးများနှင့် ထိုင်းလေကို ရှူရှိုက်လိုကြောင်း” ဖော်ပြထားသည်။

 

ကိုးကား - Reuters

ပုံစာ - Pheu Thai ပါတီ ဝန်ကြီးချုပ်လောင်း Srettha Thavisin (Photo: REUTERS/Athit Perawongmetha/File Photo )

 

ထိုင်းနိုင်ငံ
Move Forward
Pheu Thai
ပါတီ

Share With
bap-logo