Weather
မြန်မာနိုင်ငံမှ 'သွေးစွန်းသော သစ်များ’ တင်သွင်းမှု ရပ်ဆိုင်းရန် ပိုလန်နိုင်ငံကို စောင့်ကြည့်ရေးအဖွဲ့များ တိုက်တွန်း
လွန်ခဲ့သော ၁၅ ရက် က
■ BAP၊ ဘာသာပြန်။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနှင့် နိုင်ငံသားများကို အကြမ်းဖက်ဖြိုခွင်းမှုနောက်ပိုင်း မြန်မာ နိုင်ငံပိုင်လုပ်ငန်းက လက်ဝါးကြီးအုပ် လုပ်ကိုင်နေသော ကျွန်းသစ်လုပ်ငန်းကို ဥပရောပသမဂ္ဂက ဒဏ်ခတ်အရေးယူထားသော်လည်း ဈေးကောင်းသော ကျွန်းသစ်များ ပိုလန်သို့ ဆက်လက်တင်သွင်းနေဆဲဖြစ်သည်။
ကုန်သွယ်မှုတွင် ပါဝင်နေသော ကုမ္ပဏီ အဖွဲ့အစည်းများကို အလျင်အမြန် စစ်ဆေးရန်၊ တားမြစ်ထားသော သစ်များ တင်သွင်းမှုကို ကာကွယ်တားဆီးရာတွင် ပြင်းပြင်းထန်ထန် အရေးယူရန် ပိုလန် သစ်ကုန်သွယ်မှု စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ကို အကျိုးအမြတ်မယူသည့် ပတ်ဝန်းကျင်ဆိုင်ရာ ဥပဒေအဖွဲ့အစည်း ClientEarth က ပြီးခဲ့သည့် လတွင် တရားဝင် တောင်းဆိုလိုက်သည်။
ပိုလန် ဗဟိုစာရင်းအင်းရုံးမှ အချက်အလက်များအရ ပိုလန်နိုင်ငံသည် ၂၀၂၁ ခုနှစ်နှင့် ၂၀၂၄ ခုနှစ်များအကြား အမေရိကန် ဒေါ်လာ ၁၁.၅ သန်း ကျော် တန်ဖိုးရှိ သစ်များ မြန်မာနိုင်ငံမှ တင်သွင်းခဲ့သည်ဟု သိရသည်။ ဇိမ်ခံ ပရိဘောဂများနှင့် ရွက်လှေ တည်ဆောက်ထုတ်လုပ်သူများ အလွန်အမင်း အလိုရှိသည့် မာကျောပြီး၊ ရာသီဥတုဒဏ် ခံနိုင်သည့် ကျွန်းသစ် (Tectona grandis) များမှာ တင်သွင်းမှုအများဆုံး ဖြစ်သည်။
၎င်းကုန်သွယ်မှုသည် ဥရောပသမဂ္ဂ၏ ကန့်သတ်အရေးယူမှုကို ချိုးဖောက်ရာသာမက ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံ ပိုလန်နိုင်ငံအနေဖြင့် ဥရောပသမဂ္ဂ သစ်ကုန်သွယ်၊ တင်သွင်းမှု စည်းမျဉ်းဥပဒေ EU Timber Regulations (EUTR)ကိုလည်း ချိုးဖောက်ရာရောက်သည်ဟု ClientEarth မှ ပတ်ဝန်းကျင် ကာကွယ်ရေး စစ်ဆေးရေးမှူးထံ တရားဝင်တောင်းဆိုမှုတွင် ဖော်ပြထားသည်။ တရားဝင် ထုတ်လုပ်ထားခြင်း ရှိ၊ မရှိ မဆုံးဖြတ်နိုင်သည့်အတွက် မြန်မာ့ကျွန်းသစ်များကို ဥရောပသမဂ္ဂနိုင်ငံများသို့ တင်သွင်းခြင်းသည် EUTR ကို ချိုးဖောက်ရာရောက်သည်ဟု ဥရောပသမဂ္ဂက ၂၀၂၀ ခုနှစ် တွင် ချမှတ်ခဲ့သည်။
ClientEarth က ၂၀၂၃ ခုနှစ်တွင် ဥရောပသမဂ္ဂ ကောင်စီထံသို့ ပိုလန်နိုင်ငံ၏ လိုက်နာရန် ပျက်ကွက်ခြင်းကို တိုင် ကြားခဲ့ပြီးဖြစ်သည်။ သို့ရာတွင် ၎င်းအရေးဆိုမှုကို ပိုလန်အာဏာပိုင်များသာမက ဥရောသမဂ္ဂ အဖွဲ့အစည်းများကပါ မည်သည့် တုန့်ပြန်မှုမျှ မရှိကြောင်း ClientEarth က ဆိုသည်။
“EUTR စည်းမျဉ်းတွေဟာ တရားမဝင် သစ်ကုန်သွယ်မှုကို တိုက်ဖျက်ရာမှာ အဓိက အရေးပါတဲ့ လက်နက်တစ်ခု ဖြစ်ပါတယ်။ ဒါပေမယ့် ထိထိရောက်ရောက် အကောင်အထည် ဖော်ဖို့ လိုအပ်ပါတယ်။” ဟု ClientEarth မှ ရှေ့နေတစ်ဦးဖြစ်သူRanja Łuszczek က ပြောသည်။ "လုံလောက်တဲ့ အရေးယူမှု နည်းပါးတာဟာ အများအကျိုးစီးပွားကို ဖျက်ဆီးရာရောက်ပါတယ်။ သစ်တောပြုန်းတီးမှုကို အားပေးရာနဲ့ ရက်စက်တဲ့ စစ်အာဏာရှင်ကို ထောက်ပံ့ပေးရာ ရောက်ပါတယ်။”
၂၀၂၂ ခုနှစ်နှင့် ၂၀၂၃ ခုနှစ်အကြားတွင် မြန်မာနိုင်ငံမှ ကျန်ရှိနေသေးသော အဓိက သစ်တော ဖုံးလွှမ်းမှု၏ ၅.၄ % ဖြစ်သည့် အဓိက ပကတိအတိုင်း တည်ရှိနေသော သစ်တော ၇၅၂၀၀၀ ဟက်တာ ဆုံးရှုံးခဲ့သည်ဟု Global Forest Watch အဖွဲ့မှ အချက်အလက်များအရ သိရသည်
မြန်မာကျွန်းသစ်ကို ကုန်သွယ်ခြင်းသည် သစ်တောပြုန်းတီးမှုကို တိုးပွားစေပြီး ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားသော အစိုးရကို ဖြုတ်ချကာ ဒီမိုကရေစီထောက်ခံအားပေးသူများကို ရက်ရက် စက်စက် ဖြိုခွင်းခဲ့သည့် ဖေဖော်ဝါရီ ၂၀၂၁ ခုနှစ် အာဏာသိမ်း စစ်အုပ်စုကို ငွေကြေးထောက်ပံ့ပေးခြင်း ဖြစ်သည်ဟု ClientEarth က မှတ်ချက်ပြုသည်။ နိုင်ငံ၏ သစ်တောကဏ္ဍတစ်ခုလုံးကို တစ်ဦးတည်းလက်ဝါးကြီးအုပ်ထားသည့် မြန်မာ့သစ်လုပ်ငန်းကို စစ်အုပ်စုက ထိန်းချုပ်ထားသည်။
အာဏာသိမ်းလိုက်သည့်အတွက် မြန်မာနိုင်ငံမှ ပတ်ဝန်းကျင်ဆိုင်ရာအဖွဲ့များအနေဖြင့် သစ်တောများကာကွယ်ရန် ကြိုးပမ်းအားထုတ်မှုများ၊ သစ်တောပြုန်းတီးမှုနှုန်းများ စစ်ဆေးတွက်ချက်ရာတွင် အဟန့်အတား နှောင့်နှေးမှုများ အပါအဝင် စိန်ခေါ်မှု အများအပြား ရင်ဆိုင်နေရသည်။ မြန်မာနိုင်ငံ၏ သစ်တောများမှာ အန္တရာယ်အဆင့်သို့ ကျရောက်နေပြီး ကမ္ဘာ့အနှံ့ မျိုးသုဉ်းမှုအန္တရာယ်ရှိနေသည့် မျိုးစိတ်များဖြစ်သော ဆန်ဒါသင်းခွေချပ်( Sunda pangolins/Manis javanica)၊ ပုပ္ပါးမျောက်မြီးရှည် (Popa langurs/Trachypithecus popa)၊ အင်ဒိုချိုင်းနား ကျား (Indochinese tigers/Panthera tigris corbetti) ကဲ့သို့သော မျိုးသုဉ်းမှုအန္တရာယ် အလွန်မြင့်မားနေသည့် မျိုးစိတ်များ အရေအတွက်ကျဆင်းမှု အန္တရာယ် များပြားနေကြောင်း ဂြိုဟ်တုအချက်အလက်များက ညွှန်ပြနေသည်။
၂၀၂၂ ခုနှစ်နှင့် ၂၀၂၃ ခုနှစ်အကြားတွင် မြန်မာနိုင်ငံမှ ကျန်ရှိနေသေးသော အဓိက သစ်တော ဖုံးလွှမ်းမှု၏ ၅.၄ % ဖြစ်သည့် အဓိက ပကတိအတိုင်း တည်ရှိနေသော သစ်တော ၇၅၂၀၀၀ ဟက်တာ ဆုံးရှုံးခဲ့သည်ဟု Global Forest Watch အဖွဲ့မှ အချက်အလက်များအရ သိရသည်။ ၎င်းနှုန်းအတိုင်း သစ်တောများ ဆက်လက်ဆုံးရှုံးနေလျှင် ၂၀၃၅ ခုနှစ်၌ မြန်မာ့သစ်တောများ ကွယ် ပျောက်သွားနိုင်ကြောင်း ကျွမ်းကျင်သူများက ခန့်မှန်းကြသည်။
ပိုလန် သစ်ကုန်သွယ်မှု စည်းမျဉ်းစည်းကမ်းထိန်းသိမ်းသူများအနေဖြင့် မြန်မာနှင့် သစ်ကုန်သွယ်ရာတွင် ပါဝင်နေသည့် လုပ်ငန်းအဖွဲ့အစည်းများကို စေ့စေ့စပ်စပ် စစ်ဆေးမှု အလျင်အမြန် တိုးမြှင့်ရန် ClientEarth ၏ တောင်းဆိုချက်တွင် ဖော်ပြထားသည်။ ၎င်းအဖွဲ့က သစ်ထုတ်လုပ်တင်ပို့မှုလုပ်ငန်းစဉ်ကို စောင့်ကြည့်သည့် စနစ်များ အဆင့်မြှင့်တင်ရန်၊ တည်ဆဲ သစ်ဥပဒေများကို ချိုးဖောက်သူများအား အပြစ်ပေးမှု ပြင်းပြင်းထန်ထန် လုပ်ဆောင်ရန်လည်း တောင်းဆိုထားသည်။ ပိုလန်နိုင်ငံတွင်းသို့ ကန့်သတ်ပိတ်ဆို့ထားသည့် သစ်များ ဝင်ရောက်မှုမှ တားမြစ်ရန်သာမက ပွင့်လန်းတိုးတက်လာနေသော ပရိဘောဂဈေးကွက်ကို တင်သွင်းပေးနေသည့် ပိုလန်နိုင်ငံ၏ ပြည်တွင်း သစ်ဈေးကွက်ကို ကာကွယ်ရန်လည်း ဖြစ်သည်ဟု Łuszczek က ပြောသည်။
“ကျွန်မတို့ရဲ့ ရည်ရွယ်ချက်က ပိုလန်နိုင်ငံမှာ သူ့ရဲ့ ဥပဒေကို ပြောင်းလဲဖို့ လုံလောက်တဲ့ စေ့ဆော်မှုတွေ ရှိလာစေရေး၊ တရားမဝင်သစ်တွေကို တိုက်ဖျက်နေတဲ့ အခွင့်ရ အာဏာပိုင်တွေအတွက် အရင်းအမြစ်တွေ သတ်သတ်မှတ်မှတ် ပိုပြီး ပေးအပ်နိုင်ရေး ဖြစ်ပါတယ်။” ဟု Łuszczek က ပြောသည်။ "အလွတ်သဘော ပြောဆိုမှုတွေကနေပဲ ဖြစ်စေ ဥရောပသမဂ္ဂရဲ့ လုပ်ထုံးလုပ်နည်း ချိုးဖောက်မှုအန္တရာယ်ကြောင့် ဖြစ်စေ ကျွန်မတို့ရဲ့ တိုင်ကြားအရေးဆိုမှုဟာ သူတို့ကို အရေးယူလုပ်ဆောင်မှုတွေ ဖြစ်စေမယ်လို့ ကျွန်မတို့ မျှော်လင့်ပါတယ်။"

မြန်မာနိုင်ငံမြောက်ပိုင်း သစ်တောများမှ မန္တလေး သို့မဟုတ် ရန်ကုန် သို့ပို့ဆောင်ရန် သစ်လုံံးများ တင်ဆောင်လာ သည့် ရေယာဉ်။ ဓာတ်ပုံ - Terry Feuerborn။
ပိုလန်နိုင်ငံသာမက ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံအတော်များများသည်လည်း မြန်မာ့ကျွန်းသစ် ဆက်လက်တင်သွင်းနေကြသည်။ EUROSTAT ဝက်ဘ်ဆိုက် အချက်အလက်များအရ ၂၀၂၁ ခုနှစ် ဂျွန်လနှင့် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလအတွင်း အကြမ်းဖျဉ်း အမေရိကန်ဒေါ်လာ ၃၅.၆၈ သန်း တန်ဖိုးရှိ သစ်များ ဥပရောပသို့ တိုက်ရိုက်တင်သွင်းခဲ့သည်ဟု သိရသည်။ ၎င်းသစ်များကို ခရိုအေးရှား၊ ဆလိုဗေးနီးယားနှင့် အီတလီအပါအဝင် နိုင်ငံအချို့ကို ဖြတ်သန်း တင်သွင်းခဲ့ခြင်းဖြစ်သည်။
မှောင်ခိုတင်သွင်းသူများက ဒဏ်ခတ်အရေးယူမှုများကို ရှောင်ရှားရန် ကြားခံနိုင်ငံများကို အသုံးပြုခြင်းကြောင့် ဥရောပနိုင်ငံများသို့ အမှန်တကယ် ရောက်ရှိလာသည့် ပမာဏမှာ ၎င်းထက် အဆများစွာ ပိုနိုင်သည်။ ဥပမာ မြန်မာ့သစ်လုပ်ငန်းကို ဒဏ်ခတ်အရေးယူမှု ချမှတ်ထားခြင်း မရှိသော အိန္ဒိယနိုင်ငံ၏ ဥရောပသမဂ္ဂနိုင်ငံများသို့ သစ်တင်ပို့မှုသည် ၂၀၂၁ ခုနှစ်တွင် အကြမ်းဖျဉ်း အမေရိကန်ဒေါ်လာ ၅၂၅၀၀၀ ရှိရာမှာ ၂၀၂၃ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၇.၉ သန်းသို့ မြင့်တက်လာကြောင်း ယူကေအခြေစိုက် စောင့်ကြည့်ရေးအဖွဲ့ Environmental Investigation Agency (EIA) ထံ မှ သိရသည်။
ပိုလန်သို့ ဝင်ရောက်လာသော မြန်မာမှ ကျွန်းသစ်များ၏ အဆုံးသတ် ဆိုက်ရောက်မည့်နေရာကို ရှင်းလင်းစွာ မသိရဟု ClientEarth က Mongabay ကို ပြောသည်။ International Consortium of Investigative Journalists (ICIJ) ၏ ၂၀၂၃ ခုနှစ် စုံစမ်းစစ်ဆေးချက်တွင် သစ်မှောင်ခိုသမားများသည် ပိုမိုကျယ်ပြန့် သော ဥရောပဈေးကွက်အတွင်းရောက်ရှိရန် ဥပဒေ အသက်ဝင်မှု အားနည်းသော နိုင်ငံများကို ဝင်ပေါက်အဖြစ် အခွင့်ကောင်းယူ အမြတ်ထုတ်လေ့ရှိသည်ဟု ဖော်ထုတ်တွေ့ရှိခဲ့သည်။
EUTR ကို အစားထိုးသွားမည့် ဥရောပသမဂ္ဂ သစ်တောပြုန်းတီးမှုဆိုင်ရာ စည်းမျဉ်း EU Deforestation Regulation (EUDR) သည် နိုင်ငံအဆင့် သစ်ကုန်သွယ်မှု စည်းကမ်းထိန်းသိမ်းရေး လုပ်ဆောင်သူများ၏ စောင့်ကြည့် စစ်ဆေးခြင်း၊ ဥပဒေနှင့် အသက်ဝင်စေရန် အားထုတ်ခြင်းများကို ခိုင်မာစေမည်ဟု Łuszczek က မှတ်ချက်ပြုသည်။ ၎င်း စည်းမျဉ်းများကို အစိုးရများနှင့် လုပ်ငန်းလုပ်ကိုင်နေသည့် အဖွဲ့များက ဆန့်ကျင်နေမှုကြောင့် အငြင်းပွား ဖွယ်ရာ နှောင့်နှေးနေခြင်းဖြစ်သည်။ နိုဝင်ဘာလ ၂၀၂၄ ခုနှစ်တွင် ဥရောပလွှတ်တော်က စည်းမျဉ်းများ အကောင် အထည်ဖော်မှုကို ၂၀၂၅ ခုနှစ် နှစ်ကုန်အထိ ရွှေ့ဆိုင်းရန် မဲပေးခဲ့ကြသည်။ ၎င်းစည်းမျဉ်းများက သစ်ကုန်သွယ်မှု စည်းမျဉ်းများသာမက အခြားသော သစ်တောပြုန်းတီးမှုနှင့် ဆက်စပ်နေသည့် ကုန်စည် အများအပြားအတွက်ပါ ပြဌာန်းသတ်မှတ်ပေးရန် ရည်ရွယ်ထားခြင်းဖြစ်သည်။
စည်းကမ်းထိန်းသိမ်းသူများက ရွှေ့ဆိုင်းမှုကို အကြောင်းပြ၍ အရေးယူမှု မပြုဘဲ မနေသင့်ကြောင်း Łuszczek က ပြောသည်။ ၎င်းရွှေ့ဆိုင်းထားသည့်အချိန်ကိုပြည့်စုံလုံလောက်သည့် စနစ်တစ်ခု တည်ထောင်ရန် အသုံးချသင့် သည်ဟု ဆိုသည်။ "နှောင့်နှေးမှုဟာ လိုက်နာခြင်း မရှိတာတွေအတွက် နောက်ထပ် တစ်နှစ် အချိန်ရှိသေးတယ်၊ တရားမဝင် သစ်တွေ ပိုလန်ကနေတစ်ဆင့် ဥရောပကို စီးဆင်းနေတာ နောက်ထပ် တစ်နှစ် အချိန်ရတယ်လို့ ဆိုလိုပါတယ်။” ဟု သူမက ဆိုသည်။ "ဒါပေမယ့် အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ သူတို့ရဲ့ တာဝန်ဝတ္တရားတွေကို ဖြည့်ဆည်းလိုက်နာဖို့ လုံလောက်တဲ့ အရင်းအမြစ်တွေ သတ်သတ်မှတ်မှတ် ထားရှိဖို့အတွက် EUDR က အခွင့်ကောင်းတစ်ခုပါပဲ။ ဘာကြောင့်လဲဆိုတော့ သူတို့ အပြောင်းအလဲတွေကို ဘယ်လိုပဲဖြစ်ဖြစ် လုပ်ရမှာကြောင့်ပါ။”
ပေါ်ပေါက်လာမည့် EUDR သည် သက်ဆိုင်ရာ အာဏာပိုင်များကို တိုင်ကြား အမှုဖွင့်လာလျှင်လည်း စုံစမ်းစစ်ဆေး ပေးရန် လိုအပ်လာမည်ဖြစ်သည့်အတွက် တရားစီရင်ရေး ယန္တရားကို ပိုမိုလက်လှမ်းမီလာစေမည် ဖြစ်သည်။ "လက်ရှိ ပိုလန်ဥပဒေက အရေးယူ ဆောင်ရွက်ပေးဖို့ ကျွန်မတို့ ပေးပို့တင်သွင်းချက်တွေကို အခွင့်ရှိတဲ့ အာဏာပိုင်တွေက အရေးယူ လိုက်နာပေးစရာမလိုဘူး။” ဟု Łuszczek က ပြောသည်။ "ဒါပေမယ့် အနာဂတ်မှာ EUDR ကို မှန်မှန်ကန်ကန် အကောင် အထည် ဖော်နိုင်တဲ့အခါကျရင် အာဏာပိုင်တွေကသာ ကျွန်မတို့ရဲ့ တိုင်ချက်တွေကို ပယ်ချလိုက်တာနဲ့ ကျွန်မတို့ တရားရုံးမှာ ရင်ဆိုင်လို့ရပြီ။ အာဏာပိုင်တွေကပဲ တိုင်ချက်တွေကို အရေးယူလုပ်ဆောင်မယ်၊ မလုပ် ဆောင်ဘူးဆိုတာ ဆုံးဖြတ်ရမှာ မဟုတ်တော့ဘူး။ ဒါကြောင့် EUDR ကို မှန်မှန်ကန်ကန် အကောင်အထည်ဖော်ဖို့ တကယ့်ကို အရေးကြီးပါတယ်။”
၂၀၂၅ ခုနှစ် အစပိုင်း၌ ပိုလန်နိုင်ငံသည် ဥရောပကောင်စီ၏ ဥက္ကဌနေရာ ယူပြီးနောက် မကြုံစဖူး အများ၏ ဝေဖန်ဆန်းစစ်မှုကို ခံနေရသည်။ ပိုလန်အာဏာပိုင်များကို ၎င်းတို့၏ အုပ်ချုပ်မှုကောင်းမွန်စေရေး လိုက်နာကြိုး ပမ်းမှုကို ပြသရန် သစ်ထုတ်လုပ်ကုန်သွယ်မှု လုပ်ငန်းများမှ ပြဿနာများကို ဖြေရှင်းခြင်းဖြင့် ပြသရန် ခေါင်းဆောင် ပိုင်းက တွန်းအားပေးသင့်သည်ဟု Łuszczek က ပြောသည်။ သူမ၏ စကားအတိုင်းဆိုလျှင် "ပိုလန်နိုင်ငံမှာ အရေးယူဆောင်ရွက်ဖို့ ဥပဒေအရ၊ ကိုယ်ကျင့်ဝတ္တရားအရ တာဝန်ရှိပါတယ်။” ဟု ဖြစ်သည်။
ကိုးကား - Mongabay
ပုံစာ - အရှေ့တောင်အာရှ သစ်တောတစ်ခုအတွင်းမှ သစ်များ သယ်ဆောင်လာသော သစ်တင်ကားတစ်စီး။
(Photo: Rhett A. Butler / Mongabay)
Top News
လွန်ခဲ့သော ၁၅ ရက် က
လွန်ခဲ့သော ၁၉ ရက် က
လွန်ခဲ့သော ၁၉ ရက် က