Local News
စစ်ကောင်စီ၏ မယ်စလောင်းတောင်စခန်းကို KNDF ပူးပေါင်းအဖွဲ့များသိမ်းပိုက်
လွန်ခဲ့သော ၂ နှစ် က
ဇန်နဝါရီ ၂၁
ကရင်နီပြည်နယ်၊ ဘောလခဲမြို့နယ်၊ နန်းဖဲကျေးရွာအနီးရှိ မယ်စလောင်းတောင်ကုန်းပေါ်တွင် အခိုင်အမာ တပ်ချထားသော စစ်ကောင်စီ၏ တပ်စခန်းကိုဇန်နဝါရီလ ၂၀ ရက်တွင် KNDF ပူးပေါင်းအဖွဲ့များ သိမ်းပိုက်ရရှိကြောင်းKNDF ဗဟိုသတင်းနှင့် ပြန်ကြားရေးဌာနက ယနေ့သတင်းထုတ်ပြန်သည်။
ဘောလခဲမြို့နယ်အတွင်း စစ်ရေးအရအရေးပါ၍ နှစ်ပေါင်းများစွာ အခိုင်အမာတပ်ချကာ ခြေကုပ်ယူထားသော စစ်ကောင်စီ၏ မယ်စလောင်းတောင်စခန်းကုန်းအား ချေမှုန်းသိမ်းပိုက်ယူနိုင်ခြင်း ဖြစ်ကြောင်း သိရသည်။
ယမန်နေ့တွင် နှစ်ဖက် အပြန်အလှန်ပစ်ခက်မှုများအပြီး ကရင်နီပူပေါင်းတပ်ဖွဲ့များက စစ်ကောင်စီ၏ မယ်စလောင်းတောင် စခန်းကုန်းကို ချေမှုန်းသိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
ထို့အပြင် စခန်းအတွင်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များထဲမှ သေဆုံးနေသူ ၅ ဦး၏ ရုပ်အလောင်းများကို ရှင်းလင်းခဲ့ပြီး ကျန်တပ်ဖွဲ့ဝင်များမှာ စခန်းအားစွန့်ခွာထွက်ပြေးသွားကြောင်း ထုတ်ပြန်သည်။
စစ်ကောင်စီတပ်ဖွဲ့ဖက်မှ တိုက်လေယာဥ်ဖြင့် (၃)ကြိမ် လာရောက်ပစ်ကူပေးခဲ့ပြီး ဘောလခဲမြို့ အခြေစိုက် တပ်များဖက်မှလည်း လက်နက်ကြီးများအဆမတန် အသုံးပြုကာ ပစ်ကူပေးခဲ့သော်လည်း စခန်းကို ကရင်နီ ပူးပေါင်းတပ်များ မှ မီးရှို့ဖျက်ဆီးနိုင်ကြောင်းသိရသည်။
အဆိုပါ စခန်းသိမ်းတိုက်ပွဲအတွင်း ကရင်နီတပ်ပေါင်းစုများဖြစ်သည့် Karenni Commando၊ KA၊ KNDF B(15)၊ KNDF B(16)၊ KNDF B (09)၊ Loikaw PDF၊ DMO PDF တို့ ပူးပေါင်းကာ ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
မယ်စလောင်းတောင်စခန်းကနေ စစ်ကောင်စီတပ်ဖွဲ့များ အသုံးပြုခဲ့သော (၆၀)မမ စိန်ပြောင်း (၂)လက်၊ RPG (၁)လက်၊ MA-1 (၁)လက် ၊MA -2 (၁)လက်၊ MA-3 (၁)လက်၊ MA-4 79တွဲ (၁)လက်၊ 9mm (၁)လက်၊ ငါကြင်းမြီး (၁)လက်၊ စနှိုက်ပါ (၁)လက်၊ မိုင်းများ၊ ခဲယမ်းကျည်ဆံများ၊ အခြား အသုံးအဆောင် ပစ္စည်းများအား သိမ်းဆည်းရရှိကြောင်း သိရသည်။
မယ်စလောင်းတောင်စခန်းကုန်း သိမ်းပိုက်နိုင်ခဲ့သည့် တိုက်ပွဲအတွင်း ကရင်နီတပ်မတော် (KA)မှ ရဲဘော် (၁)ဦး မြင့်မြတ်စွာ ကျဆုံးခဲ့ရပြီး ကျဆုံးသွားသော ရဲဘော်ကို အာဇာနည်သူရဲကောင်းအဖြစ် လေးစားအသိမှတ်ပြု သမိုင်းမှတ်တမ်းတင်ကြောင်းပါဝင်သည်။
ယင်းအပြင် ဘောလခဲမြို့တွင်းရှိ စစ်ကောင်စီ၏ ခြေကုပ် စခန်းအချို့ကို KA ၊ KNDF B (21) ၊ KNDF B (10)၊ ဘောလခဲ PDF တို့ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ထိခိုက်သေဆုံးမှုကို အတည်မပြုနိုင်သေးကြောင်းသိရသည်။
Photos- KNDF
Top News
လွန်ခဲ့သော ၆ ရက် က
လွန်ခဲ့သော ၇ ရက် က
လွန်ခဲ့သော ၁၁ ရက် က