bap-logo
Weather

ပြီးခဲ့သည့်နှစ်တွင် သစ်ပင်များနှင့် မြေသားတို့မှ ကာဗွန်ဒိုင်အောက်ဆိုဒ် စုပ်ယူမှု လုံး၀ မရှိသလောက်ဖြစ်

rLl7z8NpLkHuP4QwSj1j6-image

လွန်ခဲ့သော ၃ ရက် က

BAP၊ ဘာသာပြန်။

 

ကာဗွန်စုပ်ယူသည့်အရာများ ရုတ်တရက် ယိုယွင်းပြိုလဲခြင်းကို ရာသီဥတုပုံစံများ တွက်ချက်ရာတွင် ထည့်သွင်းစဉ်းစားလေ့ မရှိကြပေ။ ထို့အတွက် ကမ္ဘာ့အပူချိန်မြင့်တက်မှု လျင်မြန်စွာ ကြုံတွေ့လာရနိုင်သည်။

 

ကာဗွန်စုပ်ယူမှုဖြစ်စဉ်မှာ နေ့ရက်တစ်ရက်၏ ညပိုင်းသို့ ကျရောက်သည်နှင့် စတင်ဖြစ်ပေါ်သည်။ အလင်းရောင် ပျောက်ကွယ်သွားသည်နှင့် zooplanktoncrustaceans နှင့် အခြားအဏ္ဏဝါတွင်းမှ သက်ရှိများက အဏုကြည့် မှန်ပြောင်းဖြင့်သာ တွေ့နိုင်သော ရေညှိ ရေမှော်များကို စားသောက်ရန် သမုဒ္ဒရာမျက်နှာပြင်သို့ တက်လာကြကာ နေထွက်လျှင် ရေနက်သို့ ပြန်ဝင်သွားကြသည်။ (zooplankton များမှာ ရေထဲတွင် မျောပါနေပြီး အဏုကြည့် မှန်ပြောင်းနှင့် ကြည့်မှသာ မြင်ရသည့် သက်ရှိများမှသည် ကြီးမားသော သက်ရှိများအထိ ဥပမာ - ဂျယ်လီငါး၊ ပုဇွန်ကဲ့သို့သတ္တဝါများ ကျယ်ပြန့်များပြားသောရေထုတွင်း နေထိုင်သည့် သတ္တဝါများ ပါဝင်သည်။ Crustaceans များမှာ ခြေ၊ လက် အဆစ်အပိုင်းများပါဝင်သည့် ဂဏန်း၊ ပုဇွန်တုပ်ကြီးကဲ့သို့ ရေနေသတ္တဝါများ ဖြစ်သည်။)

 

၎င်း ကမ္ဘာ့အအများပြားဆုံး ပြောင်းရွှေ့လှုပ်ရှားနေထိုင်ကြသည့် သတ္တဝါများ၏ လှုပ်ရှားမှုနှင့် စားသောက်မှု အလေ့အထများမှ ပေါ်ထွက်လာသည့် စွန့်ထုတ်ပစ္စည်းများ၊ အသေကောင်များ သမုဒ္ဒရာကြမ်းပြင်သို့ နစ်မြုပ်သွား သောဖြစ်စဉ်က ပင်လယ်မျက်နှာပြင် လေထုအတွင်းရှိ ကာဗွန် တန်ချိန် သန်းပေါင်းများစွာကို နှစ်စဉ် ဖယ်ရှားပေး နေသည်။

 

၎င်းလှုပ်ရှားမှုဖြစ်စဉ်သည် ကမ္ဘာ့ရာသီဥတုကို ထိန်းညှိပေးနေသော ထောင်ချီသည့် သဘာဝလုပ်ငန်းစဉ်များ အနက်မှ တစ်ခု ဖြစ်သည်။ ကမ္ဘာပေါ်ရှိ သမုဒ္ဒရာများ၊ သစ်တောများ၊ မြေသားများနှင့် အခြား သဘာဝ ကာဗွန်စုပ်ယူ မှုဖြစ်စဉ်များက လူသားတို့၏ ကာဗွန်စွန့်ထုတ်မှု တစ်ဝက်ခန့်ကို စုပ်ယူနေကြသည်။

 

သို့သော် ကမ္ဘာအပူချိန် မြင့်တက်လာသည်နှင့်အမျှ အထက်ပါ အရေးကြီးသည့် လုပ်ငန်းစဉ်များ ပျက်ယွင်းသွား မည်ကို သိပ္ပံပညာရှင်များက စိုးရိမ်မှုများ တိုးမြင့်လာကြသည်။

 

အပူဆုံးနှစ်အဖြစ် စံချိန်တင်ခဲ့သည့် ၂၀၂၃ ခုနှစ်တွင် မြေကြီးမှ စုပ်ယူရန် ပျက်ယွင်းခဲ့သော ကာဗွန်ပမာဏကို နိုင်ငံတကာ သုတေသီအဖွဲ့တစ်ခု၏ ကနဦး တွေ့ရှိမှုတွင် ဖော်ပြခဲ့ကြသည်။ သစ်တောများ၊ သစ်ပင်များနှင့် မြေကြီးတို့က စုပ်ယူခဲ့သည့် ကာဗွန် အသားတင် ပျမ်းမျှ ပမာဏမှာ လုံးဝ မရှိသလောက်ပင်ဖြစ်သည်ဟု နောက်ဆုံး ရလဒ်က ဖော်ပြသည်။

 

ပင်လယ်တွင်လည်း သတိပေးချက် လက္ခဏာများ တွေ့မြင်နေရသည်။ ဂရင်းလန်း ရေခဲမြစ်များ၊ အာတိတ် ရေခဲပြင်များသည် မျှော်မှန်းထားသည်ထက် လျင်မြန်စွာ အရည်ပျော်နေကြသည်။ ထို့အတွက် Gulf Stream (အတ္တလန်တိတ် သမုဒ္ဒရာ ရေစီးကြောင်း) ကို နှောက်ယှက်ယိုယွင်းစေပြီး သမုဒ္ဒရာများ၏ ကာဗွန်စုပ်ယူမှု နှုန်းထားကို နှေးကွေးစေသည်။ ရေညှိ‌ ရေမှော်စားသူ zooplankton များအတွက်မူ ပယ်လယ်တွင်း ရေခဲ အရေ ပျော်မှုသည် ၎င်းတို့ကို နေရောင်ထိတွေ့မှု ပိုမိုဖြစ်ပေါ်စေသည့်အတွက် ၎င်းပြောင်းလဲမှုက ၎င်းတို့ကို ရေနက်ပိုင်း တွင် ပိုမိုကြာရှည်စွာ နေထိုင်လာစေသည်ဟု သိပ္ပံပညာရှင်များက ပြောသည်။ ထို့အတွက် ၎င်းတို့၏ အထက် အောက် ကူးပြောင်းသွားလာကာ သမုဒ္ဒရာ ကြမ်းပြင်သို့ ကာဗွန်များ နစ်မြုပ်စေမှုကို အနှောက်အယှက် ဖြစ်စေသည်။

 

ကမ္ဘာကြီးရဲ့ ခံနိုင်ရည်စွမ်းမှာ အက်ကြောင်းတွေ တွေ့နေရပါတယ်။ ကုန်းမြေတွေမှာ အက်ကြောင်းတွေ အမြောက်အများတွေ့နေနေရတယ်။ ကုန်းမြေဂေဟစနစ်တွေဟာ ကာဗွန်သိမ်းဆည်းမှု၊ စုပ်ယူမှုတွေ လျော့နည်း လာတယ်။ သမုဒ္ဒရာတွေကတော့ မတည်ငြိမ်မှု လက္ခဏာတွေ ပြသနေပါတယ်။” ဟု Potsdam ရာသီဥတု ရိုက်ခတ်မှု သုတေသန အင်စတီကျုမှ ညွှန်ကြားရေးမှူး Johan Rockström က စက်တင်ဘာလ နယူးယော့မြို့တွင် ပြုလုပ်သော အခမ်းအနားတစ်ခုတွင် ပြောသည်။

 

ကျွန်တော်တို့က အလွဲသုံးစားလုပ်ခဲ့သလောက် သဘာဝက ထိန်းညှိပေးခဲ့ပါတယ်။ အခုတော့ အဆုံးသတ်ပိုင်းကို ရောက်လာနေပါပြီ။” ဟု ၎င်းက ပြောသည်။

 

မိုးခေါင်ခြင်းနှင့် တောမီးများ၏ ပြင်းထန်ခြင်းမရှိလျှင် ၂၀၂၃ ခုနှစ် ကုန်းမြေမှ ကာဗွန်စုပ်ယူမှု ချို့ယွင်းချက်သည် ယာယီသာ ဖြစ်နိုင်ပြီး ကုန်းမြေသည် ကာဗွန်များကို ပြန်လည် စုပ်ယူဦးမည်ဖြစ်သည်။ သို့သော် ၎င်းအချင်းအရာက သက်သေခံပြသနေသည်မှာ ရာသီဥတုဆိုင်ရာ အကျပ်အတည်းအတွက် သက်ရောက်ရိုက်ခတ်မှု အများအပြား ဖြစ်ပေါ်နေစဉ် ၎င်းဂေဟစနစ်များ၏ ထိခိုက်ပျက်စီးလွယ်မှုဖြစ်သည်။

 

Net zero (ဖန်လုံအိမ် ဓာတ်ငွေ့ထုတ်လွှတ်မှုနှင့် ဖယ်ရှားမှု မျှခြေ) သို့ ရောက်ရှိရန် သဘာဝမပါဘဲ မဖြစ်နိုင်ချေ။ လေထုအတွင်းမှ ကာဗွန် အမြောက်အများ ဖယ်ရှားနိုင်သည့် နည်းပညာမရှိသေးသည့်အတွက် လူတို့၏ ကာဗွန်စွန့်ထုတ် ညစ်ညမ်းမှုကို စုပ်ယူနိုင်ရန် ကမ္ဘာပေါ်ရှိ များပြားလှစွာသော သစ်တောများ၊ မြက်ခင်းပြင်များ၊ သစ်ဆွေး စိမ့်မြေများ၊ သမုဒ္ဒရာများသည်သာ တစ်ခုတည်းသော ရွေးချယ်ဖွယ်ရာအဖြစ် ကျန်ရှိနေသည်။ လူတို့၏ ကာဗွန်စွန့်ထုတ် ညစ်ညမ်းမှုမှာ ၂၀၂၃ ခုနှစ်တွင် တန်ချိန် ၃၇.၄ ဘီလီယံဖြင့် စံချိန်တင်ခဲ့သည်။

 

နိုင်ငံအဆင့် ရာသီဥတုဖြစ်စဉ် ရည်မှန်းချက် ပြည့်မှီရန် အနည်းဆုံး နိုင်ငံ ၁၁၈ နိုင်ငံသည် ကုန်းမြေအပေါ်တွင် မှီခိုအားထားနေရသည်။ သို့သော် အပူချိန်မြင့်တက်လာခြင်းကြောင့် ပြင်းထန်သော ရာသီဥတုအခြေအနေနှင့် မိုးခေါင်ခြင်းတို့က ဂေဟစနစ်များကို မကြုံဖူးသေးသည့် နယ်ပယ်များသို့ တွန်းပို့နေကြသည်။

 

၂၀၂၃ ခုနှစ်တွင် တွေ့မြင်ခဲ့ရသော ကုန်းမြေမှ ကာဗွန်စုပ်ယူမှု လျင်မြန်စွာ ယိုယွင်းခြင်းသည် ရာသီဥတု ပုံစံအများစုတွင် ထည့်သွင်းတွက်ချက်ခဲ့ခြင်း မရှိကြပါ။ ဤကဲ့သို့ ဆက်လက်ဖြစ်ပွားနေလျှင် ယခင်ခန့်မှန်း ထားသည့် ၎င်းရာသီဥတုပုံစံများကို ကျော်လွန်၍ ကမ္ဘာကြီး အလျင် အမြန် ပူပြင်းလာမှု အလားအလာ မြင့်တက် လာသည်။

 

- “ကျွန်တော်တို့ နေသာသလို နေခဲ့ကြတဲ့အတွက် အကျပ်အတည်းကို မမြင်နိုင်ခဲ့ကြဘူး။”

 

ပြီးခဲ့သည့် နှစ်ပေါင်း ၁၂၀၀၀ အတွင်း ကမ္ဘာ့ရာသီဥတုသည် ထိခိုက်ပျက်စီးလွယ်မှု မျှခြေတွင် တည်ရှိနေခဲ့သည်။ တည်ငြိမ်သော မိုးလေဝသ ထပ်ကျော့ဖြစ်စဉ်များက ခေတ်သစ်စိုက်ပျိုးရေးကို ဖွံ့ဖြိုးတိုးတက်စေခဲ့သည်။ ထို့အတွက် လူဦးရေ သန်း ၈ ထောင်ကျော်ကို အထောက်အပံ့ဖြစ်စေခဲ့သည်။

 

လူတို့၏ ကာဗွန်စွန့်ထုတ်မှု မြင့်တက်လာသောအခါ သဘာဝ၏ ကာဗွန်စုပ်ယူမှုပမာဏလည်း မြင့်တက် လာခဲ့သည်။ ကာဗွန် ဒိုင်အောက်ဆိုဒ်မြင့်မားခြင်းက သစ်ပင်များအတွက် ကာဗွန်များ ပိုမိုစုပ်ယူခြင်းဖြင့် လျင်မြန်စွာ ကြီးထွားစေသည်။ သို့သော် အပူချိန်မြင့်တက်လာခြင်းကြောင့် ဟန်ချက်မျှမှုမှာ စတင် ပြောင်းလဲနေပြီဖြစ်သည်။

 

ကျွန်တော်တို့က အရေးယူဖို့ အချိန်ဆွဲ နှောင့်နှေးနေချိန်မှာ ဇီဝမျိုးစုံမျိုးကွဲတွေကျေးဇူးနဲ့ ကျွန်တော်တို့ကို တိတ်တဆိတ်ကူညီနေတဲ့ ကမ္ဘာကြီးအတွက် ဖိအားဖြစ်စေတယ်။” ဟု Rockström က ပြောသည်။

 

"ကျွန်တော်တို့က သက်သာသလို နေထိုင်နေကြပြီး အကျပ်အတည်းကို မမြင်နိုင်ခဲ့ကြဘူး။”

 

အဓိက အပူပိုင်းမိုးသစ်တောဒေသရှိရာ ကွန်ဂိုမြစ်ဝှမ်းသည်သာ တစ်ခုတည်းသော အားကောင်းသည့် ကာဗွန်စုပ်ယူ ရာနေရာအဖြစ် ကျန်ရစ်ပြီး လေထုထဲသို့ စွန့်ထုတ်သည်ထက် ပိုသော ကာဗွန်များကို ဖယ်ရှားနိုင်ခဲ့သည်။ အယ်နီညို ရာသီဥတု ထပ်ကျော့ဖြစ်စဉ်များ၊ သစ်တောပြုန်းတီးခြင်းနှင့် ကမ္ဘာ့အပူချိန်မြင့်တက်ခြင်းတို့ ပိုမိုဆိုးရွား လာသောကြောင့် အမေဇုန်မြစ်ဝှမ်းသည် စံချိန်တင် မိုးခေါင်မှုနှင့် သမိုင်းတစ်လျှောက် မြစ်ရေအနည်းဆုံး အခြေအနေများ ကြုံတွေ့နေရသည်။ စိုက်ပျိုးရေးနယ်မြေ ချဲ့ထွင်ခြင်းကြောင့် အရှေ့တောင်အာရှမှ အပူပိုင်းမိုးသစ်တောများသည် မကြာသေးခင်နှစ်များအတွင်း ကာဗွန် အသားတင် ထုတ်လွှတ်သည့် အရင်းအမြစ်များ အဖြစ် ပြောင်းလဲလာသည်။

 

သမုဒ္ဒရာများပြီးလျှင် ဒုတိယအကြီးဆုံး ကာဗွန်သိုလှောင်ရာ ဖြစ်သည့် မြေကြီးမှ ထုတ်လွှတ်မှုသည် ယခုနှုန်းအတိုင်းသာ ဆက်ရှိနေပါက မြေကြီးများ ပိုမို ခြောက်သွေ့လာပြီး အဏုဇီဝပိုးမွှားများ ပိုမိုလျင်မြန်စွာ ပုပ်သိုးဆွေးမြည့်လာခြင်းကြောင့်ရာစုနှစ်အကုန်တွင် ကာဗွန်ထုတ်လွှတ်မှု ၄၀ % တိုးလာမည်ဟု မျှော်မှန်းရသည်။

 

ရာသီဥတုလိုပဲ ဇီဝနယ်ပယ်မှာလည်း ခန့်မှန်းထားသလိုမဟုတ်တဲ့ အံ့အားသင့်စရာ တုန့်ပြန်မှုတွေ ကျွန်တော်တို့ မြင်နေရပါတယ်။” Exeter တက္ကသိုလ်မှ ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်နှင့်ကမ္ဘာ့စနစ်သိပ္ပံ ပါမောက္ခ Tim Lenton က ပြောသည်။

 

ခင်ဗျားမေးရမှာက – သူတို့ရဲ့ ကာဗွန်စုပ်ယူမှု ဒါမှမဟုတ် ကာဗွန်သိုလှောင်မှုအပေါ်မှာ ဘယ်အဆင့်ထိ ကျွန်တော်တို့ မှီခိုအားထားလို့ ရမှာလဲ ဆိုတာပါပဲ။” ဟု ၎င်းက ပြောသည်။

 

ဂျူလိုင်လတွင် ဖြန့်ချိခဲ့သော စာတမ်းတစ်စောင်တွင် ၁၉၉၀ ခုနှစ်နှင့် ၂၀၁၉ ခုနှစ်အကြား သစ်တောများမှ စုပ်ယူသော ကာဗွန်စုစုပေါင်းပမာဏမှာ တည်ငြိမ်ခဲ့ပြီး ဒေသအလိုက် သိသိသာသာ ကွဲပြားခဲ့သည်ဟု ဖော်ပြထားသည်။ ကမ္ဘာပေါ်ရှိ ကုန်းမြေပေါ်တွင် တွေ့နိုင်သော ကာဗွန်အားလုံး၏ သုံးပုံတစ်ပုံ တည်ရှိရာ ရုရှား၊ စကင်ဒီနေးဗီးယား၊ ကနေဒါနှင့် အလာစကာတို့မှ Boreal သစ်တော (မြောက်ပိုင်းဒေသ၊ ထင်းရှူးကဲ့သို့ အပင်များပေါက်ရာ သစ်တောများ) သည် ကာဗွန်စုပ်ယူမှု ရုတ်တရက် သိသာစွာ ကျဆင်းခဲ့သည်။ ရာသီဥတုနှင့် ဆက်စပ်နေသည့် ပိုးတောင်မာ ပေါက်ပွားပျံ့နှံ့မှု၊ မီး၊ သစ်ထုတ်လုပ်ရေးအတွက် ရှင်းလင်းရေးများကြောင့် ကာဗွန်စုပ်ယူမှု သုံးပုံတစ်ပုံကျော် ကျဆင်းခဲ့ခြင်းဖြစ်သည်။

 

အမေဇုန်၏ ခံနိုင်ရည်စွမ်း ကျဆင်းခြင်းနှင့် အပူပိုင်းဒေသတချို့ မိုးခေါင်ခြင်းတို့ ပေါင်းစပ်ကာ မြောက်ပိုင်း သစ်တောများ၏ ပူပြင်းမှုအခြေအနေကြောင့် ၂၀၂၃ ခုနှစ် ကာဗွန်စုပ်ယူမှုကို ယိုယွင်းစေခဲ့ပြီး လေထုအတွင်း ကာဗွန်မြင့်မားမှု ဖြစ်ပေါ်စေခဲ့သည်။

 

၂၀၂၃ ခုနှစ်မှာ လေထုတွင်း CO2 အရမ်းမြင့်တယ်ဆိုတာက မြေပြင် ဇီဝနယ်ပယ်က စုပ်ယူမှု အလွန့် အလွန် နည်းနေတယ်လို့ ဆိုလိုပါတယ်။” ပြင်သစ်ဓာတ်ခွဲခန်းတစ်ခုဖြစ်သည့်ရာသီဥတုနှင့် ပတ်ဝန်းကျင်ဆိုင်ရာ သိပ္ပံမှ သုတေသီ Philipe Ciais က ပြောသည်။ ၎င်းသည် မကြာသေးမီက စာတမ်းတစ်စောင် ရေးသားခဲ့သူလည်း ဖြစ်သည်။

 

“CO2 စုပ်ယူမှု တစ်ဝက်ကျော်ရှိတဲ့ မြောက်ကမ္ဘာခြမ်းမှာ ရှစ်နှစ်လောက် စုပ်ယူမှု လျော့နည်းလာတာ တွေ့ရပါတယ်။” ဟု ၎င်းက ပြောသည်။ "စုပ်ယူမှု ပြန်တက်လာမယ်လို့ ပြောနိုင်စရာ အကြောင်း မရှိဘူး။”

 

သဘာဝ၏ CO2 စုပ်ယူမှု အကြီးဆုံး သမုဒ္ဒရာများသည် မကြာသေးမီ ဆယ်စုနှစ်များအတွင်းက ရုပ်ကြွင်းလောင်စာများမှ ပူနွေးမှု ၉၀ % ကို စုပ်ယူထိန်းသိမ်းပေးခဲ့ပြီး ပင်လယ်ပြင်အပူချိန် မြင့်တက်မှု ဖြစ်စေခဲ့သည်။ ထို့အတွက် သမုဒ္ဒရာများ၏ ကာဗွန်စုပ်ယူမှုကို အားနည်းစေသည်ဟု လေ့လာမှုများက တွေ့ရှိခဲ့သည်။

 

- “ရာသီဥတုပုံစံများတွင် ထည့်သွင်း တွက်ချက်ခြင်း မပြုခဲ့”

 

ကုန်းမြေနှင့် သမုဒ္ဒရာများကို ဖြတ်သန်းသွားသော ကာဗွန်စီးဆင်းပုံမှာ ရာသီဥတုသိပ္ပံတွင် နားလည်မှု အနည်းဆုံးသော နယ်ပယ်များအနက် တစ်ခုဖြစ်သည်ဟု သုတေသီများက ပြောသည်။ လူများက ထုတ်လွှတ်မှုမှာ တိုင်းတာရန် ရိုးရှင်းသော်လည်း ကမ္ဘာ့သဘာဝတွင်းမှ များပြားသည့် ပမာဏ၊ လုပ်ငန်းစဉ် ရှုပ်ထွေးမှုများကို နားလည်ရာတွင် အရေးကြီးသော ကွက်လပ်များ ရှိနေဆဲဖြစ်သည်။

 

သစ်တောများ၊ သစ်ဆွေးစိမ့်မြေများ၊ အေးခဲနေသည့် မြေလွှာ၊ ကျောက်လွှာများ၊ သမုဒ္ဒရာလည်ပတ်မှုများကို စောင့်ကြည့်နိုင်သည့် ဂြိုဟ်တုနည်းပညာတိုးတက်လာသော်လည်း အကဲဖြတ်ဆန်းစစ်မှုများနှင့် နိုင်ငံတကာ အစီရင်ခံစာများမှ ခန့်မှန်းချက်များမှာ မကြာခဏ အကြီးအကျယ် မှားယွင်းတတ်ကြသည်။ ထို့အတွက် အနာဂတ်တွင် ကမ္ဘာကြီး၏ သဘာဝ ကာဗွန်စုပ်ယူမှု အမူအကျင့် မည်ကဲ့သို့ဖြစ်မည်ကို ခန့်မှန်းရာတွင် ခက်ခဲစေသည်။ ၎င်းအချက်က ဂေဟစနစ်မျိုးစုံတို့၏ ရုတ်တရက် ပျက်ယွင်းမှုကို ပုံစံထုတ်မှုများတွင် ထည့်သွင်းစဉ်းစားခဲ့ခြင်း မရှိကြဟု ဆိုလိုသည်။

 

ယေဘုယျအားဖြင့် ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်ရဲ့ ရလဒ်အဖြစ် အနာဂတ်မှာ ကုန်းမြေက စုပ်ယူမှုနဲ့ သမုဒ္ဒရာတွေက စုပ်ယူမှုတွေဟာ လျော့ကျသွားမယ်လို့ ပုံစံထုတ်မှုတွေက ဖော်ပြကြပါတယ်။ ဒါပေမယ့် ဒါက ဘယ်လောက် မြန်မြန် ဖြစ်လာမှာလဲဆိုတာ မေးစရာရှိတယ်။ ပုံစံထုတ်ထားတွေကတော့ နောက် နှစ် ၁၀၀ လောက်မှာ ဖြည်းဖြည်းချင်း ဖြစ်လာနိုင်တယ်လို့ ပြတယ်။” ဟု Exeter တက္ကသိုလ်မှ အဏ္ဏဝါနှင့်လေထုသိပ္ပံအဖွဲ့ အကြီးအကဲ ပါမောက္ခ Andrew Watson က ပြောသည်။

 

ဒါက အများကြီး မြန်မြန်လည်း ဖြစ်လာနိုင်တယ်။” ဟု ၎င်းက ပြောသည်။ "ရာသီဥတုဆိုင်ရာ သိပ္ပံပညာရှင်တွေက ရာသီဥတုပြောင်းလဲမှုကို စိတ်ပူနေတာက ပုံစံထုတ်ထားတာတွေမှာ ပါဝင်တဲ့အချက်တွေကြောင့် မဟုတ်ဘူး။ ပုံစံထုတ်ထားတာတွေမှာ မပါဝင်တဲ့ အချက်တွေကြောင့် ဖြစ်ပါတယ်။”

 

သိပ္ပံပညာရှင်များ အသုံးပြုနေသည့် နောက်ဆုံးရ ကမ္ဘာ့စနစ် အများအပြားတွင် အမေဇုန်မှ သစ်ပင်များ အရွက်ဖျား၊ အမြစ်ဖျားများမှ သေဆုံးလာခြင်းနှင့် သမုဒ္ဒရာ ရေစီးကြောင်းများ နှေးကွေးလာခြင်းတို့ကို ထည့်သွင်း တွက်ချက် ထား‌သော သဘာဝတွင်း ကမ္ဘာ့အပူချိန် သက်ရောက်မှုအချို့ပါဝင်သည်။ သို့သော် မကြာသေးမီ နှစ်များအတွင်းက ကာဗွန်ထုတ်လုပ်မှု အဓိက အရင်းအမြစ်များကြောင့် ဖြစ်ပျက်မှုများ မပါဝင်သေးဟု သိပ္ပံပညာရှင်များက ပြောသည်။

 

ဒီပုံစံထုတ်ထားတွေက တစ်ခုမှ ဆုံးရှုံးမှုဖြစ်ပေါ်စေတဲ့ လေ့လာထားပြီးသား ပြင်းထန်တဲ့အချက်တွေကို ထည့်တွက် မထားဘူး။ ဥပမာ အမေရိကန် ရုပ်ကြွင်းထုတ်လွှတ်မှု ခြောက်လစာနဲ့ ညီမျှတဲ့ မနှစ်က ကနေဒါ တောမီးလိုပေါ့။ ဆိုက်ဘေးရီးယားမှာလည်း အဲဒီလောက် ပမာဏ ကာဗွန်တွေ ထုတ်လွှတ်ခဲ့တယ်ဆိုတာ လွန်ခဲ့တဲ့ နှစ်နှစ်က ကျွန်တော်တို့ စာတမ်းတစ်စောင် ရေးသားခဲ့ပါတယ်။” ဟု Ciais က ပြောသည်။

 

ရာသီဥတုပုံစံတွေမှာ မပါဝင်တဲ့ နောက်ထပ်လုပ်ငန်းစဉ်တစ်ခုက အခြေခံအချက်တစ်ခုဖြစ်တဲ့ သစ်ပင်တွေဟာ မိုးခေါင်လို့ သေကုန်ကြတယ်ဆိုတဲ့ အချက်ပါ။ ဒါကို လေ့လာပြီးသားပါ။ ပုံစံတစ်ခုမှ ကုန်းမြေ ကာဗွန်စုပ်ယူမှု တင်ပြချက်တွေမှာ မိုးခေါင်မှုကြောင့် သေဆုံးခြင်းကို ဖော်ပြထားတာ မရှိပါဘူး။” ဟု ၎င်းက ပြောသည်။

 

"ပုံစံတွေမှာ ဒီအချက်တွေ အားနည်းနေတဲ့အတွက် အရမ်း အကောင်းမြင်နေရသလို ဖြစ်နေတယ်။”

 

- “သဘာဝ ကာဗွန်စုပ်ယူမှုများ အလုပ်မလုပ်တော့လျှင် ဘာဖြစ်နိုင်သနည်း။”

 

ရာသီဥတုကြောင့် ဖြစ်ပေါ်လာမည့် အကျိုးဆက်များမှာ သိသိသာသာ ပြင်းထန်သည်။ အနိမ့်ဆုံးဖြစ်သော သဘာဝ၏ ကာဗွန်စုပ်ယူနိုင်စွမ်း အားနည်းခြင်းကပင်လျှင် net zero သို့ ရောက်ရှိရန် ကမ္ဘာကြီးက ဖန်လုံအိမ် ဓာတ်ငွေ့ထုတ်လွှတ်မှု သိသိသာသာ ဖြတ်တောက်ရမည်ဟု ဆိုလိုနေသည်။ ယခုအချိန်ထိ ဒေသဆိုင်ရာအဖြစ်သာ ရှိသေးသော ကုန်းမြေမှ ကာဗွန်စုပ်ယူမှု အားနည်းခြင်းသည် ကာဗွန်ဒိုင်အောက်ဆိုဒ် လျှော့ချရေးအစီအစဉ်များ ဖျက်သိမ်းခြင်း၏ အကျိုးသက်ရောက်မှုများဖြစ်သည်။ ရာသီဥတုဆိုင်ရာ ရည်မှန်းချက်များဆီသို့ တိုးတက် လုပ်ဆောင်ရေးမှာ နိုင်ငံအများအပြားအတွက် ခက်ခဲရုန်းကန်နေရဆဲဖြစ်သည်။

 

ဩစတြေးလျတွင် အပူလွန်ကဲမှုကြောင့် ကြီးမားသော မြေကြီးမှ ကာဗွန်ထုတ်လွှတ်မှုနှင့် rangelands (အလယ်ပိုင်းမှ မြက်နှင့် အပင်ငယ်များပေါက်ရောက်ရာဒေသများ) မိုးခေါင်မှုကြောင့် ကာဗွန်ထုတ်လွှတ်မှု ဆက်လက်မြင့်တက်နေလျှင် ရာသီဥတုဆိုင်ရာ ရည်မှန်းချက်များ မပြည်မီနိုင်ဟု ယခုနှစ် လေ့လာချက်တစ်ရပ်တွင် တွေ့ရှိရသည်။ ဥရောပမှ ပြင်သစ်၊ ဂျာမနီ၊ ချက်နှင့် ဆွီဒင်နိုင်ငံတို့တွင် ရာသီဥတုပြောင်းလဲမှုနှင့် ဆက်စပ်သည့် bark beetle (ပိုးတောင်မာ တစ်မျိုး)ပေါက်ပွားပျံ့နှံ့မှု၊ မိုးခေါင်မှုနှင့် သစ်ပင်သေဆုံးမှု တိုးမြင့်လာခြင်းတို့ကြောင့် ကုန်းမြေမှ ကာဗွန်စုပ်ယူမှု သိသာစွာ ကျဆင်းခဲ့သည်ကို ကြုံတွေ့ခဲ့ရသည်။

 

ဖွံ့ဖြိုးပြီးနိုင်ငံများအနက် ကာဗွန်ထုတ်လွှတ်မှုနှင့် ဖယ်ရှားမှု မျှတရေး ရည်မှန်းချက်အကြီးမားဆုံး ဖင်လန် နိုင်ငံသည် မကြာသေးမီနှစ်များအတွင်း ကုန်းမြေမှ ကြီးမားသော ကာဗွန်စုပ်ယူမှု ရုတ်တရက် ပျောက်ကွယ် သွားသည်ကို တွေ့ခဲ့ရသည်။ လုပ်ငန်းနယ်ပယ်အားလုံး၏ ကာဗွန်ထုတ်လွှတ်မှု ၄၃% ကို လျှော့ချနိုင်ခဲ့သော်လည်း နိုင်ငံ၏ စုစုပေါင်း ထုတ်လွှတ်မှုမှာ မပြောင်းလဲသေးဟု ဆိုလိုခြင်းပင်ဖြစ်သည်။

 

ယခုအချိန်ထိ ၎င်းအပြောင်းအလဲများသည် ဒေသအလိုက် ပြောင်းလဲမှုများ ဖြစ်သည်။ တရုတ်နှင့် အမေရိကန်ကဲ့သို့သော နိုင်ငံများတွင် ၎င်းကဲ့သို့သော ကျဆင်းမှုများ မတွေ့ရသေးပါ။

 

သဘာဝစုပ်ယူမှုတွေရဲ့ ပြဿနာကို ဘယ်တုန်းကမှ နိုင်ငံရေးနဲ့ အစိုးရနယ်ပယ်မှာ တကယ် တွေးမထား ခဲ့ကြပါဘူး။ သဘာဝစုပ်ယူမှုတွေဟာ ကျွန်တော်တို့နဲ့ အမြဲရှိနေမယ်လို့ပဲ ယူဆထားခဲ့ကြတာပါ။ အမှန်ကတော့ ဒါတွေကို ကျွန်တော်တို့ တကယ် နားမလည်ခဲ့ကြတာပါ။ သဘာဝစုပ်ယူမှုတွေ ကျွန်တော်တို့နဲ့ အမြဲတမ်း ရှိနေမယ်လို့ မထင်ပါဘူး။ ရာသီဥတုပြောင်းလဲမှုကြောင့် သူတို့ မှီခိုအားထားခဲ့တဲ့ သဘာဝစုပ်ယူမှုတွေ အလုပ်မလုပ် တော့ဘူးဆိုရင် ဘာတွေဖြစ်လာနိုင်သလဲ။” ဟု Watson က မေးသည်။

 

မကြာသေးမီနှစ်များအတွင်းက သစ်တောများနှင့် သဘာဝ ဂေဟစနစ်များမှ စုပ်ယူသည့် ကာဗွန်ပမာဏ မြင့်မားလာစေရန် မည်ကဲ့သို့ လုပ်ဆောင်ရမည်ဆိုသည့် ခန့်မှန်းတွက်ဆချက်တို့ကို ထုတ်ဝေဖြန့်ချိမှု အများအပြား ပြုလုပ်ခဲ့ကြသည်။ သို့သော် အမှန်တကယ် စိန်ခေါ်မှုမှာ သစ်တောဖြုန်းတီးမှု ရပ်တန့်ခြင်း၊ ကာဗွန်ထုတ်လုပ်မှု ဖြတ်တောက်ခြင်း၊ သဘာဝ ကာဗွန်စုပ်ယူများကို ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ခြင်းတို့ပြုလုပ်ခြင်းဖြင့် ရှိနှင့်ပြီးဖြစ်သော ကာဗွန်စုပ်ယူ၊ သိုလှောင်မှုများကို ကာကွယ်ရေးဖြစ်သည်ဟု သုတေသီအများအပြားက ဆိုသည်။

 

ကာဗွန်စုပ်ယူဖို့ သဘာဝသစ်တောတွေကိုပဲ မှီခိုအားထား မနေသင့်ပါဘူး။ ကဏ္ဍအသီးသီးက ရုပ်ကြွင်းလောင်စာ ကာဗွန်ထုတ်လွှတ်မှုဆိုတဲ့ ပြဿနာကြီးကို တကယ့် တကယ် ဖြေရှင်းဖို့ လိုပါတယ်။” ဟု နှစ်ပတ်လည် ကမ္ဘာလုံးဆိုင်ရာ ကာဗွန် ထုတ်လုပ်၊ ဖယ်ရှားမှု တွက်ချက်ရေး ကြီးကြပ်သူ Exeter တက္ကသိုလ်မှ ပါမောက္ခ Pierre Friedlingstein က ပြောသည်။

 

ကျွန်တော်တို့မှာ သစ်တောတွေရှိတာပဲ၊ သစ်တောတွေက ကာဗွန်ဒိုင်အောက်ဆိုဒ်တွေ ဖယ်ပေးမှာပေါ့လို့ ယူဆထားလို့ မရပါဘူး။ ဘာကြောင့်လဲဆိုတော့ ဒီနည်းလမ်းက ရေရှည်မှာ အလုပ်ဖြစ်မှာ မဟုတ်လို့ပါ။”

 

ကိုးကား - The Guardian

 

ပုံစာ - Barents မှ Phytoplankton (အပင်မျှောလှေး)။ ပင်လယ်ရေခဲများ အရည်ပျော်ခြင်းကြောင့် ရေညှိ ရေမှော်စားသုံးသည့် zooplankton များက နေရောင်နှင့် ပိုမိုထိတွေ့လာရပြီး ပင်လယ်ကြမ်းပြင်သို့ ကာဗွန်စုပုံသိုလှောင်မှု လျော့ကျစေသည်။ (Photo: Nasa/Alamy)

Burma Associated Press

 

ကာဘွန်ဒိုင်အောက်ဆိုဒ်
ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ကပ်ဘေး
ဖန်လုံအိမ် ဓာတ်ငွေ့ထုတ်လွှတ်မှုနှင့် ဖယ်ရှားမှု မျှခြေ

Share With
bap-logo