Opinion
ဗိုလ်ချုပ်မှူးကြီး ဥက္ကဌထံပေးစာ (၉၉)
လွန်ခဲ့သော ၂ နှစ် က
ဗိုလ်ချုပ်မှူးကြီးဥက္ကဌခင်ဗျာ
ကချင်ပြည် ပူတာအိုဘက်ကို ခြေဦးလှည့်ဖို့ အဆင်သင့်မဖြစ်သေးတဲ့ ဗိုလ်ချုပ်မှူးကြီးဥက္ကဌဟာ မြစ်ဆုံကို မျက်စောင်းစထိုးလာပါပြီ။
ဒါဟာ ၂၄ နာရီ ဝန်ဆောင်မှုရတဲ့ ဗွီဗွီအိုင်ပီလိုင်း မချိတ်နိုင်တဲ့ မြန်မာပြည်သူတွေကို မီးမှန်မှန်ရစေချင်တဲ့ စေတနာ တော့ ဟုတ်မယ်မထင်ပါဘူး။
ရုစကီးတွေဆီ အကပ်များသွားလို့ ငယ်ပေါင်းဖြစ်တဲ့ ပေါက်ဖော်ကြီးထံ မျက်နှာချို လှမ်းသွေးတယ်လို့ပဲ မှတ်ပါတယ်။ ပေါက်ဖော်ကြီးကလည်း မကြာခင်ကပဲ အိမ်လည်လာသွားသေးတယ်မဟုတ်လား။
ဒါနဲ့ ဟိုရက်ပိုင်းသတင်းတွေထဲမှာ ဗိုလ်ချုပ်မှူးကြီးဥက္ကဌတစ်ယောက် ဒီလောက်ဆူပွက်နေတဲ့ တိုင်းပြည်ထဲကမှ အင်မတန်အေးချမ်းတဲ့ တိုင်းတစ်ခုကို ထုတ်ဖော်ချီးမွမ်းတာတွေ့လိုက်မိတယ်။
ဧရာဝတီတိုင်းဆိုတာ ငြိမ်ချမ်းတာလည်းမပြောနဲ့ နာနာဘာဝနှင်ရင်တောင် သေနတ်ဖောက်ပြီးနှင်တဲ့ တိုင်းမဟုတ်လား။
မောင်သိန်းအောင်ဆိုတဲ့ ဝန်ကြီးချုပ်ကြီးကဆို ဗိုလ်ချုပ်မှူးကြီးဥက္ကဌရဲ့ စီနီယာ ဘုရားဒကာ ဦးသန်းရွှေဟာ တိုင်းဧရာအတွက် ဘုရားလို့တောင် ထုတ်ပြောခဲ့သေးသကိုး။ ဘုရားပွင့်တဲ့ ဒေသဆိုတော့လည်း အေးချမ်းပေမပေါ့ ဗိုလ်ချုပ်မှူးကြီးဥက္ကဌခင်ဗျာ။
သို့သော်လည်း ဗိုလ်ချုပ်မှူးကြီးဥက္ကဌ နေပြည်တော်ကထွက်လိုက်ရင်တော့ ဧရာဝတီတိုင်းကထွက် သူပုန်တွေကို အဖွဲ့အသီးသီး နေရာဒေသ အသီးသီးမှာတွေ့ရမှာပါ။
ဘုရားဆိုလို့ ဗိုလ်ချုပ်မှူးကြီးဥက္ကဌတို့ လက်ထက်မှာ လူတွေတင် ထောက်ခံစာ ပြရတော့တာမဟုတ်ဘဲ ဘုရားတောင် ဘုရားဖြစ်ကြောင်း ထောက်ခံစာ ပြနေရတာကို နေ့စဉ်ထုတ်သတင်းစာတွေမှာ ဓာတ်ပုံဝေဝေဆာဆာနဲ့ တွေ့တွေ့ နေရတော့ သာဓုအကြိမ်ကြိမ် ခေါ်မိပါတယ်။
ကျောက်စာပေါ်က ပိဋကတ်တော်တွေကို ဖတ်ချင်ယောင်ဆောင် အဲလေ ဖတ်နေကြတဲ့ ရဟန်းရှင်လူတွေကို မြင်မိတော့ အဲလူတွေ အကုန်လုံး နိဗ္ဗာန်ရောက်ကုန်ပြီး မောင်စက တစ်ယောက်ထဲ ကျန်နေရစ်မှာတောင် စိုးရိမ်မိလာပါတယ်။
‘ရွှေမရှိတဲ့ဘုရား လူမရိုသေ’ ဆိုတဲ့ သီဝရီတွေကို ဗိုလ်ချုပ်မှူးကြီးက ရိုက်ချိုး ပြလိုက်တာပေါ့။ ရွေမရှိပေ လို့သာပေါ့၊ ဒီကာလရွှေဈေးနဲ့ ဒီဘုရားသာ ရွှေသင်္ကန်းကပ်ရမယ်ဆို ဘုရားနဲ့ ဘုရားဒကာကို စွန့်လို့ ဒီနိုင်ငံက ခရီနီတွေလည်း ဒီတိုင်းပြည်ကနေ ထွက်ပြေးလောက်ပါရဲ့။
အာဏာရှင်တွေ လက်အောက်မှာတော့ ဘုရားတွေလည်း ကြံရာပါ ဖြစ်ရတော့တာပါပဲမဟုတ်လားလို့ ပြောရင်း စာကိုအဆုံးသတ်လိုက်ပါတယ်။
ပြည်သူထောင်စု သမ္မတနိုင်ငံထဲက ဂျန်နရေးရှင်းစက
Top News
လွန်ခဲ့သော ၁၇ ရက် က
လွန်ခဲ့သော ၂၁ ရက် က
လွန်ခဲ့သော ၂၁ ရက် က