bap-logo
Weather

ပြီးခဲ့သည့် နှစ်နှစ်အတွင်း စံချိန်တင် အပူမြင့်တက်မှုအပေါ် သိပ္ပံပညာရှင်တို့၏ ရှင်းလင်းတင်ပြချက် အသစ်ထွက်ပေါ်

FahOXEgTqGomsSVyjvswS-image

လွန်ခဲ့သော ၂၀ ရက် က

BAP၊ ဘာသာပြန်။



အပူချိန်မြင့်တက်မှုကြောင့် တိမ်ဖုံးအုပ်မှု လျော့ကျလာစေပြီး ၎င်းလျော့ကျမှုက အပူချိန်မြင့်တက်စေသည့် သံသရာ ဖြစ်လာစေနိုင်သည်။

ပြီးခဲ့သည့်နှစ်အနည်းငယ်အတွင်း ကမ္ဘာ့အပူချိန် မြင့်တက်လာသည်ကို သိပ္ပံပညာရှင်များက စောင့်ကြည့်ခဲ့ပြီး စိုးရိမ်တုန်လှုပ်ခဲ့ကြသည်။ ၂၀၂၃ နှင့် ၂၀၂၄ ခုနှစ်တို့တွင် ၁.၅ ဒီဂရီ ဆဲလ်စီးရပ် ဝန်းကျင်သို့ ရောက်ရှိခဲ့ပြီး စက်မှုခေတ်မတိုင်မီ ပျမ်းမျှအပူချိန်ထက် မြင့်တက်ခဲ့သည်။ ၎င်းစံချိန်တင် ပူပြင်းမှုကို နည်းလမ်းအချို့အရ ကြိုတင်မျှော်လင့်ထားခဲ့ကြသည်။ ကမ္ဘာမြေကို အေးမြစေသည့် လေထုညစ်ညမ်းမှုများ လျော့ကျလာခြင်းနှင့် အယ်နီညိုဖြစ်စဉ်တို့ ပေါင်းစပ်ကာ အပူချိန်ကို တစ်ဟုန်ထိုး မြင့်တက်စေမည်ဟု သိပ္ပံပညာရှင်များက ကြိုတင်ခန့်မှန်းခဲ့ကြသည်။

၎င်းအချက်များကို သိရှိထားသော်လည်း ကမ္ဘာကြီး၏ မကြာသေးခင်ကာလများအတွင်း စံချိန်တင် ပူပြင်းမှုကို လုံလောက်စွာ ရှင်းလင်း မပြနိုင်ခဲ့ဟု သိပ္ပံပညာရှင်များက ပြောသည်။



ကမ္ဘာမြေ၏ ယေဘုယျ စွမ်းအင် ဟန်ချက်ပျက်မှုဖြစ်သည့် ကမ္ဘာဂြိုဟ်မှ စုပ်ယူသည့် အပူပမာဏနှင့် ထုတ်လွှတ်သည့် ပမာဏ ကွာခြားချက်ကလည်း ဆက်လက်မြင့်မားလာသည့်အတွက် သိပ္ပံပညာရှင်များက စိုးရိမ်နေကြသည်။ စွမ်းအင် ဟန်ချက်ပျက်မှုက ကမ္ဘာ့ပူနွေးမှုကို ဖြစ်စေသည်။ ၎င်းမြင့်တက်လာလျှင် ကမ္ဘာ့အပူချိန်လည်း လိုက်ပါမြင့်တက်လာမည်ဟု သိပ္ပံပညာရှင်များက မျှော်လင့်ထားကြသည်။



လေ့လာချက်အသစ်နှစ်ခုတွင် တွေ့ရှိရသည့် အလားအလာရှိသည့် ရှင်းလင်းချက်တစ်ခုမှာ တိမ်များ လျော့နည်း လာခြင်းကြောင့်ဖြစ်သည်ဟု ဆိုသည်။ တိမ်ဖုံးအုပ်မှု ကျဆင်းလာခြင်းက ပို၍ ပူနွေးလာစေမည်ဖြစ်ကာ (အပူမြင့်-တိမ်လျော့နည်း၊ တိမ်လျော့နည်း-အပူမြင့်) သံသရာလည်စေမည်ဟု သုတေသီများက ဆိုသည်။



ကျွန်တော်တို့ ဦးတည်နေတဲ့ လားရာပဟေဠိရဲ့ အစိတ်အပိုင်းတစ်ခုကို ပေါင်းထည့်နိုင်ခဲ့ပါတယ်။” ဟု ဂျာမနီနိုင်ငံ Alfred Wegener Institute မှ ရာသီဥတု ရူပပညာရှင် Helge Goessling က ဗီဒီယိုအင်တာဗျူးတစ်ခုတွင် ပြောသည်။



ကမ္ဘာဂြိုဟ်၏ အနာဂတ်ကို ခန့်မှန်းရာတွင် အထောက်အကူပြုသည့် ကြီးမားကျယ်ပြန့်သော ရာသီဥတုပုံစံများကို တိမ်များက ပါဝင်လွှမ်းမိုးထားသည်။ သိပ္ပံပညာရှင်များက တိမ်များ မည်ကဲ့သို့ ပါဝင်လွှမ်းမိုးထားကြောင်း သိရှိရန် နှစ်များစွာ ခက်ခက်ခဲခဲ ကြိုးပမ်းခဲ့ကြရသည်။ တိမ်များသည် ရာသီဥတုစနစ်ကို နည်းလမ်းနှစ်မျိုးဖြင့် ရိုက်ခတ်သက်ရောက်မှုရှိသည်။ ပထမတစ်ခုမှာ ၎င်းတိမ်များ၏ အဖြူရောင် မျက်နှာပြင်က နေ၏ အလင်းကို အလင်းပြန်စေပြီး ကမ္ဘာဂြိုဟ်ကို အေးမြစေသည်။ သို့ရာတွင် တိမ်များက ခြုံစောင်ကဲ့သို့လည်း လုပ်ဆောင်သေးသည်။ ဖန်လုံအိမ်ဓာတ်ငွေ့များကဲ့သို့ပင် အနီအောက်ရောင်ခြည်များကို ကမ္ဘာဂြိုဟ်၏ မျက်နှာပြင်သို့ ရောင်ပြန်ဟပ်စေခြင်းဖြစ်သည်။



မည်သည့်အချက်က အသာစီးရမည်ဆိုသည်မှာ တိမ်အမျိုးအစားနှင့် (ပင်လယ်ရေမျက်နှာပြင်အထက်) အမြင့်ပေါ်တွင် မူတည်သည်။ မြင့်မားပြီး သေးငယ်ပါးလွှာသည့် တိမ်များသည် ကမ္ဘာဂြိုဟ်အတွက် ပူနွေးသည့် အကျိုးသက်ရောက်မှု ပို၍ ဖြစ်စေသည်။ နိမ့်၍ ပွယောင်းသော တိမ်တောင်များက ပို၍ အေးမြသည့် အကျိုးသက်ရောက်မှုရှိသည်။



တိမ်တွေဟာ ရာသီဥတုစနစ်အတွက် ကြီးမားတဲ့ ‌မောင်းတံကြီးတစ်ခုပါပဲ။” Boulder ရှိ University of Colorado မှ တွဲဖက် သိပ္ပံပညာရှင် Andrew Gettelman က ပြောသည်။ "တိမ်တွေထဲမှာ အပြောင်းအလဲ အနည်းငယ်ဖြစ်တာနဲ့ ကမ္ဘာဂြိုဟ် ဘယ်လောက်ထိ ပူနွေးလာမလဲဆိုတဲ့ ကြီးမားတဲ့ အပြောင်းအလဲကြီး ဖြစ်စေနိုင်တယ်။”



ကမ္ဘာကြီးပူနွေးမှုနှုန်း မြင့်တက်လာခြင်း



ကမ္ဘာကြီးပူနွေးလာသည်နှင့်အမျှ တိမ်များက မည်ကဲ့သို့ ပြောင်းလဲပေးနေကြောင်းကို သုတေသီများက အတိအကျ ဖော်ထုတ်လာကြသည်။ ဒီဇင်ဘာလတွင် ဖြန့်ချိခဲ့သော Science ဂျာနယ်မှ Goessling လေ့လာချက်တွင် ပြီးခဲ့သည့် ဆယ်စုနှစ်များအတွင်း တိမ်များ မည်ကဲ့သို့ ပြောင်းလဲလာသည်ကို သုတေသီတို့က အကဲဖြတ်ဆန်းစစ်ထားသည်။

 

၎င်းတို့က အမြင့်ပေနိမ့်သည့် တိမ်များ တဖြည်းဖြည်းချင်း နည်းပါးလားကြောင်း တွေ့ရှိခဲ့သည်။ ထိုသို့နည်းပါးလာခြင်းက ကမ္ဘာဂြိုဟ်၏ အလင်းပြန်နိုင်စွမ်းကိုလည်း လျော့ကျစေသည်။ ၂၀၂၃ ခုနှစ်တွင် စက်မှုခေတ်မတိုင်မီ ပျမ်းမျှအပူချိန်ထက် ၁.၄၈ ဒီဂရီ ဆဲလ်စီးရပ် ရှိခဲ့ပြီး ၁၉၄၀ နောက်ပိုင်း အနိမ့်ဆုံး albedo ဖြစ်သည်။ (albedo ဆိုသည်မှာ မျက်နှာပြင်တစ်ခု၏ အလင်းပြန်နိုင်မှုကို တိုင်းတာသည့် ပမာဏဖြစ်သည်။)



အတိုချုပ်အားဖြင့် ကမ္ဘာကြီးက ပိုမို မှောင်မိုက်လာနေသည်။



Goessling နှင့် တွဲဖက်ရေးသားသူတို့ တွက်ချက်မှုအရ ၎င်း albedo နိမ့်ကျခြင်းက ၂၀၂၃ ခုနှစ် စံချိန်တင် အပူချိန်မြင့်တက်ခြင်းတွင် ၀.၂ ဒီဂရီ ဆဲလ်စီးရပ် ပါဝင်ပေါင်းစပ်လာခဲ့သည်။ ၎င်းပမာဏမှာ ယခင်က ရှင်းလင်းတင်ပြနိုင်ခြင်းမရှိသေးသော ပမာဏနှင့် အကြမ်းဖျဉ်းတူညီနေသည်။ "၀.၂ ဒီဂရီဆိုတဲ့ ကိန်းဂဏန်းက 'မသိရှိရသေးသည့် ပူနွေးမှုပမာဏ’ နဲ့ အတန်အသင့် ကိုက်ညီနေပါတယ်။” ဟု Goessling က ဆိုသည်။



၎င်းလျော့ကျမှုမှာ မည်သည့်အတွက်ကြောင့် ဖြစ်ရသည်ကို သုတေသီများ အတိအကျ မသိရသေးပါ။

 

လေထုညစ်ညမ်းမှုလျော့ကျလာခြင်းကြောင့်ဟု အချို့က ယုံကြည်ကြသည်။ လေထဲတွင် အမှုန်အမွှားများ ရှိနေသည့်အခါ ရေစက်လေးများ တွယ်ကပ်ရန် လွယ်ကူစေပြီး တိမ်တွေ ဖြစ်ပေါ်စေခြင်းကြောင့် ယင်းကဲ့သို့ ယုံကြည်ကြခြင်းဖြစ်သည်။



အခြားသော ဖြစ်နိုင်ခြေတစ်ခုမှာ ပူနွေးလာသည့် အပူချိန် သံသရာ လည်ပတ်ခြင်းကြောင့် ဖြစ်နိုင်ကြောင်း Goessling က ပြောသည်။ တိမ်များဖြစ်ပေါ်ရန် စိုထိုင်းမှု လိုအပ်သည်။ စိုထိုင်းသော Stratocumulus တိမ်များသည် ခြောက်သွေ့သော လေထုအလွှာ၏ အောက်ကပ်လျက် တစ်မိုင်အမြင့်တွင် ရှိကြသည်။



(Stratocumulus တိမ် ဆိုသည်မှာ လေးလံပြီး ပြန့်ကျဲနေသည့် တောက်ပသော အဖြူရောင်မှ မီးခိုးရင့်ရောင်အထိ ရှိနိုင်သည့်တိမ်များဖြစ်သည်။) ပူနွေးသည့်အချိန်တွင် အောက်ဘက်မှ ပူနွေးသည့်လေများက ၎င်းခြောက်သွေ့သည့်အလွှာကို အနှောက်အယှက်ဖြစ်စေပြီး ၎င်းတို့နှင့် ရောယှက်ကာ စိုစွတ်သည့် တိမ်များ ဖွဲ့စည်းရန် ခက်ခဲစေသည်။



သို့သော် ၎င်းအပြောင်းအလဲများမှာ ခန့်မှန်းရ ခက်ခဲပြီး ရာသီဥတုပုံစံအားလုံးက တူညီသည့်အပြောင်းအလဲများကို ပြသကြသည် မဟုတ်ပေ။ "တကယ် လုပ်ရ ကိုင်ရ ခက်ပါတယ်။” ဟု Goessling က ဆိုသည်။



အခြားသော သိပ္ပံပညာရှင်များကလည်း တိမ်ဖုံးအုပ်မှု လျော့နည်းလာခြင်းကို တွေ့ရှိခဲ့ကြသည်။ ပြီးခဲ့သည့် ဆယ်စုနှစ်နှစ်ခုအတွင်း ကမ္ဘာမြေ၏ တိမ်အထူဆုံး နယ်မြေများ ကျုံ့ဝင်လျော့နည်းလာကြောင်း ဒီဇင်ဘာလတွင်း သိပ္ပံညီလာခံတစ်ခုတွင် တင်ပြခဲ့သည့် ပုံနှိပ်မှုမတိုင်မီ အကြိုလေ့လာချက်တစ်ခုတွင် နာဆာမှ သုတေသီတစ်စုက တွေ့ရှိဖော်ပြခဲ့သည်။ ၎င်းတိမ်အထူဆုံးနယ်မြေများမှာ နေရာဒေသသုံးခုတွင် ပျံ့နှံ့တည်ရှိပြီး ကမ္ဘာ၏ အီကွေတာဝန်းကျင်တွင် တစ်ခု၊ မြောက်နှင့် တောင်ကမ္ဘာခြမ်းမှ မုန်တိုင်းထူထပ်သော အလယ်ပိုင်း လတ္တီတွဒ် နယ်မြေများအနီးဝန်းကျင်တွင် နှစ်ခုတည်ရှိသည်။ ၎င်းတို့သည် ၂၀၀၀ ခုနှစ်မှ စတင်ကာ ကျဉ်းမြောင်းလာပြီး ကမ္ဘာမြေ၏ အလင်းပြန်နိုင်မှု လျော့ကျလာကာ ပူနွေးလာစေသည်။



လွန်ခဲ့သည့် ဆယ်စုနှစ် နှစ်ခုအတွင်း ကမ္ဘာကြီး၏ စွမ်းအင် ဟန်ချက်ပျက်မှု မည်ကဲ့သို့ တိုးမြင့်လာစေပုံကို တိမ်ဖုံးအုပ်မှု လျော့နည်းလာခြင်းက ရှင်းပြနိုင်ကြောင်း နာဆာ၏ Goddard Institute for Space Studies မှ ရာသီဥတု သိပ္ပံပညာရှင်၊ ပုံနှိပ်မှုမတိုင်မီ အကြိုလေ့လာချက် ဦးဆောင်ရေးသားသူလည်းဖြစ်သူ George Tselioudis က ပြောသည်။ ယေဘုယျအားဖြင့် ၎င်းဒေသများတွင် တိမ်ဖုံးအုပ်မှု ဆယ်စုနှစ် တစ်ခုလျှင် ၁.၅ ရာခိုင်နှုန်း ကျုံ့ဝင်လာနေသည့်အတွက် ကမ္ဘာကြီး ပူနွေးလာစေသည်ဟု ၎င်းက ဆိုသည်။



ပူနွေးလာမှုက ၎င်းတိမ်ထူထပ်သည့် နယ်မြေများကို ဘောင်ခတ်ချုပ်ချယ်မှု ဖြစ်စေနိုင်သည့်အတွက်ကြောင့် ကမ္ဘာဂြိုဟ် ပူနွေးလာစေသည်ဟု Tselioudis က ဆိုသည်။ "တိမ်သံသရာလည်ပတ်မှုက (ပူနွေးလာမှုကို) အကျိုးပြုသက်ရောက်မှုရှိတယ်လို့ ကျွန်တော်တို့ အမြဲ နားလည်ထားခဲ့ပါတယ်။ ပူနွေးလာလေ ပိုပြီးအားကောင်းတဲ့ သက်ရောက်မှု ရှိလေဖြစ်ပါတယ်။” ဟု ၎င်းက ဆိုသည်။ "ဒါက တိမ်တွေဘာကြောင့် ဒီလို ပြောင်းလဲလာရသလဲဆိုတဲ့အပိုင်းကိုရှင်းပြနိုင်လာပါတယ်။”



သံသရာလည်ပတ်ခြင်း၏ အစိတ်အပိုင်းအဖြစ် တိမ်များ ပြောင်းလဲလာရသည်ဆိုလျှင် ကမ္ဘာတစ်လွှား ဘီလီယံချီသော လူများအတွက် အပူချိန်လွန်ကဲသည့် ပိုမိုပူနွေးမှုများ ဖြစ်ပေါ်လာမည်ကို တိမ်များက ညွှန်ပြန်နေကြောင်း သိပ္ပံပညာရှင်များက သတိပေးသည်။ ရာသီဥတုပုံစံများက ခန့်မှန်းထားသည့်အတိုင်း အလွန်မြင့်မားသော အပူချိန်သို့ ရောက်ရှိလာမည်ဆိုသည့် အယူအဆကို ပူပြင်းသည့်ခုနှစ်များက ပြသခဲ့ပြီးဖြစ်သည်။ ၎င်းအယူအဆကို အချို့သုတေသီများကလည်း လက်ခံလာပြီဖြစ်သည်။ သို့ဆိုလျှင် ကမ္ဘာဂြိုဟ်သည် ယခုဆယ်စုနှစ်နောင်းပိုင်းတွင် ၁.၅ ဒီဂရီ ဆဲလ်စီးရပ်ကို ကျော်လွန်သွားမည်ဖြစ်သည်။



ကမ္ဘာဂြိုဟ် ဆက်လက်ပူနွေးနေသည်နှင့်အမျှ ၎င်းအကျိုးသက်ရောက်မှုများကို နားလည်ရန် အပူတပြင်း ကြိုးပမ်းနေကြသည်ဟု သုတေသီများက ဆိုသည်။ "အတိမ်းအစောင်းမခံတဲ့ ကာလပါ။” ဟု Goessling က ဆိုသည်။ "ခိုင်မာအားကောင်းတဲ့ ရာသီဥတု အချက်ပေးချက်တစ်ခု ရှိနေပါပြီ။ တစ်နှစ်ထက် တစ်နှစ် အဲဒီ အချက်ပေးမှုက ပိုပြီး ခိုင်မာ အားကောင်းလာနေပါတယ်။”



ကိုးကား - The Washington Post



ပုံစာ - ArlingtonVA ရှိ လေ့လာရေးစင်တစ်ခုရှိ တိမ်များကို မြင်ရသော မှန်ပေါ်တွင် အရိပ်ထင်နေသည့် လူများ။

 

(Matt McClain/The Washington Post)



Burma Associated Press

 

သိပ္ပံပညာရှင်
ကမ္ဘာ
အပူ

Share With
bap-logo